သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

Alabama အထက်လွှတ်တော်ရွှေးကောက်ပွဲ ဒီမိုကရက်အနိုင်ရ


ဒီမိုကရက်ပါတီ ကိုယ်စားလှယ် Doug Jones အနိုင်ရ

အမေရိကန် ပြည်ထောင်စုက လစ်လပ်နေတဲ့ Alabama ပြည်နယ် ကိုယ်စားပြု အထက်လွှတ်တော်အမတ် နေရာအတွက် ကျင်းပခဲ့တဲ့ အထူးရွေးကောက်ပွဲမှာ ဒီမိုကရက်ပါတီ ကိုယ်စားလှယ် Doug Jones အနိုင်ရရှိသွားပါတယ်။

ရွေးကောက်ပွဲ ရလဒ်ဟာ ရီပတ်ဘလစ်ကန်ပါတီ အတွက်သာမက၊ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ လုပ်ရပ်တွေ ကျုးလွန်ခဲ့ဖူးတယ်လို့ဆိုတဲ့ စွပ်စွဲချက်တွေကြားမှာ ရီပတ်ဘလစ်ကန်ပါတီ ကိုယ်စားလှယ်အဖြစ် ယှဉ်ပြိုင်ခဲ့တဲ့ Roy Moore ကို ရွေးကောက်ပွဲနီးမှ ထောက်ခံကြောင်း ပြောခဲ့တဲ့ သမ္မတ Donald Trump အတွက်ပါ အထိနာစရာ ဖြစ်ခဲ့ရပါတယ်။

အပြိုင်အဆိုင် မဲဆွယ်စည်းရုံးခဲ့ကြပြီးနောက်မှာတော့ ဒီမိုကရက်ကိုယ်စားလှယ် Jones က ထောက်ခံမဲ ၄၉.၉ ရာခိုင်နှုန်း၊ ရီပတ်ဘလစ်ကန် ကိုယ်စားလှယ် Moore က ၄၈.၄ ရာခိုင်နှုန်း အသီးသီးရခဲ့ကြတာပါ။ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဒီမိုကရက် ကိုယ်စားလှယ် Jones အနေနဲ့ ဇန်န၀ါရီလမှာ ကျမ်းသစ္စာကျိန်ဆို တာဝန်ယူတဲ့ အခါကျရင်တော့၊ ကိုယ်စားလှယ်နေရာ ၁၀၀ ရှိတဲ့ အထက်လွှတ်တော်မှာ အများစုနဲ့ ထိန်းချုပ်ထားတဲ့ ရီပတ်ဘလစ်ကန်ပါတီ အနေနဲ့ ၅၁ နေရာ၊ ဒီမိုကရက်က ၄၉ နေရာအထိ ရလာမှာ ဖြစ်တာကြောင့် သမ္မတ Trump ရဲ့ မူဝါဒတွေကို အကောင်အထည်ဖော်ရေး အခက်အခဲတွေ ကြုံရမယ့် အလားအလာတွေလည်း ရှိနေပါတယ်။

ဒီမိုကရက် ကိုယ်စားလှယ် Jones ကတော့၊ Alabama ပြည်နယ်မှာ သာမက၊ နိုင်ငံတ၀န်းမှာပါ စုစည်းညီညွတ်အောင် လုပ်နိုင်တယ်ဆိုတာကို သက်သေပြလိုက်တာဖြစ်ကြောင်း ရွေးကောက်ပွဲ အနိုင်ရမိန့်ခွန်းအဖြစ် မနေ့ညက ထောက်ခံသူတွေကို ပြောကြားခဲ့တာပါ။

ကျန်းမာရေးစောင့်ရှောက်မှု၊ အလုပ်အကိုင်နဲ့ စီးပွားရေး အပါအ၀င် တိုင်းပြည်မှာ ရင်ဆိုင်နေရတဲ့ အရေးကြီးကိစ္စတွေနဲ့ ပတ်သက်လို့ အထက်လွှတ်တော်မှာ ဆောင်ရွက်စရာတွေ အများအပြား ရှိနေကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ ရီပတ်ဘလစ်ကန် ကိုယ်စားလှယ် Moore ကတော့ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ကြောင်း လက်မခံခဲ့ဘဲ၊ မနေ့က ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာလည်း ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေ အဆုံးမသတ်သေးတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG