သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေးဖော်ဆောင်မှု အားလုံးပါဝင်ရေးမူ တိုင်းရင်းသား လက်နက်ကိုင်တွေ တောင်းဆို


ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရက Union Peace Dialogue Joint Committee ကို ပြောင်းလဲသွားဖို့ ရှိနေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရက Union Peace Dialogue Joint Committee ကို ပြောင်းလဲသွားဖို့ ရှိနေပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်တဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဖော်ဆောင်မယ့် ဖြစ်စဉ်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး ပါဝင်နိုင်ရေးက အဓိက အရေးအကြီးဆုံး လုပ်ဆောင် ရမယ့် အချက်ဖြစ်တယ်လို့ အပစ်ရပ်လက်မှတ် မထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် တပ်မတော်ရဲ့ ငြိမ်းချမ်းရေး အပေါ် သဘောထားနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အစိုးရနဲ့ ပူးပေါင်းပါဝင်မှုကလည်း အရေးကြီးတဲ့ ကဏ္ဍဖြစ်တယ် ဆိုတာကိုလည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက ထောက်ပြကြပါတယ်။ လက်ရှိစစ်ရေး တင်းမာနေဆဲ တိုင်းရင်းသားဒေသတွေက ဒေသခံပြည်သူတွေကလည်း ငြိမ်းချမ်းရေးနဲ့ အပစ်ရပ်ကြဖို့အရေး ဒီကနေ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က အပြည့်အစုံတင်ပြပေးပါမယ်။

တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးနဲ့ တတိုင်းပြည်လုံး အတိုင်းအတာနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေးက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ အစိုးရသစ် လက်ထက် အဓိကဦးစားပေးလုပ်ဆောင်မယ့် လုပ်ငန်းဖြစ်တယ် ဆိုတာကို နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့က ပြည်သူကို ကတိပေးပြောဆိုခဲ့ပြီးဖြစ်ပါတယ်။ အခု အချိန်မှာတော့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်ပြီး မြန်မာနိုင်ငံငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသားတွေ အားလုံး အခွင့်အရေး တန်းတူရရှိရေး ၂၁ ရာစုပင်လုံညီလာခံ ခေါ်ယူနိုင်ဖို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို စတင် ဖော်ဆောင်နေပြီဖြစ်ပါတယ်။

၂၁ရာစု ပင်လုံညီလာခံမှာ ပါဝင်သင့်ပါဝင်ထိုက်သူတွေ ပါဝင်နိုင်ရေးနဲ့ ငြိမ်းချမ်းရေး ညီလာခံ ခေါ်ယူနိုင်ရေး ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ကို ဖွဲ့စည်းနိုင်ဖို့ တပ်မတော်၊ လွှတ်တော်၊ အစိုးရ အစုအဖွဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက အစုအဖွဲ့နဲ့ နိုင်ငံရေးပါတီ အစုအဖွဲ့ စသဖြင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ပြီး နေပြည်တော်မှာ ဆွေးနွေးခဲ့ကြ တာပါ။ နိုင်ငံရေးပါတီတွေက ပါဝင်ရမယ့် သူတွေကို ရွေးချယ်နိုင်ရေး မူသတ်မှတ်ချက် အပေါ် အခြေခံပြီး ပါဝင်မယ့် ကိုယ်စားလှယ်ရွေးချယ်ရေး ဆက်လက်ဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

တချိန်တည်းမှာပဲ မကြာခင်လပိုင်းအတွင်းမှာပဲ ဖော်ဆောင်မယ်လို့ ပြောဆိုထားတဲ့ ဒီငြိမ်းချမ်းရေး ဖြစ်စဉ်မှာ အပစ်ရပ်လက်မှတ် မထိုးထားသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ပါဝင်နိုင်ရေးနဲ့ ပတ်သက်ပြီး အစိုးရသစ် နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဘက်က တိကျရှင်းလင်းတဲ့ဆွေးနွေးမှု မရှိသေးဘူးလို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့စုဖွဲ့ထားတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ဘက်က ပြောပါတယ်။ တတိုင်းပြည်လုံး အတိုင်းအတာနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မယ် ဆိုရင်တော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ တလျောက်လုံး ကိုင်စွဲထားတဲ့မူဖြစ်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အားလုံး ပါဝင်နိုင်ရေးကသာ အဓိက အရေးကြီးဆုံးဖြစ်တယ်လို့ UNFC တွဲဖက် အတွင်းရေးမှူး ဦးထွန်းဇော်က ထောက်ပြပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်တို့ဘက်က ပြင်ဆင်တာက ကျွန်တော် နားလည်သလောက်က၊ NCA အပစ် အခတ်ရပ်စဲရေး သဘောတူ စာချုပ်ပေါ်မှာ အခြေခံပြီးမှ ဖြစ်လာတာလေ။ NCA မှာ အားလုံး ပါဝင်မှု မရှိတဲ့အခါကျတော့ အဲဒီအောက်ကနေ အခြား ကျန်နေတဲ့ အဖွဲ့တွေကို ဘယ်လို ဖော်ဆောင်မလဲ ပေါ့နော်။ အဓိကကတော့ သူတို့က ၁၆ဖွဲ့ကိုပဲ အသိအမှတ်ပြုထားတဲ့အတွက် ၁၆ ဖွဲ့ပေါ်မှာပဲ မူတည်ပြီးတော့ ဖွဲ့ထားတာပေါ့လေ။ ကျွန်တော်တို့က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ စုစုပေါင်း ၂၁ ဖွဲ့ရှိတယ်။ ၂၁ဖွဲ့မပါပဲနဲ့ ၁၆ဖွဲ့ ပေါ်မှာပဲ မူတည်ပြီးတော့ ဆက်လုပ်မလား။ ဒါတွေက မရှင်းဘူးပေါ့နော်။ အဲဒါကြောင့် UNFC မှာ ကျန်နေတဲ့ အဖွဲ့အစည်း အားလုံးကကော ဒီအပေါ်မှာ ပါဝင်ခွင့် ရမယ် မရဘူးဆိုတာလည်း ကျွန်တော်တို့ မရှင်းလင်းဘူးပေါ့။ ကျွန်တော်တို့ မြင်တာကတော့ အားလုံး ပါဝင်မှု မရှိပဲနဲ့ ၂၁ ရာစု ညီလာခံပဲ ခေါ်ခေါ်၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံပဲ ခေါ်ခေါ် ပေါ့နော်။ ဒါကတော့ အနှစ်သာရ ပြည့်ဝမှာ မဟုတ်ဘူးလို့ပဲ မြင်ပါတယ်။ အားလုံးပါဝင်မှု ရှိမှပဲ တိုင်းပြည်ရဲ့ စစ်မှန်တဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မယ် လို့ မြင်ပါတယ်။”

အရင်အစိုးရနဲ့ အပစ်ခတ် ရပ်စဲရေးစာချုပ် မချုပ်ဆိုထားပေမဲ့လို့ အခု ပြည်သူက ရွေးချယ်လိုက်တဲ့ NLD အစိုးရနဲ့တော့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ အသင့် ရှိသလို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာလည်း ပူးပေါင်း ပါဝင်ဖို့ ပြင်ဆင်ထားပါတယ်လို့ TNLA တအာင်းလွတ်မြောက်ရေး လက်နက်ကိုင် တပ်ဘက်ကလည်း ပြောပါတယ်။

ဒါပေမဲ့ ဒီကနေ့ မနက်အထိ အစိုးရတပ်နဲ့ တအာင်းလက်နက်ကိုင်တပ်ဖွဲ့ကြား တိုက်ပွဲတွေ ဖြစ်ပြီး စစ်ရေးတင်းမာမှုတွေ ဖြစ်နေဆဲဖြစ်တဲ့ အတွက် မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေးဖြစ်စဉ်မှာ တပ်မတော်ရဲ့ ငြိမ်းချမ်းရေးအပေါ် သဘောထားနဲ့ အစိုးရနဲ့ပူးပေါင်းဆောင်ရွက်လိုမှုနဲ့ ပတ်သက်ပြီးတော့ မေးခွန်းထုတ်လိုတယ်လို့ TNLA ရဲ့ သတင်းပြန်ကြားတာဝန်ခံ ဗိုလ်မှုူး မိုင်အိုက်ကျော်က အခုလိုပြောပါတယ်။

“ဟိုဘက် သက်တမ်းမှာလဲ ကျွန်တော်ကြည့်တာ အစိုးရရဲ့ ပူးပေါင်း ပါဝင်မှုက နည်းတယ်ပေါ့နော်။ အစိုးရက တစ်ဖက်၊ တပ်ဘက်က တစ်ဘက်။ ပြီးတော့ ထိုးစစ်ဆင်တယ်။ အခုလဲပဲ ဒီအတိုင်းပဲ။ အစိုးရ သစ်လက်ထက်မှာ ငြိမ်းချမ်းရေး လုပ်ငန်းတွေ ဖော်ဆောင်နေတယ်။ ဒါပေမယ့် ထိုးစစ်က မရပ်ဘူး။ အထူးသဖြင့် ရှမ်းမြောက်နဲ့ ကချင်ပြည်နယ်မှာလဲ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်နေတယ်။ အဲဒီလိုမျိုး ကြည့်လို့ ရှိရင် တပ်မတော်နဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု အခန်းကဏ္ဍက ပူးပေါင်းပါဝင်မှု အားနည်းတယ်လို့ တော့ မြင်တယ်ပေါ့နော်။ အထူးသဖြင့် တပ်မတော်ကော တကယ့်တကယ်ဒီ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ဘယ်လောက်တောင် ထဲထဲဝင်ဝင် ပါဝင်မလဲ ဆိုတာလဲ အရေးကြီးတယ်။”

အခုအချိန်အထိ ကတော့ ရှမ်းပြည်နယ် မြောက်ပိုင်းဘက်မှာ အစိုးရတပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေဆဲဖြစ်သလို ဒေသခံတွေ ထောင်ပေါင်းများစွာ အိုးအိမ် စွန့်ခွာထွက်ပြေးနေရသလို အိုးအိမ်တွေလည်း မီးရှို့ဖျက်ဆီးခံနေရတဲ့အတွက် ဒီကနေ့ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့ဘက်မှာ ဒေသခံပြည်သူတွေ၊ နိုင်ငံရေးပါတီတွေ၊ ရဟန်းသံဃာတော်တွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ ပူးပေါင်းပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဒေသတွင်း တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးကို စစ်ဘေးဒဏ်သင့် ဒေသခံတွေက အထူးလိုလားနေကြပါတယ်လို့ ဆန္ဒထုတ်ဖော်ပွဲ ဦးဆောင်သူတဦးဖြစ်တဲ့ ဦးစိုင်းဝင်းမြင့်က အခုလိုပြောပါတယ်။

“ငြိမ်းချမ်းရေးက တော့ အဓိကပါပဲ။ ဒုတိယ အချက်ကတော့ မည်သည့် လက်နက်ကိုင်အဖွဲ့အစည်း မဆို ကျွန်တော်တို့ ပြည်သူတွေကို နှိပ်စက်တယ်။ ညှင်းပန်းတယ်။ မီးရှို့တယ်။ သတ်ဖြတ်တယ်။ အဲဒီ လုပ်ရပ်တွေကို ဆန့်ကျင်တာပါ။ ဒါကျွန်တော်တို့ တပြည်လုံးပေါ့နော် ရခိုင်မှာ ဖြစ်တာကော ရှမ်းပြည်နယ်မှာ ဖြစ်တာကော၊ ငြိမ်းချမ်းစွာ အတူနေထိုင်ရေးမူကိုပဲ အဓိက ထားပြီးတော့ ငြိမ်းချမ်းရေး ဖော်ဆောင်စေချင်ပါတယ် လို့။”

အခုအချိန်အထိ ကတော့ ၂၁ ရာစုပင်လုံညီလာခံခေါ်ယူနိုင်ရေး ငြိမ်းချမ်းရေး ညီလာခံခေါ်ယူနိုင်ရေး ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ကို ဖွဲ့စည်းနိုင်ဖို့မှာတော့ နိုင်ငံရေး ပါတီတွေအပေါ် လွှတ်တော်တွင်း ပါဝင်မှ ဆိုတဲ့ မူ ကန့်သတ်ချက်၊ ညီလာခံမှာ အရပ်ဖက်အဖွဲ့အစည်းတွေ ပါဝင်ခွင့် မပေးတဲ့အပေါ် မေးခွန်းထုတ်မှုတွေနဲ့ ဝေဖန်မှုတွေလည်းရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG