သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ALD နဲ့ SNLD မှတ်ပုံတင်ရေး စတင်ပြီ


ALD နဲ့ SNLD မှတ်ပုံတင်ရေး စတင်ပြီ
ALD နဲ့ SNLD မှတ်ပုံတင်ရေး စတင်ပြီ

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က တနင်္လာနေ့မှာ နိုင်ငံရေးပါတီအဖြစ်နဲ့ မှတ်ပုံတင်ခွင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံကို တင်လိုက်ပါတယ်။ ညီညွတ်သော တိုင်းရင်းသားများ မဟာမိတ် အဖွဲ့ဝင် တခြား နိုင်ငံရေး ပါတီတွေလည်း ပါတီအဖြစ် မှတ်ပုံတင်ဖို့ ပြင်ဆင်နေကြတာပါ။ နိုင်ငံရေးလုပ်ငန်းတွေ ဆက်ပြီးလုပ်ဖို့အတွက် တရားဝင်ပါတီအဖြစ်နဲ့ ဆက်ပြီး မှတ်ပုံတင်ဖို့ကလွဲလို့ တခြား နည်းလမ်းမရှိလို့ အခုလို မှတ်ပုံတင်ရတာလို့ ဖျက်သိမ်းခံထားရတဲ့ တိုင်းရင်းသား ပါတီတွေက ပြောကြပါတယ်။ ဒီအကြောင်းကိုတော့ မသိင်္ဂီထိုက်က တင်ပြထားပါတယ်။

ညီညွတ်သော တိုင်းရင်းသားများ မဟာမိတ်အဖွဲ့ (UNA) အဖွဲ့ဝင်တစ်ခုဖြစ်တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) က ၁၉၉၁ ခုနှစ်မှာ ဖျက်သိမ်းခံထားရတဲ့ နိုင်ငံရေးပါတီ ဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံဘဲ ၂၀၁၀ ရွေးကောက်ပွဲကို ကျောခိုင်းခဲ့တဲ့ ပါတီတစ်ခုအနေနဲ့ အခုမှ ပြန်ပြီး မှတ်ပုံတင် စာရင်းပေးသွင်းတာနဲ့ ပတ်သက်လို့တော့ ပါတီရဲ့ ယာယီဥက္ကဋ္ဌ ဦးသာဘန်းက အခုလို ပြောပါတယ်။

“ကျနော်တို့ပါတီက ၁၉၉၁ ခုနှစ်မှာ အဖျက်ခံရတယ်။ ဒါပေမဲ့ ကျနော်တို့က ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ ဆက်လက် လှုပ်ရှားကြတယ်ပေါ့ဗျာ။ မှတ်ပုံတင်တော့ မရှိဘူးပေါ့။ NLD ကလည်း ပြန်လည် မှတ်ပုံတင်တယ် ဆိုတော့ ကျနော်တို့လည်း ပြန်လည် မှတ်ပုံတင်ပါတယ်။ ကျနော်တို့မူက တိုင်းရင်းသား ခေါင်းဆောင်တွေ မလွတ်သ၍ ၈၈ ကျောင်းသားများ အပါအဝင် နိုင်ငံရေး အကျဉ်းသားများ၊ သံဃာတော်များ မလွတ်သ၍ ကျနော်တို့ မှတ်ပုံမတင်ဘူးဆိုတာ ဆုံးဖြတ်ပါတယ်။ အဲဒီ ဆုံးဖြတ်ချက်အတိုင်း ကျနော်တို့ နေခဲ့ပြီးတော့ အခုတော့ အကျဉ်းသားပုဂ္ဂိုလ်တွေ လွတ်လာတော့ ကျနော်တို့ မှတ်ပုံတင်တော့ဖို့ လုပ်ပါတယ်။ ဒါကြောင့်မိုလို့ နေပြည်တော်ကို မနေ့ကသွားပြီးတော့ ကျနော်တို့ဘက်က ရဲဘော်နှစ်ဦးဖြစ်တဲ့ ဦးကျော်မြင့်နဲ့ ဦးမျိုးကျော်တို့ သွားရောက်ပြီးတော့ မှတ်ပုံတင်ခဲ့ပါတယ်။”

ဖျက်သိမ်းခံထားရတဲ့ ပါတီရဲ့ နံမည် တံဆိပ် အလံတို့ကို ပြန်ပြီး သုံးစွဲထားတဲ့ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်က ပါတီ မှတ်ပုံတင်ခွင့် ရလာရင် ပါတီရဲ့ ဖွဲ့စည်းပုံကို ပြန်လည် စည်းဝေးဆုံးဖြတ်မယ်လို့လည်း ဆိုပါတယ်။

တချိန်တည်းမှာပဲ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ကလည်း ပါတီခေါင်းဆောင်တွေ အကျဉ်းထောင်က ပြန်လည် လွတ်မြောက်လာပြီးတဲ့နောက်မှာ ပြန်လည် မှတ်ပုံတင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ လာမယ့် သီတင်းပတ်ထဲမှာ မှတ်ပုံတင်မှာ ဖြစ်တယ်လို့ ပါတီရဲ့ ပြောခွင့်ရ ဦးစိုင်းလိတ်က ပြောပါတယ်။

“ရွေးကောက်ပွဲ ကာလတုန်းက ကျနော်တို့ မှတ်ပုံမတင်ဘူး ဆိုတာက ကျနော်တို့ တစ်အချက် ကျနော်တို့ရဲ့ ခေါင်းဆောင်တွေဖြစ်တဲ့ ဥက္ကဋ္ဌ ခွန်ထွန်းဦး၊ အတွင်းရေးမှူး စိုင်းညွန့်လွင် ထောင်ထဲမှာ ရောက်နေတယ်။ အဲဒီအချိန်တုန်းက ပါတီ မှတ်ပုံတင်ခြင်း နည်းဥပဒေမှာလည်း ထောင်ကျနေတဲ့ ပုဂ္ဂိုလ်တွေကို ပါတီထဲ ဝင်ခွင့်မပြုဘူးဆိုတာတွေလည်း ရှိတယ်လေ။ ဒီအချက်တွေကြောင့် မိုလို့ ကျနော်တို့ မှတ်ပုံတင်ဖို့ ငြင်းပယ်ခဲ့တယ်။ ပြီးတော့ တခါ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျနော်တို့ လက်မခံလို့၊ အဲဒီရဲ့ အရင်းခံ အမျိုးသားညီလာခံကို ဆန့်ကျင်တဲ့ အတွက်ကြောင့်မိုလို့ ကျနော်တို့ ခေါင်းဆောင်တွေက ဖမ်းဆီးခံရတယ်လေ။ အဲဒီကိစ္စတွေကြောင့်မိုလို့ ၂၀၀၈ ဖွဲ့စည်းပုံကိုလည်း ကျနော်တို့ လက်မခံဘူး။ referendum ကိုလည်း ကျနော်တို့ ကန့်ကွက်တယ်။ ဆန့်ကျင်တယ်။ ၂၀၁၀ ရွေးကောက်ပွဲကိုလည်း ကျောပေးခဲ့တယ်ပေါ့ဗျာ။ အခု အခြေအနေမှာတော့ ဘာဖြစ်လို့ ကျနော်တို့ အဲဒီလို လုပ်ရလဲဆိုတော့ နိုင်ငံရေး လုပ်မယ်ဆိုလို့ရှိရင် လွှတ်တော် နိုင်ငံရေး လမ်းကြောင်းကလွဲပြီးတော့မှ၊ ပါတီ မှတ်ပုံတင်ပြီး လုပ်ဖို့ကလွဲလို့ တခြား လုပ်စရာ နည်းလမ်းမရှိဘူး။ ပြည်သူလူထု အကျိုးရှိရာရှိကြောင်း နိုင်ငံရေးလုပ်မယ်ဆိုရင် မှတ်ပုံတင်မှသာလျှင် လုပ်ခွင့်ရတော့မယ့် အနေအထားရောက်လို့ မှတ်ပုံတင်ရခြင်း ဖြစ်ပါတယ်။”

ညီညွတ်သော တိုင်းရင်းသားများ မဟာမိတ် အဖွဲ့ဝင် တိုင်းရင်းသားပါတီတွေ ဖေဖော်ဝါရီလ တတိယပတ်အတွင်းက တရားဝင် ပါတီအဖြစ် မှတ်ပုံတင်ကြရေး ဆွေးနွေးခဲ့ကြပြီး နောက်ထပ် ဆက်ပြီး မှတ်ပုံတင် စာရင်းပေးသွင်းမယ့် ပါတီတွေလည်း ရှိနေတယ်လို့ ဦးစိုင်းလိတ်က ပြောပါတယ်။

“အသီးသီးသော ပါတီတွေက အဆင်ပြေတဲ့အချိန်မှာ မှတ်ပုံတင်ကြဖို့ကို အဆိုပြုကြတယ်။ အခု အနေအထား အရဆိုရင် ဇိုမီး တင်မယ်၊ ALD ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်က တင်မယ်ပေါ့ဗျာ။ တခါ ကျနော်တို့ ရှမ်း တင်မယ်၊ နောက် မွန်ကလည်းပဲ တင်နေပြီ။ ဆိုတော့ အနည်းဆုံး လေးပါတီကတော့ ဆက်လက် တင်ကြဖို့ကို အားလုံး ဆန္ဒပြုနေကြပါပြီ။”

အခု ပြန်ပြီး မှတ်ပုံတင် လျှောက်ထားကြမယ့် တိုင်းရင်းသားပါတီတွေဟာ ၁၉၉၁ ခုနှစ် စစ်အစိုးရ လက်ထက်က ဖျက်သိမ်းခံထားရပြီး ဆယ်စုနှစ် နှစ်ခုကျော် တရားမဝင် နိုင်ငံရေးပါတီတွေအဖြစ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့အတူ ရပ်တည်ခဲ့ကြတဲ့ ပါတီတွေ ဖြစ်ပါတယ်။ အခုလို ဖျက်သိမ်းခံ တိုင်းရင်းသားပါတီတွေ အနေနဲ့ မှတ်ပုံတင် ပြန်လည် လုပ်ဆောင်ရတာကလည်း တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ၈၈ ကျောင်းသား ခေါင်းဆောင်တွေကို အစိုးရက ပြန်ပြီး လွှတ်ပေးတာအပြင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က နိင်ငံရေးပါတီအဖြစ် ပြန်ပြီး မှတ်ပုံတင်တာကြောင့်လည်း ဖြစ်တယ်လို့ ပြောဆိုကြပါတယ်။

XS
SM
MD
LG