သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အယ်လ်ခိုင်းဒါး နံပါတ် ၂ ခေါင်းဆောင် သေဆုံး


အယ်လ်ခိုင်းဒါး နံပါတ် ၂ ခေါင်းဆောင် သေဆုံး

အယ်လ်ခိုင်းဒါးအဖွဲ့ရဲ့ နံပါတ် ၂ ခေါင်းဆောင် အာတီယာ အက်ဘ်ဒဲလ် ရာမန် (Atiyah Abd al-Rahman) ပါကစ္စတန်မှာ သေဆုံးသွားပြီလို့ အမေရိကန် တာဝန်ရှိသူတယောက်က ပြောပါတယ်။

တာလီဘန်တွေ၊ အယ်လ်ခိုင်းဒါးနဲ့ ဆက်နွယ်နေတဲ့ စစ်သွေးကြွတွေ ပုန်းခိုရာလို့ သိကြတဲ့ ပါကစ္စတန် အနောက်မြောက်ပိုင်း မျိုးနွယ်စုတွေနေထိုင်ရာ ၀ါဇီရစ္စတန်ဒေသမှာ သြဂုတ်လ ၂၂ ရက်နေ့က ရာမန် သေဆုံးခဲ့တာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ အမေရိကန်အရာရှိက ပြောပါတယ်။ ရာမန် ဘယ်လိုသေဆုံးခဲ့လဲ ဆိုတာကိုတော့ ပြောကြားခြင်း မရှိပါဘူး။

သြဂုတ်လ ၂၂ ရက်နေ့တုန်းကတော့ မြောက် ဝါဇီရစ္စတန်ဒေသ မီရာ အာလီ (Mir Ali) မြို့နားမှာ အမေရိကန်တို့ရဲ့ အဝေးထိန်း ဒုံးလေယာဉ်ကြောင့် စစ်သွေးကြွလို့ မသင်္ကာသူ ၄ ယောက် သေဆုံးခဲ့တယ်လို့ ပါကစ္စတန် လုံခြုံရေးတာဝန်ရှိသူတွေက ပြောပါတယ်။

မေလတုန်းက အမေရိကန် အထူးကွန်မန်ဒိုတွေက အယ်လ်ကိုင်းဒါးခေါင်းဆောင် အိုဆာမာ ဘင်လာဒင် (Osama bin Laden) ကို ပါကစ္စတန်မှာ သုတ်သင်ခဲ့ပြီးနောက်မှာ အာတီယာ အက်ဘ်ဒဲလ် ရာမန် ဟာ အယ်လ်ခိုင်းဒါးအဖွဲ့ရဲ့ ဒုတိယခေါင်းဆောင်နေရာကို ရောက်လာတာဖြစ်ပါတယ်။

ဘင်လာဒင်နေရာကို ယူဖို့အတွက်တော့ အယ်လ်ခိုင်ဒါးအဖွဲ့က အိုင်မန် အယ်လ်-ဇာဝါရီ (Ayman al-Zawahri) ကို အယ်လ်ခိုင်းဒါးအဖွဲ့က ဇွန်လမှာ ရွေးချယ်ခဲ့ပါတယ်။ အယ်လ်ခိုင်းဒါးအဖွဲ့ကိုအုပ်ချုပ်ဖို့ ဇာဝါရီဟာ ရာမန် ကို အားကိုးခဲ့တယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။

XS
SM
MD
LG