ဘင်္ဂလားဒေ့ရှ်၊ မြန်မာ နယ်စပ်အခြေစိုက် ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော်ရဲ့ စစ်ကြောင်းတခုက ပလက်ဝမြို့နယ် အခြေစိုက် အစိုးရ တပ်စခန်းတခုကို မကြာသေးခင် ရက်ပိုင်းက တိုက်ခိုက်ခဲ့ရာမှာ နှစ်ဘက် အကျအဆုံး ရှိခဲ့ပါတယ်။ အပြည့်အစုံကို ဆက်သွယ် မေးမြန်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။
ဘင်္ဂလားဒေ့ရှ် နယ်စပ်က ၅ မိုင်ကျော် အကွာမှာရှိတဲ့ ပလက်ဝမြို့နယ်၊ ဘလက်ဝကျေးရွာ အခြေစိုက် မြန်မာစစ်အစိုးရရဲ့ နယ်စပ်စခန်းကို ဇန်နဝါရီလ ၃ ရက်နေ့က စီးနင်းတိုက်ခိုက်ခဲ့ရာမှာ နှစ်ဘက် ကျဆုံးမှု ရှိတယ်လို့ ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော် (ALA) က ပြောပါတယ်။
စီးနင်းတိုက်ခိုက်မှုကို ALA စစ်ကြောင်းမှူး ဗိုလ်ခိုင်သိန်းဇော် ဦးစီးတယ်လို့ သိရပါတယ်။ ALA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက နှစ်ဘက် အကျအဆုံး ရှိပုံကို အခုလို ပြောပြပါတယ်။
“လွန်ခဲ့တဲ့ ၃ ရက်၊ ၂၀၁၁၊ ၁ လပိုင်း နေ့လယ်ဘက် ၂ နာရီခွဲလောက်မှာ ကျနော်တို့ ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော် စစ်ကြောင်းက ဝင်တိုက်တာ။ အဲဒီမှာ ၁ နာရီလောက် ပစ်ကြခတ်ကြတဲ့အချိန် စခန်းထဲမှာရှိတဲ့ ဗမာစစ်တပ်က ၄ ယောက်ကျတယ်၊ ၂ ယောက် ဒဏ်ရာရတယ်။ ခလရ ၅၅ စစ်ကြောင်း ၂ စစ်ကြောင်းမှူး ဗိုလ်ကြီး မျိုးမင်းထွန်း ကိုယ်တိုင် ဒဏ်ရာရသွားတယ်။ အဲဒီတိုက်ပွဲမှာ သူတို့ အကျအဆုံး များနေချိန်၊ ကျနော်တို့ဘက်က ရှင်းဖို့ကြိုးစားချိန် ကျနော်တို့ ရဲဘော်တယောက် ကျသွားတယ်။ နောက်ပိုင်း အကြိတ်အနယ် ပစ်ကြပြီး ကျနော်တို့ ပြန်ဆုတ်လာတယ်။ စခန်းတော့ သိမ်းလို့မရခဲ့ဘူး။”
အခုလို အကျအဆုံးရှိတယ် ဆိုပေမဲ့ အစိုးရဘက်ကတော့ ဒီတိုက်ပွဲနဲ့ ပတ်သက်လို့ တစုံတရာ သတင်းထုတ်ပြန်မှု မရှိပါဘူး။ စခန်းသိမ်းဖို့ အခြေအနေ ပေးချိန်မှာ အစိုးရဘက်က စစ်ကူတွေ ဝင်လာတာကြောင့် ALA စစ်ကြောင်းတွေ ပြန်ဆုတ်ခဲ့ရတယ်လို့ သိရပါတယ်။ ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ဘက်တွေမှာ စစ်ရေးအရ တင်းမာမှုတွေကြောင့် ရခိုင်ပြည်နယ်ဘက်မှာလည်း ALA က တိုက်ပွဲတွေ စတင်လာတာ ဖြစ်တယ်လို့ ခိုင်သုခက ဆိုပါတယ်။
“ကျနော်တို့ ဘဝတူ တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ ပေါင်းပြီး စစ်ရေးအရှိန်မြှင့်မယ်ဆိုတဲ့ ၂၀၁၁ အတွင်း ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော် စစ်ရေးအရှိန်မြှင့်တာ တခုရယ်၊ ဇန်နဝါရီလ ၃ ရက်နေ့မှာ အဲဒီစခန်းကို သွားတိုက်တဲ့ တခြားအကြောင်းရင်း တခုကတော့ မနက်မိုးလင်း ၄ ရက်က ဗမာပြည် လွတ်လပ်ရေးနေ့ ဖြစ်နေတယ်။ အဲဒီလွတ်လပ်ရေးဟာ အုပ်ချုပ်သူ လူတန်းစားတစုရဲ့ လွတ်လပ်ရေးပဲ ဖြစ်နေတယ်။ ကျနော်တို့ ရခိုင်တွေအတွက် အဲဒီလွတ်လပ်ရေးဟာ စစ်မှန်တဲ့ လွတ်လပ်ရေး မဟုတ်ဘူး။ အဲဒါကြောင့် ရခိုင်ပြည် လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ရမယ်ဆိုတာ အချက်ပြတာ ဖြစ်တယ်။”
ALA စစ်ကြောင်းတွေဟာ မကြာခဏ ဆိုသလို ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တဝိုက် ဝင်ထွက် သွားလာမှုတွေ ရှိပြီး စစ်အစိုးရတပ်တွေနဲ့ မကြာခဏ တိုက်ပွဲတွေ ရှိခဲ့ပေမဲ့ အခုလို စခန်းသိမ်းဖို့ ကြိုးစားတာမျိုး အရင်က မရှိခဲ့ပါဘူး။ နယ်စပ်တိုက်ပွဲတွေကြောင့် ဒေသခံတွေ အတင်းအဓမ္မ လုပ်အား စေခိုင်းခံရတယ်လို့ ခိုင်သုခက ဆက်ပြောပါတယ်။
“လူထုကတော့ အထိနာတာပေါ့ဗျာ။ နောက်ဆုံး ဒီ ၃ ရက်နေ့က ဘလက်၀ တိုက်ပွဲမှာ တိုက်ပွဲပြီးတာနဲ့ ဘေးကရွာတွေက ရွာသားတွေကို အကုန်ပေါ်တာဆွဲပြီးမှ နောက်က စစ်ကူလိုက်လာတဲ့ စစ်ကြောင်းတွေအတွက် ရိက္ခာတို့၊ လမ်းပြတို့ ခေါ်တာပေါ့။ ပေါ်တာဆွဲတာတော့ အများကြီးပဲ။ အခုနောက်ဆုံးရတဲ့ သတင်းဆို ပျက်စီးသွားတဲ့ စခန်းကို ချက်ချင်း ပြန်ပြင်ဖို့ ရွာသားတွေကို အလုပ်ခိုင်းတာတို့၊ ဆက်သွယ်ရေးမြောင်းတွေ ပြန်တူးတာတို့ လုပ်နေပြီလို့ သိရတယ်။ ရှေ့တန်း စစ်ကြောင်းတွေက တဆင့်။”
ALA ဟာ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) ရဲ့ လက်နက်ကိုင်တပ်ဖြစ်ပြီး အင်အား ၁၀၀ ကျော်နဲ့ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ ၃ နိုင်ငံ နယ်စပ်အကြား လှုပ်ရှားနေတဲ့ တခုတည်းသော ရခိုင်တပ်ဖွဲ့ ဖြစ်ပါတယ်။