သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Colorado Springs ပစ်ခတ်မှုကျူးလွန်သူကို ထောင်တသက်ပြစ်ဒဏ်ချ


ကော်လိုရာဒို ပစ်ခတ်မှုကျူးလွန်ခဲ့သူ Anderson Lee Aldrich( ဝဲ)တရားရင်ဆိုင်စဥ်၊ ဂျွန် ၂၆၊ ၂၀၂၃
ကော်လိုရာဒို ပစ်ခတ်မှုကျူးလွန်ခဲ့သူ Anderson Lee Aldrich( ဝဲ)တရားရင်ဆိုင်စဥ်၊ ဂျွန် ၂၆၊ ၂၀၂၃

အမေရိကန်နိုင်ငံ၊ ကော်လိုရာဒို ပြည်နယ် Colorado Springs မြို့က လိင်တူချစ်သူတွေရဲ့ နိုက်ကလပ်မှာ လူ (၅) ဦး သေအောင်ပစ်ခတ်ခဲ့သူကို တနင်္လာနေ့မှာ ထောင်ဒဏ် တသက် ချမှတ်လိုက်ပါတယ်။
အသက် ၂၃ နှစ်အရွယ် Anderson Lee Aldrich ဟာ လူသတ်မှု ၅ မှုနဲ့ လူသတ်ရန် ကြံစည်ကြိုးစားမှု ၄၆ မှု အတွက် အပြစ်ရှိကြောင်း ဝန်ခံခဲ့ပါတယ်။ Aldrich က မနှစ် နိုဝင်ဘာလ ၁၉ တုန်းကကျည်ကာ အင်္ကျီ အပြည့်အစုံဝတ်ပြီး လိင်တူချစ်သူကလပ်တခုဖြစ်တဲ့ Club Q ထဲကို ဝင်ပြီး ခြေမှုန်းရေးရိုင်ဖယ် သေနတ်နဲ့ ပစ်ခဲ့တာပါ။ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့မှာ Club Q အမည်ရှိတဲ့ ည ကလပ် ကို ဝင်ရောက် ပစ်ခတ်တဲ့အတွက် လူ ၂ ဒါဇင်လောက် ဒဏ်ရာရရှိခဲ့ကြပါတယ်။ အဲဒီတုန်း က သူ့ ကို ရာဇဝတ်မှု ၃၂၃ မှု နဲ့ စွဲဆိုခဲ့ပါတယ်။

လူသတ်မှုတွေ အတွက် ထောင်တသက်တကျွန်းကို ၅ ကြိမ်ဆက် ကျခံရမှာ ဖြစ်သလိုလူသတ်ရန် ကြံစည်မှု တွေ အတွက် ထောင်ဒဏ် ၄၈ နှစ်ကို ၄၆ ကြိမ်ဆက် ကျခံဖို့တရားရုံး က ပြစ်ဒဏ် ချမှတ်ခဲ့တာပါ။ ခုလို တရားခံက အပြစ်ရှိကြောင်း ဝန်ခံခဲ့တာကြောင့် ကာလရှည်ကြာ ရုံးတင်စစ်ဆေးတာကို ရှောင်ရှားဖို့ အစိုးရရှေ့နေတွေက သဘောတူခဲ့ပါတယ်။


ကော်လိုရာဒိုပြည်နယ်မှာ သေဒဏ်ပေးတဲ့ ဥပဒေ မရှိပေမယ့် အစိုးရ ရှေ့နေတွေက Aldrich ကျူးလွန်ခဲ့တဲ့ အမှုတချို့အတွက် ပြည်ထောင်စု ဥပဒေ အောက်မှာဖက်ဒရယ်တရားရုံး တခုခုမှာ ထပ်မံ တရားစွဲဖို့ ဆုံးဖြတ်ခဲ့ရင် သူ့ကို သေဒဏ် အပြစ်ပေးဖို့ ဖြစ်လာနိုင်ပါတယ်။


Aldrich ဟာ ဒီ ပစ်ခတ်မှု မတိုင်ခင် ၂၀၂၁ ခုနှစ် ဇွန်လ တုန်းကလည်း မိခင်ဖြစ်သူကို ဗုံး အပါအဝင် လက်နက်မျိုးစုံနဲ့ ခြိမ်းခြောက် ခဲ့လို့ ရဲက ခေါ်ယူစစ်ဆေးခဲ့ပေမယ့် နောက်ပိုင်းမှာ မိခင်ကသက်သေခံဖို့ ငြင်းဆိုခဲ့တာကြောင့် သူ့ကို တရား မစွဲဆိုနိုင်ခဲ့ပဲ အမှုကိုပယ်ချခဲ့ရတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG