သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မွန်တစ်မျိုးသားလုံးဆိုင်ရာ ညီလာခံ ပြည်တွင်းမှာ ပထမဆုံးအကြိမ် ကျင်းပမည်


မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ဈေးတခု၏ မြင်ကွင်း။ မတ် ၁၁၊ ၂၀၁၂။
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ဈေးတခု၏ မြင်ကွင်း။ မတ် ၁၁၊ ၂၀၁၂။
မွန်တစ်မျိုးသားလုံးဆိုင်ရာ ညီလာခံတစ်ရပ်ကို ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံတွင်းမှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။ မွန်တစ်မျိုးသားလုံး စည်းလုံး ညီညွတ်မှု ဖော်ဆောင်ဖို့၊ ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းစဉ်တွေမှာ ပါဝင်နိုင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ကျင်းပမယ့် အခုညီလာခံမှာ ငြိမ်းချမ်းရေး ကိစ္စတွေ၊ တိုင်းရင်းသား တန်းတူအခွင့်အရေးဆိုင်ရာတွေကို ဆွေးနွေးသွားဖို့ ရှိတယ်လို့ ညီလာခံ စီစဉ်သူတွေကပြောပါတယ်။ ဒါ့အပြင် သီးခြားစီ ရပ်တည်နေကြတဲ့ မွန်နိုင်ငံရေးပါတီတွေ အကြား ပေါင်းစည်းနိုင်မယ့် အလားအလာတွေကိုလည်း ဆွေးနွေးကြဖို့ရှိပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိမ်က သတင်းပေးပို့ထားပါတယ်။

မွန်နိုင်ငံရေးပါတီတွေအပါအဝင် မွန်လူမှုအဖွဲ့အစည်းတွေ ပြည်ပရောက် မွန်အင်အားစုတွေစုပေါင်းပြီးတော့ ပထမဆုံးအကြိမ် ကျင်းပမယ့် မွန်တမျိုးသားလုံး ဆိုင်ရာညီလာခံကို နိုင်ငံတော်ခွင့်ပြုချက်နဲ့ တရားဝင် ကျင်းပမှာဖြစ်တယ်လို့ မွန်ဒီမိုကရေစီပါတီ ဒုတိယဥက္ကဋ္ဌ နိုင်တင်အောင်က ပြောပါတယ်။

“သူတို့လက်ခံပါတယ်။ ပြည်ထောင်စုအစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေ ဖိတ်တယ်။ ပြည်နယ်အစိုးရဝန်ကြီး၊ ဝန်ကြီးချုပ်တွေကိုလည်း ဖိတ်မှာပါ။ တရားဝင်အနေနဲ့ ကျနော်တို့ နိုင်ငံတော်ကလက်ခံထားတဲ့ တရားဝင်ပွဲလို့ သတ်မှတ်လို့ရတယ်။”

မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာရှိတဲ့ ပြည်နယ်ခန်းမမှာ စက်တင်ဘာလ ၂၈ ရက်၊ စနေနေ့ကစပြီး သုံးရက်ကြာကျင်းပမယ့် ဒီ ညီလာခံကနေတဆင့် မွန်နိုင်ငံရေးပါတီတွေ ပေါင်းစည်းနိုင်ရေးအတွက် ကြိုးပမ်းလုပ်ဆောင်သွားမယ် လို့လည်း နိုင်တင်အောင် ကပြောပါတယ်။

အခုလို မွန်တမျိုးသားလုံးဆိုင်ရာ ညီလာခံကျင်းရတဲ့အကြောင်းနဲ့ ပက်သက်လို့တော့ ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာ မင်းကြည်ဝင်းက အခုလိုပြောပါတယ်။

“ပြည်တွင်းမှာကျတော့ ဒါ ပထမဆုံးအကြိမ်လို့ ပြောလို့ရတယ်ပေါ့နော်။ ဒုတိယအကြိမ်ကို ၂၀၁၃ ဒီဇင်ဘာလောက် မှန်းထားတယ်။ Mon National Convention တစ်ခုကိုပေါ့။ အဲဒီအတွက်လည်း ပါတာပေါ့။ နောက်တစ်ခုက ကျနော်တို့ မွန်တစ်မျိုးသားလုံး သွေးစည်းညီညွတ်ရေးလည်း အင်အားတရပ် ဖော်ဆောင်သွားဖို့၊ နောက်တစ်ချက်ကတော့ ဒီကနေ့ ပြည်တွင်းမှာ ဖော်ဆောင်မယ့် ထာဝရငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ မွန်တိုင်းရင်းသားတွေ ကလည်းပဲ တခြားတိုင်းရင်းသားတွေနဲ့ အတူ အတူတကွ ပူးပေါင်း ပါဝင်ဆောင်ရွက်ဖို့ နောက်ဆုံးအချက်ကတော့ မွန်တမျိုးသားလုံး ကဏ္ဍ အသီးသီး၊ နယ်ပယ် အသီးသီးမှာ တိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက် တည်ဆောက်သွားဖို့ပေါ့နော်။”

ဒီညီလာခံကျင်းပရတာဟာလဲ မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးတည်ဆောက်ရေးနဲ့ တိုင်းရင်းသားတွေရဲ့တန်းတူရေးနဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်အတွက် မွန်အမျိုးသားတွေအနေနဲ့ ပါဝင်ကြိုးပမ်းလုပ်ဆောင်နိုင်ဖို့ မျှော်လင့်ရကြာင်းကိုလည်းဒေါက်တာ မင်းကြည်ဝင်းက ဆက်ပြောပါတယ်။

“စည်းလုံးညီညွတ်တဲ့ အင်အားတရပ်ကို ဖော်ဆောင်နိုင်မယ်လို့ ကျနော်တို့ မျှော်လင့်ထားပါတယ်။ နောက်တချက်ကတော့ ငြိမ်းချမ်းရေး တည်ဆောက်တဲ့ နေရာမှာ၊ ငြိမ်းချမ်းရေးတည်ဆောက်တဲ့ဖြစ်စဉ်မှာ ကျနော်တို့ အားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးတဲ့ အပိုင်းတွေမှာ ဆုံးဖြတ်ချက်ချတဲ့ဝိုင်းတွေမှာ ကျနော်တို့ မွန်အမျိုးသားကလည်းပဲ တခြားတိုင်းရင်းသားတွေနဲ့ အတူပေါ့နော် တသွေးတည်း တသံတည်းဖြစ်အောင် ကျနော်တို့က မျှော်လင့်ထားပါတယ်။ ဗမာပြည်မှာရှိတဲ့ တိုင်းရင်းသား အားလုံးဟာ တန်းတူညီမျှရေးနဲ့ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ခွင့်ရရှိအောင် အဓိကပေါ့ ဒါ အစဉ်တစိုက် တောင်းဆိုလာတဲ့ ဟာပဲ။ ဒီဟာကို ဒီကနေ့အထိ အကောင်အထည်ဖော်လို့ မရသေးဘူးဗျ။ ဒီကိစ္စကို အခုဖြစ်နေတဲ့ မြန်မာပြည်ရဲ့ ဒီကနေ့ နိုင်ငံရေး အနေအထားမှာ မွန်တွေကလည်းပဲ ကြိုးစားပမ်းစား ဝိုင်းဝန်းဖော်ဆောင်ပေးဖို့ ရှိတယ်ဆိုတဲ့…”

မွန်တမျိုးသားလုံးဆိုင်ရာညီလာခံကို မွန်နိုင်ငံရေးပါတီတွေဖြစ်တဲ့ မွန်ပြည်သစ်ပါတီ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီနဲ့ မွန်ဒီမိုကရေစီ ပါတီအပါအဝင် မွန်လူမှုအဖွဲ့အစည်းတွေဖြစ်တဲ့ မွန်လူငယ်အဖွဲ့၊ မွန်သံဃာတော် အဖွဲ့၊ မွန်အမျိုးသမီးအဖွဲ့ အစည်းတွေ၊ နိုင်ငံတကာရောက် မွန်အဖွဲ့အစည်းတွေ ကနေ ဦးဆောင်ကျင်းပသွားမှာဖြစ်ပါတယ်။
မွန်ပြည်နယ်မှာဆိုရင် မွန်နိုင်ငံရေးပါတီတွေဖြစ်တဲ့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲဝင် မွန်ဒီမိုကရေစီပါတီနဲ့ ၂၀၁၀ ခုနှစ်မှာ ရွေးကောက်ပွဲဝင်ခဲ့တဲ့ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီဆိုပြီး ရွေးကောက်ပွဲဝင် မွန်နိုင်ငံရေး ပါတီနှစ်ခု ရှိနေပါတယ်။ မွန်နိုင်ငံရေးပါတီ ပေါင်းစည်းရေး အခြေအနေနဲ့ပက်သက်ပြီး မွန်ဒီမိုကရေစီပါတီဒုတိယဥက္ကဋ္ဌ နိုင်တင်အောင်က အခုလို ဆက် ပြောပါတယ်။

“အခုလက်ရှိအနေအထားကတော့ ပေါင်းစည်းဖို့က သိပ်ပြီး မနီးစပ်ကြသေးဘူး။ ဒါပေမဲ့ ညှိတုန်းပဲ။ အခြေခံတစ်ခုကတော့ တူညီတာရှိတယ်။ ကျနော်တို့ သံဃာတော်တွေရဲ့ ညှိနှိုင်းပေးချက်အရ --တလတကြိမ်တွေ့ဆုံဆွေးနွေးပြီး ညှိရမယ်-ပေါင်းစည်းရေးအတွက်၊ နာမည်တစ်ခု ရှာရမယ်၊ နာမည်အသစ် တစ်ခုပေါ့ဗျာ။ နောက်တစ်ခုကတော့ ၂၀၁၄ ဒီဇင်ဘာလ နောက်ဆုံးထားပြီး ပေါင်းစည်းရမယ်ဆိုတဲ့သဘောထား နှစ်ဘက်လုံးက လက်ခံထားတာရှိတယ်။ ဒါပေမဲ့ ၂၀၁၃ မှာ သံဃာတော်တွေက အမြင်တစ်ခုကို ဘယ်လို ပြောလာလဲ ဆိုတော့ ၂၀၁၄ ဒီဇင်ဘာဆို အများကြီး နောက်ကျသွားမယ်။ ဒါကြောင့်မို့လို့ ၂၀၁၃ ဒီဇင်ဘာမှာပဲ ပေါင်းစည်းရေးကို လုပ်စေချင်တယ်လို့ သံဃာတော်တွေက အဲလို အစီအစဉ်ရှိပါတယ်။”

အရင်ကဆိုရင် မွန်အမျိုးသားညီလာခံကို နယ်စပ်ဒေသတွေမှာနဲ့ မွန်ပြည်သစ်ပါတီအခြေခံဒေသတွေမှာသာ ကျင်းပခဲ့ပေမဲ့ အခုတကြိမ်ဟာ ပြည်တွင်းမှာ ပထမဆုံးအကြိမ် တရားဝင်ကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။
ဒီညီလာခံမှာ မွန်ပြည်သစ်ပါတီကနေ- “ရေရှည်တည်တံ့မယ့် ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရေး” စာတမ်း၊
မွန်ဒီမိုကရေစီ ပါတီကနေ “မွန်တမျိုးသားလုံး စည်းလုံးညီညွတ်ခြင်းရဲ့အင်အားစုတရပ်” စာတမ်း၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီကတော့ “တည်ငြိမ်အေးချမ်းသာယာတိုးတက်သောနိုင်ငံတော်သို့” စာတမ်းကို ဖတ်ကြားတင်သွင်းသွားမှာဖြစ်သလို နိုင်ငံတကာရောက် မွန်အဖွဲ့အစည်းတွေကနေ မွန်အမျိုးသားမဟာဗျူဟာရေးဆွဲနိုင်ရေးစာတမ်းတွေကို ဖတ်ကြားတင်သွင်းသွားမှာဖြစ်ပါတယ်။

မွန်အမျိုးသားညီလာခံဟာ မွန်တမျိုးသားလုံးအတွက်အရေးပါသလို မွန်တမျိုးသားလုံးရဲ့စည်းလုံးညီညွတ်မှုကို ဖော်ဆောင် သွားမှာဖြစ်ပြီး နိုင်ငံတော်ရဲ့ငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဉ်တွေမှာ မွန်အမျိုးသား အဖွဲ့အစည်းအနေနဲ့ ပါဝင်နိုင်ဖို့ ရည်ရွယ်ထားတယ်လို့လည်း ညီလာခံကျင်းပရေးကော်မီတီဥက္ကဋ္ဌ ဒေါက်တာမင်းကြည်ဝင်းက ပြောပါတယ်။
XS
SM
MD
LG