အယ်လ်ဂျီးရီးယားနိုင်ငံမှာ ၁၉ နှစ်ကြာ ချမှတ်ထားတဲ့ နိုင်ငံတော် အရေးပေါ် ကြေညာထားချက်ကို ရုပ်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။
အာရပ်ကမ္ဘာမှာ အာဏာရှင် ဖြုတ်ချရေး ဆန္ဒပြမှုတွေကနေ အယ်လ်ဂျီးယား သမ္မတ အက်ဘ်ဒယ်လ်လာဇစ် ဘုတ်တီဖလစ်ကာ (Abdelaziz Bouteflika) အစိုးရ ပြုတ်မကျအောင် ကာကွယ်တဲ့ အနေနဲ့ အတိုက်အခံတွေ တညီတညွတ်တည်း တောင်းဆိုခဲ့တဲ့အတိုင်း အရေးပေါ် ကြေညာချက်ကို ရုပ်သိမ်းပေးခဲ့တာ ဖြစ်ပါတယ်။
ဒီဥပဒေကို ရုပ်သိမ်းကြောင်း ကြာသပတေးနေ့မှာ သမ္မတရဲ့ အမိန့်ကြော်ငြာစာနဲ့ အစိုးရ ပြန်တမ်းမှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ဒေသတွင်းက အီဂျစ်နဲ့ အိမ်နီးချင်း တူနီးရှား နိုင်ငံတွေက လူထုအုံကြွမှုတွေလိုပဲ ပြည်သူတွေက အယ်လ်ဂျီးရီးယား မြို့တော်မှာ အပတ်စဉ် ဆန္ဒပြခဲ့ကြပြီး ၁၉ နှစ်ကြာ တည်ရှိနေတဲ့ အရေးပေါ် အခြေအနေ ရုပ်သိမ်းပေးဖို့ တောင်းဆိုခဲ့ကြတာပါ။
အစ္စလာမ် အစွန်းရောက်တွေကို နှိမ်နင်းနိုင်ဖို့ လွန်ခဲ့တဲ့ ၁၉ နှစ်က ဒီဥပဒေကို ထုတ်ပြန်ခဲ့ပေမဲ့ နောက်ပိုင်းမှာ နိုင်ငံရေး လွတ်လပ်ခွင့်တွေကို ဖိနှိပ်ရာမှာပါ အစိုးရက သုံးလာခဲ့တယ်လို့ ဝေဖန်ခဲ့ကြပါတယ်။
အခုလို ရုပ်သိမ်းပေးတာဟာ သမ္မတ ဘုတ်တီဖလစ်ကာ ကတိပေးခဲ့တဲ့ အပြောင်းအလဲ လုပ်ပေးမယ့် အချက်တွေထဲက တခုဖြစ်ပါတယ်။
အီဂျစ်နဲ့ တူနီးရှားမှာ အာဏာရှင်တွေကို ပြုတ်ကျစေခဲ့တဲ့ အလုပ်လက်မဲ့များတဲ့ ပြဿနာနဲ့ ကုန်ဈေးနှုန်းကြီးမြင့်တဲ့ ပြဿနာကို ဖြေရှင်းပေးဖို့လည်း အယ်လ်ဂျီးရီးယား နိုင်ငံသားတွေက တောင်းဆိုနေကြပါတယ်။