သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်လေကြောင်း တိုက်ခိုက်မှုကြောင့် အယ်လ်ခိုင်းဒါး ထိပ်သီးတဦးသေဆုံး


အယ်လ်ခိုင်းဒါး အကြမ်းဖက်အဖွဲ့အတွက် နှစ်ပေါင်းများစွာ အလုပ်လုပ်ပေးနေသူတဦးဟာ ဆီးရီးယားနိုင်ငံ Sarmada မြို့အနီး သွားလာနေစဉ် ဒီလဆန်းတုန်းက အမေရိကန်ရဲ့ လေကြောင်းထိုးစစ်အတွင်း သေဆုံးသွားတဲ့အကြောင်း အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်က ပြောပါတယ်။ သေဆုံးသွားသူ Muhsin al-Fadhli ဟာ ကားနဲ့ခရီးသွားနေတုန်း ဇူလိုင်လ ၈ ရက်နေ့ကပဲ ပစ်ခတ်ခံခဲ့ရတာပါ။

အယ်လ်ခိုင်းဒါး အကြမ်းဖက်အဖွဲ့နဲ့ ဆက်နွယ်ထားတဲ့ ကွန်ယက်တခုဖြစ်တဲ့ Khorasan အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်သူ al-Fadhli ဟာ အမေရိကန် ပြည်ထောင်စုနဲ့ မဟာမိတ်တွေကို ပြည်ပမှာ ပစ်မှတ်ထား တိုက်ခိုက်နေသူ ဖြစ်တယ်လို့လည်း ပင်တဂွန်စစ်ဌာနချုပ် ပြောခွင့်ရ ရေတပ်ဗိုလ်ကြီး Jeff Davis က ကြေညာချက်ထဲမှာ ပြောဆိုခဲ့ပါတယ်။ သူဟာ အမေရိကန် ပြည်ထောင်စုကို ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်တုန်းက အကြမ်းဖက်တိုက်ခိုက်ရာမှာ ကြိုတင်အသိပေး ခံခဲ့ရတဲ့ အယ်လ်ခိုင်းဒါးအဖွဲ့က ယုံကြည်စိတ်ချသူ အနည်းအကျဉ်းထဲက တယောက်ဖြစ်သလို၊ တိုက်ခိုက်မှုတွေကို ကြိုးကိုင်စီစဉ်နေသူ အဆင့်မြင့်ခေါင်းဆောင်တဦး ဖြစ်တယ်လို့လည်း ပြောဆိုခဲ့တာပါ။

ကူဝိတ်နိုင်ငံက Faylaka ကျွန်းပေါ်မှာ အမေရိကန် မရိမ်းတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်မှုနဲ့ ပြင်သစ်သင်္ဘော MV Limburg ကို တိုက်ခိုက်မှုတွေ အပါအဝင် ၂၀၀၂ ခုနှစ် အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ဆက်နွယ်သူဖြစ်တယ်လို့လည်း ပင်တဂွန်စစ်ဌာနချုပ်က ပြောပါတယ်။ သူသေဆုံးသွားတဲ့အတွက် အမေရိကန်နဲ့ မဟာမိတ်တွေကို အယ်လ်ခိုင်းဒါး အဖွဲ့က ပြည်ပနိုင်ငံတွေမှာ တိုက်ခိုက်မှုတွေမှာ အဟန့်အတားတွေနဲ့ အားလျော့ သွားနိုင်တယ်လို့လည်း ပင်တဂွန်ရဲ့ ကြေညာချက်က ဖော်ပြခဲ့ပါတယ်။

XS
SM
MD
LG