သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်မှု ထပ်လုပ်မည်ဟု al-Shabab အဖွဲ့ ခြိမ်းခြောက်


ကြာသပတေးနေ့က ကင်ညာနိုင်ငံထဲကတက္ကသိုလ်ကောလိပ်တခုကို ပစ်ခတ်မှုအတွင်း လူပေါင်း ၁၄၈ ယောက် သေဆုံးခဲ့မှုနဲ့ ပတ်သတ်လို့ ဒါဟာ သူတို့ လက်ချက်ဖြစ်ကြောင်း ပြောဆိုထားတဲ့ al-Shabab စစ်သွေးကြွတွေက နောက်ထပ် သွေးချောင်းစီး သတ်ဖြတ်မှုတွေလုပ်မယ်ဆိုပြီး ခြိမ်းခြောက် ပြောဆိုလိုက်ပါတယ်။

ဘယ်လိုပဲ ကြိုတင်ပြင်ဆင် ကာကွယ်မှုတွေလုပ်လုပ် ဒါတွေဟာ ဘယ်လိုမှ လုံခြုံမှုမရှိနိုင်ဘူး၊ မြို့တိုင်းမြို့တိုင်းမှာ နောက်ထပ်သွေးချောင်းစီး တိုက်ခိုက်မှုတွေကိုလည်း တားဆီးနိုင်မှာ မဟုတ်ဘူးဆိုပြီး ဒီကနေ့ စနေနေ့မှာ ထုတ်ပြန်လိုက်တဲ့ al Shabab အဖွဲ့ရဲ့ကြေညာချက်ထဲမှာ ဖေါ်ပြထားပါတယ်။ ကင်ညာမြို့တွေမှာ သွေးရောင်လွှမ်းသွားစေရမယ်ဆိုပြီးတော့လည်း ပြောပါတယ်။

ကင်ညာ ပြည်ထဲရေးဝန်ကြီး Joseph Nkaissery က ကင်ညာတက္ကသိုလ် တိုက်ခိုက်မှုနဲ့ ပတ်သတ်နေတဲ့ သံသယရှိသူ ၃ ဦးထက်မနည်းကို ဖမ်းဆီးထားနိုင်ပြီလို့ သောကြာနေ့ နှောင်းပိုင်းမှာ ပြောဆိုထားပါတယ်။ Garissa တက္ကသိုလ်မှာ စစ်သွေးကြွတွေရဲ့လက်ချက်ကြောင့် သေဆုံးခဲ့သူ ကျောင်းသူကျောင်းသားတွေရဲ့ရုပ်အလောင်းတွေကိုဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို စိစစ်ဖို့ မြို့တော်ကို ရွှေ့ပြောင်းနေပြီလို့ အာဏာပိုင်တွေက ပြောပါတယ်။ နိုင်ရူဘီ မြို့တော်မှာလည်းသေဆုံးသူတွေရဲ့မိသားစုဝင်တွေ စုဝေးပြီး ဆုတောင်းပွဲတွေ ကျင်းပနေပါတယ်။ ဒီတိုက်ခိုက်မှုအတွင်း လူပေါင်း ၁၄၈ ယောက်အပြင် အကြမ်းဖက်သမား ၄ ဦးသေဆုံးခဲ့ပါတယ်ခင်ဗျာ။

XS
SM
MD
LG