သုံးရလွယ်ကူစေသည့် Link များ

လွတ်တဲ့နိုင်ငံရေးအကျဉ်းသား အရေအတွက် နည်းပါးမှု AI မကျေနပ်


လွတ်တဲ့နိုင်ငံရေးအကျဉ်းသား အရေအတွက် နည်းပါးမှု AI မကျေနပ်

နိုင်ငံရေးအကျဉ်းသားတွေ အခုလို လွှတ်ပေးတာကို Amnesty International လို့ခေါ်တဲ့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးကလည်း ကြိုဆိုလိုက်ပါတယ်။ ဒါပေမယ့် ဒီကနေ့ လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသားဦးရေဟာ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား စုစုပေါင်းရဲ့ ၅ ရာခိုင်နှုန်းလောက်ပဲ ရှိသေးတာမို့ ကျန်နေသေးတဲ့ အကျဉ်းသားတွေကို အမြန် လွှတ်ပေးဖို့လိုတယ်လို့ ပြောပါတယ်။ ကိုဇော်ဝင်းလှိုင်က အပြည့်အစုံကို တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံအတွင်းက နိုင်ငံရေးအကျဉ်းသားတွေ ချွင်းချက်မရှိ လွှတ်ပေးရေးအတွက် အစဉ်တစိုက် တောင်းဆိုလာတဲ့ AI နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးက အခုလို နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးလိုက်တဲ့အပေါ် ကြိုဆိုလိုက်ပေမယ့် ဒီလောက်နဲ့ မလုံလောက်သေးဘူးလို့ ပြောလိုက်တာပါ။

“အခုလွှတ်ပေးလိုက်တဲ့အရေအတွက်က မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသား စုစုပေါင်းရဲ့ ၅ ရာခိုင်နှုန်းလောက်ဘဲ ရှိသေးတဲ့အတွက် ဒါဟာ မလုံလောက်ပါဘူး။ ပြန်လွတ်လာကြတဲ့ နိုင်ငံရေးအကျဉ်း သားတွေ၊ သူတို့ရဲ့ မိသားစုဝင်တွေအတွက် ကျနော်တို့အနေနဲ့ ၀မ်းသာရပါတယ်။ ဒါပေမယ့် ဒါက တိုင်းပြည် အတွင်းမှာ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ပါမယ်ဆိုပြီး ပေးထားတဲ့ ကတိတွေနဲ့ ကိုက်ညီ ခြင်းမရှိပါဘူး။”

Amnesty International နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးရဲ့ မြန်မာနိုင်ငံအရေး ကျွမ်းကျင်သူ Benjamin Zawacki ပြောပြခဲ့တာပါ။

မိမိတို့ရဲ့ ယုံကြည်ချက်အသီးသီးကြောင့် ဖမ်းဆီးခံခဲ့ရသူတွေကို မတရားသဖြင့် ပုဒ်မတွေတပ်ပြီး အာဏာပိုင် တွေဘက်က တဖက်သတ် ပြစ်ဒဏ် စီရင် ချမှတ်ခဲ့တာလို့ AI က ပြောပါတယ်။

အခုပြန်လွတ်လာသူတွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေပါပေမယ့်လည်း အာဏာပိုင်တွေဖက်ကတော့ နိုင်ငံရေးအကျဉ်းသားတွေ ရှိတယ်ဆိုတာကို ဘယ်တုန်းကမှ ၀န်ခံခဲ့ခြင်းမရှိသလို အခု တကြိမ် ပြန်လွှတ် တော့လည်း နိုင်ငံရေးအကျဉ်းသားဆိုတဲ့ စကားလုံးကို သုံးခဲ့ခြင်း မရှိပါဘူး။ ဒါပေမယ့် စကားလုံး အသုံးအနှုန်းထက် လူတွေလွတ်လာတာက ပိုအရေးကြီးတယ်လို့ ဘန်ဂျာမဲန် ဇာဝက်ကီးက ပြောပါတယ်။

ကျန်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ချက်ချင်း လွှတ်ပေးဖို့ လိုအပ်တယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာ ခွင့် အဖွဲ့ကြီးက တောင်းဆိုလိုက်ပါတယ်။

“အစကတည်းက ဒီလူတွေ အဖမ်းခံရစရာ အကြောင်းကို မရှိပါဘူး။ နောက်တခုက အခု နိုင်ငံရေး အကျဉ်း သားတချို့ လွှတ်ပေးတာအပါအ၀င် တိုင်းပြည်ထဲမှာ လုပ်နေတယ်ဆိုတဲ့ ပြုပြင် ပြောင်းလဲမှုတွေဟာ နေပြည်တော်နဲ့ ရန်ကုန်မှာတင်သာမကဘဲ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အမျိုးမျိုး ကျူးလွန်ခံနေရတဲ့ တိုင်းရင်းသားဒေသတွေအထိပါ တိုးချဲ့ လုပ်ဆောင်ဖို့လိုအပ်ပါတယ်။”

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က မြန်မာ့ရေးရာကျွမ်းကျင်သူ ဘင်ဂျမဲန် ဇာဝက်ကီး ပြောပြခဲ့တာပါ။

XS
SM
MD
LG