သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အားလုံးပါဝင်တဲ့ အပစ်ရပ်လက်မှတ်ထိုးပွဲ မကြာခင်ကျင်းပဖွယ်ရှိ


ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းနဲ့ မွန်အမျိုးသားနိုင်ငံရေးခေါင်းဆောင် နိုင်ငွေသိမ်း။(ဓာတ်ပုံကို နေလင်းသိုက်၏ facebook မှ ကူးယူဖော်ပြပါသည်။)
ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းနဲ့ မွန်အမျိုးသားနိုင်ငံရေးခေါင်းဆောင် နိုင်ငွေသိမ်း။(ဓာတ်ပုံကို နေလင်းသိုက်၏ facebook မှ ကူးယူဖော်ပြပါသည်။)
မကြာခင် အားလုံးပါဝင်တဲ့ အပစ်ရပ်လက်မှတ်ထိုးပွဲ ကျင်းပနိုင်ဖွယ်ရှိ
ပြည်ထောင်စုငြိမ်းချမ်းရေးနဲ့ လုပ်ငန်းဖော်ဆောင်ရေး အဖွဲ့ ဒုဥက္ကဋ္ဌ ဦးအောင်မင်းက ရှေ့လထဲမှာ အားလုံးပါဝင်တဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပွဲကြီး တစ်ရပ်ကျင်းပဖို့ ရှိတယ်လို့ ပြောဆိုလိုက်ပါတယ်။ တိုင်းရင်းသားတွေရဲ့ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်တဲ့ ဆွေးနွေးပွဲမှာ ဦးအောင်မင်းက အခုလိုပြောဆိုလိုက်တာပါ။ အစိုးရက တပြည်လုံး အပစ်အခတ် ရပ်စဲရေးနဲ့ နိုင်ငံရေး အင်အားစုတွေ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲကျင်းပဖို့ စိုင်းပြင်းနေချိန်မှာ ရှမ်း၊ ကယားနဲ့ မွန်ပြည်နယ်က နိုင်ငံရေးအင်အားစုတွေ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ဖို့ ဆွေးနွေးပွဲတရပ်ကို တောင်ကြီးမြို့မှာ ဒီကနေ့ စက်တင်ဘာ လ ၂၁ ရက်နေ့မှာ ကျင်းပခဲ့တာမှာ ပြောလိုက်တာ ဖြစ်ပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုအောင်ရဲမောင်မောင်က ပြောပြပေးမှာ ဖြစ်ပါတယ်။

အောက်တိုဘာလအတွင်း အစိုးရအဖွဲ့နဲ့ ငြိမ်းချမ်းရေးယူထားသော လက်နက်ကိုင်များနဲ့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လက်မှတ်ရေးထိုးပွဲကြီး ကျင်းပနိုင်ဖို့ ရှိတယ်လို့ ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ဦးအောင်မင်းက ပြောခဲ့တာပါ။

တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လက်မှတ်ရေးထိုးပွဲကြီး ကျင်းပပြီးရင် ရှေ့နှစ် ထဲမှာနိုင်ငံရေး အင်အားစု အာလုံးပါဝင်တဲ့ ညီလာခံကြီး တစ်ရပ်ကိုလည်း ခေါ်ယူသွားနိုင်ဖို့ အစိုးရအနေနဲ့ ကြိုးစားနေတဲ့ အတွက်ကြောင့် ဝန်ကြီး ဦးအောင်မင်းက စက်တင်ဘာလ ၂၁ ရက်နေ့ တောင်ကြီးမှာ ကျင်းပနေတဲ့ ယုံကြည်မှု တည်ဆောက်ရေး ညီလာခံမှာ ပြောဆိုသွားတာ ဖြစ်တယ်လို့ မြန်မာငြိမ်းချမ်းရေး စင်တာက ဦးလှမောင်ရွှေ ကပြောပါတယ်။

“လူပေါင်း ၃၀၀ ကျော်နဲ့ အဖွဲ့အစည်းပေါင်း ၅၀ ကျော်တက်တဲ့ပွဲမှာလည်း ဝန်ကြီး ဦးအောင်မင်းအနေနဲ့လည်း ရှင်းပြနိုင်ခဲ့တယ်။ လာမယ့် အပတ်တွေမှာလည်း ဆောင်ရွက်ဖို့ ပြင်ဆင်နေတာဖြစ်တဲ့အတွက် ဒီနှုန်းနဲ့ ကျနော်တို့ ယုံကြည်မှုတည်ဆောက်ပြီး အားလုံးရှင်းပြနိုင်ရင်တော့ အောက်တိုဘာလကုန်မှာ ဆောင်ရွက်မယ့်ပွဲက ဖြစ်လာမှာပါ။”

ဒီကနေ့ဆွေးနွေးပွဲမှာ ပြည်တွင်းငြိမ်းချမ်းရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ အားလုံးပါဝင်တဲ့ ညီလာခံကြီးတစ်ရပ်ကို အမြန်ဆုံး ကျင်းပနိုင်ဖို့ စတဲ့ ကိစ္စတွေကို အဓိကထားပြီး ဆွေးနွေးခဲ့တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်က အတွင်းရေးမှူး ဦးစိုင်းညွှန့်လွင်က ပြောပါတယ်။

“ငြိမ်းချမ်းရေးအတွက်ပါပဲ။ ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံနဲ့ပတ်သက်တာ- နောက်ပြီးတော့ ညီလာခံတရပ်ဖြစ်ဖို့။ ဝန်ကြီးဦးအောင်မင်း မိန့်ခွန်းထဲမှာတော့ သူက MPC အနေနဲ့ အစိုးရပိုင်းနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီအနေနဲ့ လုပ်ဆောင်တာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဘာတွေ လုပ်သွားတယ်ဆိုတဲ့အကြောင်း၊ နောက် ရှေ့လုပ်ငန်းစဉ် အကြောင်း၊ အောက်တိုဘာမှာ အားလုံးပါဝင်မယ့် အပစ်ရပ်စဲရေး လက်မှတ်ထိုးဖို့၊ နောက်တစ်ခါ နောက်နှစ်ထဲမှာ အားလုံးပါဝင်တဲ့ ညီလာခံတစ်ရပ် ကျင်းပနိုင်ဖို့ ပြောပါတယ်။”

အစိုးရက တပြည်လုံး အပစ်အခတ်ရပ်စဲရေးနဲ့ နိုင်ငံရေးအင်အားစုတွေ အားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲကျင်းပဖို့ ပြောဆိုနေချိန်မှာ ရှမ်း၊ ကယားနဲ့ မွန်ပြည်နယ်က နိုင်ငံရေးအင်အားစုတွေ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ဖို့ ဆွေးနွေးပွဲတရပ်ကို တောင်ကြီးမြို့မှာ ၃ ရက်ကြာ ကျင်းပမှာ ဖြစ်ပါတယ်။

ယုံကြည်မှု ပြန်လည်တည်ဆောက်ရေး ညီလာခံကို ဝပြည်သွေးစည်း ညီညွတ်ရေး ပါတီUWSA၊ မိုင်းလားခေါ် အမျိုးသားဒီမိုကရေစီ သွေးစည်း ညီညွတ်ရေးတပ်မတော်NDAA၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီRCSS/SSA တောင်ပိုင်းစတဲ့အဖွဲ့တွေလမ်းခရီးမှာ လာရောက် နေပြီဖြစ်ပြီး ရှမ်းပြည် တိုးတက်ရေး ပါတီ SSPP/SSA မြောက်ပိုင်းက ကိုယ်စားလှယ်တွေလည်း ဒီကနေ့မှာ တက်ရောက်ခဲ့တာပါ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ၈၈ ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူမှုအဖွဲ့အစည်း၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ကျောင်းသား တပ်မတော် (ABSDF)၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီစတဲ့ အရေးပါတဲ့ နိုင်ငံရေး အင်အားစုတွေလည်း တက်ရောက်ခဲ့တယ်လို့ ဦးစိုင်းညွှန့်လွင်က ပြောပါတယ်။

အစိုးရအဖွဲ့အနေနဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကို ဦးတည်နေတဲ့ အချိန်မှာ အခုလို တိုင်းရင်းသား နိုင်ငံရေးပါတီတွေက အခုလိုပွဲမျိုး ပြုလုပ်တာကို ကြိုဆိုတယ်လို့ မြန်မာငြိမ်းချမ်းရေး စင်တာက ဦးလှမောင်ရွှေက ပြောပါတယ်။

“ဒီကနေ့ကျင်းပတဲ့ပွဲမျိုးကို ဝန်ကြီးဦးအောင်မင်းရော Myanmar Peace Center ကရောက - ရန်ကုန်မှာလုပ်တဲ့ပွဲရော၊ လားရှိုးမှာလုပ်တဲ့ ပွဲရော- အခုလုပ်တဲ့ ပွဲရော သုံးကြိမ်လုံးတက်ခဲ့ပါတယ်ဗျ။ တဘက်က အပစ်အခတ်ရပ်ပြီးတော့ ပြည်ထောင်စုအစိုးရနဲ့ ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီတို့အနေနဲ့ တဘက်က အပစ်အခတ်ရပ်တဲ့ ဆွေးနွေးပွဲတွေ ပြင်ဆင်နေတဲ့အချိန်မှာ အများကြီး အထောက်အကူဖြစ်တယ်လို့ ကျနော် ထင်မြင်ပါတယ်။

ဘာကြောင့်လဲ ပြောရရင်တော့ ပြည်သူလူထုဘက်ကလည်း အားလုံးပူးပေါင်း ပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှုဆိုတာကို ကောင်းကောင်းကြိုဆိုတယ်။ ကျနော်တို့ ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီကလည်း အားလုံးပါဝင်တဲ့ Dialogue လိုဟာမျိုးပြင်ဆင်နေတာဆိုတော့ ရည်မှန်းချက်တခုတော့ တူညီနေတယ်ဗျ။ အကောင်အထည်ဖော်တဲ့အပိုင်းသာ ကျနော်တို့ ညှိနှိုင်းတိုင်ပင်ပြီးတော့ ဆက်သွားရမှာပါ။”

ဒီဆွေးနွေးပွဲကို ရှမ်း၊ ကယားနဲ့ မွန်ပြည်နယ်က နိုင်ငံရေးအင်အားစုတွေ သာမက အဖွဲ့အစည်းပေါင်း ၅၀ ကျော်က ကိုယ်စားလှယ် ၃၀၀ နီးပါးတက်ရောက်ခဲ့ပြီး အစိုးရဝန်ကြီးတွေအပါအဝင် အခြားပြည်နယ်နဲ့ တိုင်းဒေသကြီးက နိုင်ငံရေး အင်အားစုတွေပါ ပါဝင်တက်ရောက်လာခဲ့တာပါ။

ယုံကြည်မှု တည်ဆောက်ရေး ညီလာခံကို ၁၉၉၀ ရွေးကောက်ပွဲဝင်ခဲ့တဲ့ နိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်က ဦးစီးကျင်းပခဲ့တာဖြစ်ပြီးတော့ အခုတောင်ကြီးမှာ ကျင်းပတာဟာ ၃ ကြိမ်မြောက်ဖြစ်ပါတယ်။ ပထမနဲ့ ဒုတိယအကြိမ် ညီလာခံတွေကိုတော့ ရန်ကုန်နဲ့ လာရှိုးမြို့တွေမှာ ကျင်းပခဲ့တာပါ ခင်ဗျာ။
XS
SM
MD
LG