သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Hillary Clinton သမ္မတအရည်အချင်းပြည့်မီကြောင်း Obama ထောက်ခံပြောကြားမည်


လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် ဦးတည်ပြီး ဒီမိုကရက်ပါတီညီလာခံကို ဒီကနေ့ တတိယနေ့အဖြစ် အခု အသံလွှင့်နေချိန်မှာ ကျင်းပနေပါတယ်။ ပါတီသမ္မတလောင်း ဟီလာရီ ကလင်တန်အပေါ် ထောက်ခံမှုပြကြမယ့် ဒီကနေ့အစီအစဉ် ထူးခြားချက်နဲ့ ပတ်သက်လို့ Philadelphia မှာ ကိုယ်တိုင်သတင်းသွားယူနေတဲ့ ဝိုင်းတော်သား ကိုအောင်လွင်ဦး ကို ဆက်သွယ်မေးမြန်းကြည့်ပါမယ်။

မေး - ကိုအောင်လွင်ဦးရေ ဒီနေ့ ညီလာခံတတိယနေ့ကို သမ္မတအိုဘားမားနဲ့ အခြား ထိပ်တန်းခေါင်းဆောင်တွေလည်း တက်ရောက်ပြီး မိန့်ခွန်းပြောကြားမယ်ဆိုတော့ ဘာတွေ ပြောမယ်လို့ သိထားရလဲခင်ဗျ။

ဖြေ - သမ္မတ အိုဘားမား၊ ဒုသမ္မတ ဂျိုးဘိုင်ဒင်၊ ကလင်တန်နဲ့အတူ ဒုသမ္မတအဖြစ် ရွေးချယ်ထားတဲ့ Tim Kane တို့က ကလင်တန်ရဲ့ နိုင်ငံရေးအတွေ့အကြုံတွေနဲ့အတူ အမေရိကန် ပြည်ထောင်စုကို ဦးဆောင်နိုင်စွမ်း ရှိသူအဖြစ် ပြောဆိုကြမှာ ဖြစ်ပါတယ်။ သမ္မတ အိုဘားမား အနေနဲ့ကတော့ သမ္မတလောင်း ကလင်တန် ဟာ အမေရိကန်ကို ဦးဆောင်ဖို့ ဘယ်လောက်အထိ အဆင်သင့်ဖြစ်နေတယ်၊ ခက်ခဲကြီးမားတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်စွမ်းရှိသူဖြစ်တယ် ဆိုတာတွေကို ထည့်သွင်းပြောကြားမယ့်အကြောင်း အိမ်ဖြူတော်က ထုတ်ပြန်တဲ့ သမ္မတမိန့်ခွန်း ကောက်နှုတ်ချက်က ဖော်ပြထားပါတယ်။ ပြည်တွင်းက စိန်ခေါ်မှုတွေ၊ ကမ္ဘာတဝှမ်းက ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းရာမှာ သမ္မတအိမ်ဖြူတော်မှာ အတွေ့အကြုံရှိဖူးသူတဦး၊ အတိုက်အခံတွေနဲ့ ဘယ်လောက်ပဲ ကြုံရကြုံရ အလျှော့မပေးတတ်သူအဖြစ် သူသိတဲ့ ကလင်တန်အကြောင်းကို ပြောကြားမှာလည်း ဖြစ်ပါတယ်။

သမ္မတ အိုဘားမား အနေနဲ့ကတော့ လွန်ခဲ့တဲ့ ၁၂ နှစ်တုန်းက ဒီမိုကရက်တစ်ပါတီညီလာခံမှာ ပထမဆုံးအကြိမ် သူကိုယ်တိုင် မိန့်ခွန်းပြောခဲ့စဉ်တုန်းကလို အမေရိကန်ကို စုစည်းညီညွတ်မှုရှိအောင်လုပ်ဖို့ ရီပတ်ဘလစ်ကန်၊ ဒီမိုကရက်ဆိုပြီး သဘောထားကွဲလွဲ မနေကြဖို့တွေကို အာရုံစိုက်မယ်လို့လည်း တာဝန်ရှိသူတွေက ပြောကြပါတယ်။ နောက်တခုက ဟီလာရီ ကလင်တန်သာ အမေရိကန်ရဲ့ သမ္မတဖြစ်ထိုက်သူ၊ ပြိုင်ဘက် ရီပတ်ဘလစ်ကန်ပါတီက သမ္မတလောင်း Donald Trump လို အပြောသက်သက် မဟုတ်ပဲ လက်တွေ့ ဦးဆောင်မှုပေးနိုင်တဲ့ အတွေ့အကြုံတွေကို ပိုင်ဆိုင်သူတဦး အဖြစ်နဲ့လည်း အမေရိကန်ရုပ်သံ NBC မေးမြန်းခန်းမှာ သမ္မတအိုဘားမား ကပြောဆိုသွားတယ်ဆိုတော့ ဒီလိုပြောဆိုမှုတွေ ကြားရနိုင်ပါတယ်။

မေး - ညီလာခံ တတိယနေ့မှာ လွှတ်တော်ပိုင်းက ခေါင်းဆောင်တွေလည်း တက်ကြမှာဆိုတော့၊ ဘယ်သူတွေ ပါသေးလဲ။

ဖြေ - ဒီမှာကတော့ သမ္မတ အိုဘားမားအပြင် ထူးထူးခြားခြားအဖြစ်နဲ့ ဒုသမ္မတ Joe Biden နဲ့ ဇနီး Jill Biden တို့လည်း တက်ကြပါလိမ့်မယ်။ သူတို့ကလည်း သမ္မတလောင်း ကလင်တန်ရဲ့ စွမ်းဆောင်ရည်တွေကို ပြောပါလိမ့်မယ်။ နောက်ပြီးတော့ ဗာဂျီးနီးယားပြည်နယ် အထက်လွှတ်တော်အမတ်ဟောင်း Tim Kaine ကလည်းပဲ ဒုသမ္မတလောင်းအဖြစ်နဲ့ ပါတီရဲ့ အဆိုပြုချက်ကို တရားဝင် လက်ခံယူရင်းနဲ့ မိန့်ခွန်းစကားပြောမှာပါ။ စောစောကမေးသလိုပေါ့ လွှတ်တော်ပိုင်းက အစောပိုင်းမှာ ပြောသွားကြတဲ့ လူတွေထဲမှာ ပထမဆုံးအကြိမ် လွှတ်တော်ကိုယ်စားလှယ်အဖြစ်နဲ့ တာဝန်ယူခွင့်ရခဲ့ကြတဲ့ အာရှနဲ့ ပစိဖိတ်နွယ်ဖွား အမေရိကန်တွေလည်း ပါကြပါတယ်။ နောက်တခါ Hillary Clinton က အထက်လွှတ်တော်အမတ်အဖြစ်နဲ့ တာဝန်ယူခဲ့ဖူးတဲ့ နယူးယောက်က မြို့တော်ဝန် Bill de Blasio ပါတယ်။ နောက် နယူးယောက်က စီးပွားရေးလုပ်ငန်းရှင် ရီပတ်ဘလစ်ကန်ပါတီက သမ္မတလောင်း Donald Trump နဲ့ မတူဘဲနဲ့ တမူးထူးခြားတဲ့ ကလင်တန်ရဲ့ အရည်အချင်းတွေကို သူကလည်း ပြောသွားပါတယ်။ နောက်ထပ် ပြောကြမယ့် လွှတ်တော်ပိုင်းက အကြီးတန်းပုဂ္ဂိုလ်တွေထဲမှာ ပါတီရဲ့ အထက်လွှတ်တော် လူနည်းစုခေါင်းဆောင် Harry Reid၊ မေရီလန်းပြည်နယ် အုပ်ချုပ်ရေးမှူး Martin O'Malley စတဲ့ ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေလည်း ပြောမှာပါ။ ဒါပေမဲ့ အခု ဒီမတိုင်ခင်မှာပေါ့လေ မကြာသေးခင်ကပဲ အစောပိုင်းမှာပြောသွားတဲ့ ပုဂ္ဂိုလ်တွေထဲမှာ ထူးထူးခြားခြားအဖြစ်နဲ့ လူ့အခွင့်အရေးလှုပ်ရှားသူလည်းဖြစ်တယ်၊ ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်းတဦးလည်းဖြစ်ခဲ့ဖူးတဲ့ လူမည်းနိုင်ငံရေးခေါင်းဆောင် Jesse Jackson လည်း ညီလာခံတတိယနေ့မှာ အခုလို ပြောကြားသွားပါတယ်။

“ဒီမြေဟာ ကျနော်တို့မြေဖြစ်တယ်၊ ဘုရားသခင်ရှေ့မှောက်မှာတော့ အနီ၊ အဝါ၊ အညို၊ အမည်း၊ အဖြူ အသွေးအရောင်စုံ အတူတကွ ပေါင်းစည်းနေထိုင်ကြတယ်။ ဒီအချိန်ဟာ ဒဏ်ရာတွေကို ကုစားရမယ့်အချိန်၊ မျှော်လင့်ချက်တွေ ရှင်သန်လာတဲ့အချိန်၊ ဟီလာရီရဲ့အချိန် တန်နေပါပြီ” - လို့ ပြောသွားတာ ဖြစ်ပါတယ်။

မေး - အရင်တပတ်က ရီပတ်ဘလစ်ကန် ညီလာခံလည်း သွားခဲ့သေးတာဆိုတော့ ညီလာခံ ၂ ခုမှာ ပြောကြဆိုကြတာတွေ ဘာတွေခြားနားမှု တွေ့ရလဲ။

ဖြေ - ပြီးခဲ့တဲ့တပတ်က Cleveland မှာ ကျင်းပခဲ့တဲ့ ရီပတ်ဘလစ်ကန် ညီလာခံမှာတော့ စကားပြောတဲ့လူ ၇၁ ယောက်မှာ အမျိုးသားက ၄၆ ယောက်၊ အမျိုးသမီး ၂၅ ယောက် ရာခိုင်နှုန်းအားဖြင့် ဆိုရင်တော့ အမျိုးသမီး ၃၅ ရာခိုင်နှုန်းနဲ့ လူဖြူမဟုတ်တဲ့သူ ၂၀ ရာခိုင်နှုန်း ရှိပါတယ်။ ဒီမိုကရက်တစ်ပါတီ ညီလာခံမှာတော့ စုစုပေါင်း စကားပြောတဲ့သူက ၂ ဆနီးပါးလောက်များပြီး ၁၃၃ ယောက် ရှိပါတယ်။ ဒီအထဲမှာ အမျိုးသားက ၇၆ ယောက်၊ အမျိုးသမီးက ၅၇ ယောက် ရာခိုင်နှုန်း အနေနဲ့ကတော့ အမျိုးသမီး ၄၃ ရာခိုင်နှုန်း၊ လူဖြူမဟုတ်တဲ့သူက ၄၄ ရာခိုင်နှုန်း ပါဝင်ပါတယ်။ ဒါကတော့ အချက်အလက်အားဖြင့် သိသိသာသာ ကွာခြားတဲ့ အချက်လို့ဆိုရမှာပါ။

မေး - မနက်ဖြန် ညီလာခံ နောက်ဆုံးနေ့မှာရော ထူးထူးခြားခြား ဘာအစီအစဉ်တွေ ရှိမယ်လို့ သိရလဲ

ဖြေ - ညီလာခံနောက်ဆုံးနေ့မှာတော့ ဒီမိုကရက်တစ်ပါတီ အတွက်သာမက အမေရိကန်ရဲ့ ပထမဆုံး အမျိုးသမီး သမ္မတလောင်းအဖြစ် ဟီလာရီ ကလင်တန် က တရားဝင် လက်ခံယူရင်းနဲ့ မိန့်ခွန်းပြောမယ့် အစီအစဉ်ကတော့ ထူးခြားပါလိမ့်မယ်။ သမီးဖြစ်သူ ချဲလ်ဆီး ကလည်း ညီလာခံ စကားပြောဖို့ စီစဉ်ထားပြီး၊ သူ့အနေနဲ့ကတော့ မိသားစု ဘဝနဲ့ မိခင်ဖြစ်သူ ကလင်တန်ရဲ့ ဦးဆောင်နိုင်စွမ်းတွေကို ဆက်စပ်ပြောလိမ့်မယ်လို့လည်း မျှော်လင့်ရပါတယ်။ ညီလာခံ နောက်ဆုံးနေ့ကို Stronger Together လို့ ခေါင်းစဉ်ပေးထားတဲ့အတိုင်း ညီညွတ်မှုက ပိုမိုခိုင်မာ တောင့်တင်းတဲ့ အမေရိကန် ဖြစ်လာမယ်၊ ဒီလိုဖြစ်အောင်လည်း ကလင်တန်က ဦးဆောင်နိုင်မယ် ဆိုတာကို ပြောကြမှာပါခင်ဗျ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG