သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တတိုင်းပြည်လုံး အပစ်ရပ်ပြီး ရှေ့နှစ်ထဲ နိုင်ငံရေး ဆွေးနွေးမည်


KNU နဲ့ မြန်မာအစိုးရငြိမ်းငြိမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ ဖားအံမြို့မှာ တတိယအကြိမ် အပစ်ရပ်ရေး ဆွေးနွေးခဲ့ကြစဉ်။ (ဧပြီလ၊ ၂၀၁၂၊)
KNU နဲ့ မြန်မာအစိုးရငြိမ်းငြိမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ ဖားအံမြို့မှာ တတိယအကြိမ် အပစ်ရပ်ရေး ဆွေးနွေးခဲ့ကြစဉ်။ (ဧပြီလ၊ ၂၀၁၂၊)
မြန်မာနိုင်ငံမှာ နိုင်ငံရေးပါတီတွေ အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးဆွေးနွေးမှုတွေ လုပ်ဆောင်နိုင်ဖို့ တပြည်လုံးအပစ်အခတ် ရပ်စဲရေးကို နှစ်မကုန်မီ ဆောင်ရွက်ဖို့ အစိုးရက ထပ်မံကတိပြုလိုက်ပါတယ်။ လတ်တလောမှာတော့ လက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့ပါဝင်တဲ့ UNFC ကလည်း တပြည်လုံးအပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးဖို့ တဖွဲ့ချင်းစီရဲ့ သဘောထားကောက်ယူနေကြတာပါ။ လက်နက်ကိုင်အဖွဲ့အစည်းတွေ အားလုံးပါဝင်မယ့် တပြည်လုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး အလားအလာကို ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

လက်ရှိ အစိုးရရဲ့ နိုင်ငံရေး Road Map လို့ ပြောရမယ့် ရှေ့လုပ်ငန်းစဉ်တွေကို နိုင်ငံရေးပါတီ ၄၀ နီးပါးက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီဒုဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ တနင်္ဂနွေနေ့ က ရှင်းလင်းတင်ပြခဲ့တာပါ။ ဒီလိုရှင်းပြခဲ့တဲ့ အဓိက အချက်တွေကိုတော့ မြန်မာငြိမ်းချမ်းရေးစင်တာက အကြီးတန်း အကြံပေးတဦးဖြစ်တဲ့ ဦးလှမောင်ရွှေက အခုလို ပြောပါတယ်။

“ဒုဥက္ကဋ္ဌဦးအောင်မင်းကတော့ နှစ်ဆန်းလောက်မှာ ဆောင်ရွက်မယ့် National Dialogue မှာ နိုင်ငံရေးပါတီတွေ ပါဝင်နိုင်ဖို့ အဓိကပါပဲ၊ သူပြောတာ အဓိက-က ဒါပါပဲ။ ဒါပေမဲ့ အဲဒီကို ရောက်အောင်မသွားခင်မှာ အောက်တိုဘာလကုန်၊ သို့မဟုတ် နိုဝင်ဘာလဆန်းမှာလုပ်မယ့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမှုနဲ့ Frame Work Meeting ပေါ့ဗျာ။ မူဘောင်ဆိုင်ရာ အစည်းအဝေးတွေကိုတော့ ဖြတ်ရမယ်။ အဲဒီမှာလည်း အားလုံးပါဝင်နိုင်ဖို့ ကိုလည်း သူ့ဘက်ကတော့ ပြောတာပါပဲ။ National Dialogue မှာလည်း အားလုံးပါဝင်ကိုတော့ ပြောတယ်။ တခြားဟာတွေကိုတော့ အားလုံးဝိုင်းဝန်း ကူညီပေးဖို့ဆိုတာတွေ ပြောတာပါပဲ။”

ဒီတွေ့ဆုံပွဲမှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက လက်ရှိ ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကိုလည်း ရှင်းလင်းခဲ့တယ်လို့ ပြောပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ UNFC ခေါ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီက တွဲဖက်အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီးခွန်ဥက္ကာကတော့ နိုင်ငံရေးဆွေးနွေးပွဲ လုပ်မယ်ဆိုရင် တပြည်လုံးအပစ်အခတ်ရပ်စဲရေးဟာ ပိုပြီးနီးစပ်လာနိုင်တယ်လို့ ပြောပါတယ်။

“နီးစပ်လာမယ်လို့တော့ ပြောလို့ရပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲကို လုပ်မယ်ဆိုရင် နီးစပ်လာတယ်၊ သို့သော် အဲဒီနိုင်ငံရေး ဆွေးနွေးပွဲကို လုပ်တဲ့ဟာကို အပစ်အခတ်ရပ်စဲရေး စာချုပ်ထဲမှာကို ထည့်ရေးထားရမယ်၊ နောက်ပြီးတော့ အပစ်အခတ်ရပ်စဲရေး စာချုပ်အောင်မြင်ပြီးရင် ရက်ပေါင်း ၃၀ လား၊ ရက်ပေါင်း ၆၀ လား၊ နိုင်ငံရေး ဆွေးနွေးပွဲကို ဆက်လုပ်မယ်ဆိုတဲ့ Time Frame ကို ထည့်ဖို့ပေါ့။”

လောလောဆယ်မှာတော့ UNFC အဖွဲ့ဝင်တွေဟာ တပြည်လုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးဖို့ကို သဘောထားကောက်ယူနေဆဲဖြစ်တယ်လို့ ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောပါတယ်။

“အခု အဖွဲ့ဝင်တွေကို တဖွဲ့ချင်း၊ တဖွဲ့ချင်း သဘောထားမေးနေကြတယ်ခင်ဗျ။ အဲဒါတွေအားလုံး ရပြီးရင် ဖက်ဒရယ်ကောင်စီအဖွဲ့ဝင်တွေကိုပေါ့။ တဖွဲ့သုံးယောက်လောက် တက်ရောက်ပြီးတော့ သဘောထားချမှတ်ပေးမယ့် အစည်းအဝေးက (၇) ရက်၊ (၈) ရက်ဖြစ်တယ်ခင်ဗျ။ အခု အောက်တိုဘာပေါ့။ (၇) ရက်၊ (၈) ရက်၊ (၉) ရက်ပြီးရင်တော့ တရားဝင် ထုတ်ပြန်မှာဖြစ်ပါတယ်ခင်ဗျ။ ကျနော်တို့အမြင်ကတော့ စိတ်စေတနာကောင်းတယ်၊ ရည်ရွယ်ချက်ကောင်းတယ်၊ သဘောထားကြီးတယ်ဆိုရင်တော့ လက်မှတ်ရေးထိုးပွဲ အောင်မြင်မယ်လို့ ယုံကြည်ပါတယ်ခင်ဗျ။”

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီနဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံဆွေးနွေးပွဲကို ကိုယ်တိုင်ပါဝင်တက်ရောက် ဆွေးနွေးခဲ့ပါတယ်။ ဒီဆွေးနွေးခဲ့တဲ့အချက်ပေါ် အခြေခံပြီး သူ့အမြင်ကို အခုလို ပြောပါတယ်။

“အခု စက်တင်ဘာလမှာ တိုက်ပွဲတွေ ဖြစ်နေတယ်၊ အောက်တိုဘာလမှာ ငြိမ်းချမ်းရေး စခေါ်ချင်တယ်ဆိုလို့ရှိရင် အဲဒါက ဖြစ်နိုင်ပါ့မလားလို့၊ နောက်ပြီးတော့ အားလုံးကို ဒီဟာနဲ့ ပတ်သက်ပြီးတော့ ရှင်းပြရအုံးမယ်ထင်တယ်။ လာ- လက်မှတ်ထိုး- ဆိုရင်တော့ အခက်အခဲရှိမယ်ထင်တယ်လို့ ကျနော် ပြောပြတာပေါ့လေ။ သူကတော့ ပြောပြီးပြီတော့ ပြောတာပဲ။ ဒါပေမဲ့ ရှင်းလည်းရှင်းအုံးမယ်။ ဒါပေမဲ့ အချိန်က တစ်လတည်းနဲ့ မပြီးသေးဘူးလေ။ အဖွဲ့က နည်းတာမှ မဟုတ်တာ။ အဖွဲ့က ၁၄ ဖွဲ့ပေါ့။ နောက်ပြီးတော့ အဖွဲ့တွေ အကုန် မရဘူးဆိုရင်ကော ဘယ်လိုလုပ်မလဲ၊ အဓိက-က ကချင်နဲ့ ပလောက် ကျန်တာကိုး။ အဲဒီတော့ အခက်အခဲတော့ ရှိလိမ့်မယ်လို့ ကျနော်ထင်တယ်။”

UNFC အဖွဲ့ဝင်တွေဖြစ်တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နဲ့ ပလောင်ပြည်သူ့လွတ်မြောက်ရေးတပ်ဦး PSLF ဟာ အစိုးရနဲ့အပစ်အခတ်ရပ်စဲဖို့ သဘော တူညီချက် မရသေးပါဘူး။ အောက်တိုဘာလ ၇ရက်နေ့မှာတော့ KIO နဲ့ အစိုးရအကြား ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲကျင်းပဖို့ ရှိနေပါတယ်။ PSLF နဲ့ကတော့ အောက်တိုဘာလအတွင်းတွေ့ဆုံဖို့ ပြင်ဆင်ထားပေမဲ့ ရက်အတိအကျ မသတ်မှတ်နိုင်သေးပါဘူး။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲကတော့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တောင်ပိုင်းနဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ဟာ တပြည်လုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို ပါဝင် လက်မှတ် ရေးထိုးဖို့ လက်ခံထားပါတယ်။ RCSS/SSA တောင်ပိုင်းနဲ့ KNU တို့ဟာ တပြည်လုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကို လွှတ်တော်ပြင်ပမှာ ဆောင်ရွက်ဖို့ကိုလည်း တောင်းဆိုထားပါတယ်။
XS
SM
MD
LG