သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ALP တပ်ဖွဲ့ဝင်တွေပစ်ခတ်မှု စစ်တွေဒေသခံတဦး ဒဏ်ရာရ


စစ်တွေမြို့ စက်ရုံစုရပ်ကွက် (ယခင်မှတ်တမ်းဓာတ်ပုံ/ဓာတ်ပုံ - Morn Kaung)
စစ်တွေမြို့ စက်ရုံစုရပ်ကွက် (ယခင်မှတ်တမ်းဓာတ်ပုံ/ဓာတ်ပုံ - Morn Kaung)

[[Zawgyi/Unicode]]

စစ်တွေမြို့ နာဇီရပ်ကွက်လို့လည်း ခေါ်ကြတဲ့ စက်ရုံစုရပ်ကွက်က ဒေသခံနှစ်ဦးကို ရခိုင်ပြည်နယ် လွတ်မြောက်ရေးပါတီ ALP တပ်ဖွဲ့ဝင်တွေ သေနတ်နဲ့ပစ်ခတ်ခဲ့လို့ တဦးဆေးရုံတင်ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြား တကျော့ပြန်တိုက်ပွဲတွေ ပြင်းထန်လာနေချိန်မှာပဲ ရခိုင်ပြည်လွတ်မြောက်ရေးပါတီတပ်ဖွဲ့ဝင်တွေဟာ စစ်ကောင်စီနဲ့ပေါင်းပြီး ဒေသခံပြည်သူတွေကို ဖမ်းဆီး ရိုက်နှက်နေတယ်လို့ ရခိုင်အရေးလေ့လာသူ တဦးက စွပ်စွဲပါတယ်။ ALP ဘက်ကတော့ တပ်ဖွဲ့ဝင်တွေရဲ့လုံခြုံရေးအရ သေနတ်ကိုင်ရတာဖြစ်တယ်လို့ တုံ့ပြန်ပြောဆိုပါတယ်။ ရခိုင်ပြည်နယ်အခြေအနေ ရန်ကုန်ကလာတဲ့ သတင်းပေးပို့ချက်ကို ကိုစံကျော်က တင်ပြပေးထားပါတယ်။

မြန်မာစစ်တပ်နဲ့အပစ်ရပ်စဲရေး NCA လက်မှတ်ထိုးထားတဲ့ ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ ALP အဖွဲ့က တပ်ဖွဲ့ဝင်တဦး ဈေးဆိုင်ပိုင်ရှင်တဦးနဲ့ အောက်တိုဘာလ ၁၀ ရက်နေ့က အချင်းများရာက စစ်တွေမြို့ နာဇီရပ်ကွက်ခေါ် စက်ရုံစုရပ်ကွက်ထဲကို နောက်ထပ် ALP တပ်ဖွဲ့ဝင် ၈ ဦးထက်မနည်း လက်နက်တွေနဲ့ ရောက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် အရပ်သားတဦး ထိခိုက်ဒဏ်ရာရပြီး ဆေးရုံတင်ထားရတဲ့အကြောင်း မျက်မြင်သက်သေတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီပြောခွင့်ရ ဒုဗိုလ်မှူးကြီး ခိုင်ကျော်စိုးကတော့ ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ ALP ကို မကြိုက်တဲ့သူတွေက သူတို့ ရဲဘော်တဦးကို ဝိုင်းရိုက်တဲ့အတွက် သွားရောက် ဖမ်းဆီးတဲ့အချိန်၊ သေနတ်လုခံရတာကြောင့် တုံ့ပြန်ပစ်ခတ်တာလို့ ပြောပါတယ်။

“ အပြန်အလှန်ဖြစ်ကြတာပါ။ အဲဒီအချိန်မှာ သေနတ်နဲ့တယောက်က ချိန်တယ်၊ မင်းတို့အဖမ်းခံပါ၊ မရိုက်နဲ့ ဆိုပြီးတော့ အဲဒီအချိန်မှာ အဖမ်းမခံဘဲ သေနတ်ကိုင်ထားတဲ့သူဆီက သေနတ်ကိုလုတာကြောင့် နောက်တယောက်က ထုတ်ပြီးတော့ ပစ်လိုက်တာ။ သေလောက်တဲ့ ဒဏ်ရာတော့မဟုတ်ပါဘူး။ ပေါင်ကိုပဲ ပစ်လိုက်တာပါ။ သုံးလေးချက် မပစ်ပါဘူး။ ၂ ချက်ပဲ ပစ်တာပါ။”

ဒီလအတွင်း စစ်တွေမြို့ နာဇီရပ်ကွက်ခေါ် စက်ရုံစုက ဒေသခံလင်မယားနှစ်ဦးကို ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ ALP တပ်ဖွဲ့ဝင်တွေနဲ့ မြန်မာစစ်တပ်တပ်ဖွဲ့တွေက ဖမ်းဆီးသွားခဲ့ပြီး အမျိုးသမီးကို ပြန်လွှတ်ပေးလိုက်ပေမယ့် အမျိုးသားဖြစ်သူကတော့ အခုအချိန် အဆက်အသွယ် မရသေးတဲ့အကြောင်း ဖမ်းဆီးခံထားရသူရဲ့ အမက ရခိုင်လိုပြောပါတယ်။

“ ၁၁ နာရီကျော်လောက်မှာ လာဖမ်းတယ်တဲ့၊ စစ်သားတွေနဲ့ ALP ကလူတွေ လာပြီးတော့ မိန်းမကိုတော့ အမှတ် ၁ ရဲစခန်းကို ယူသွားတယ်။ လင်ကိုတော့ စစ်သားကားပေါ်တင်ပြီးတော့ ALP ရုံးရှေ့မှာ မြင်ခဲ့တယ်လို့ ပြောတယ်။ အဆက်အသွယ်မရတော့ တော်တေ်ာစိတ်ပူနေရတယ်။ ကျမတို့ သိချင်တာက ဘယ်သူဖမ်းထားတယ်၊ ဥပဒေနဲ့ ထောင်ချရင်လည်း ချပေါ့။ သူ့သတင်းကို သိချင်တယ်။”

ALP ပါတီဘက်ကတော့ စစ်တပ်နဲ့ ပူးပေါင်းပြီး ဒေသခံတွေကိုဖမ်းဆီးနေတယ်ဆိုတဲ့ သတင်းတွေ မဟုတ်မှန် ဘူးလို့ ငြင်းဆိုထားပါတယ်။

ရခိုင်ပြည်နယ်မှာ ရခိုင်လက်နက်ကိုင် AA အဖွဲ့အပေါ် အားပေးထောက်ခံကြတဲ့ ရခိုင်ပြည်သူတွေက မြန်မာစစ်တပ်နဲ့ အပစ်ရပ်စဲရေး NCAလက်မှတ်ရေး ထိုးထားတဲ့ ALP ပါတီရဲ့ နိုင်ငံရေးခံယူချက်နဲ့ လုပ်ဆောင်ချက်တွေအပေါ် ကန့်ကွက်နေကြတဲ့အကြောင်း ရခိုင်အရေး ကျွမ်းကျင်သူတဦးဖြစ်တဲ့ ဦးထွန်းကြည်က ပြောပါတယ်။ ဒီအပေါ် ALP ပါတီဘက်က တုံ့ပြန်ချက်ဟာ အကြမ်းဖက်လာတဲ့ လက္ခဏာတွေ တွေ့ရတယ်လို့လည်း သူက စွပ်စွဲပါတယ်။

“AA နဲ့ စစ်ကောင်စီတပ်တို့ရဲ့ တကျော့ပြန်တိုက်ပွဲ ဖြစ်လာတဲ့ အခါကျတော့မှာ ALP ပါတီက စစ်တွေမြို့ပေါ်မှာ ဖမ်းဆီး တရားစီရင်တာတွေအထိ လုပ်လာတာ တွေ့ရတယ်။ ပြည်သူလူထုကတော့ လက်ခံတာမတွေ့ရဘူး။ဘာဖြစ်လို့လဲဆိုတော့ရခိုင်ပြည်သူတွေရဲ့ နိုင်ငံရေးမျှော်မှန်းချက်နဲ့ ALP ထပ်တူမကျဘူး၊ နောက်တချက်ကတော့ လက်ရှိစစ်ကောင်စီဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကိုလည်း ALP က တက်နေတာရှိတယ် ဆိုတော့ ဒီအခြေအနေကို ရခိုင်လူထုအနေနဲ့လက်ခံတာ လုံးဝမတွေ့ရဘူး၊ ဒါကြောင့် ဒီတလနှစ်လမှာ ALP ရဲ့ စစ်တွေမြို့ပေါ်မှာ လုပ်ဆောင်ချက်တချို့ဟာ အကြမ်းဖက်မှု ဆန်လာတယ်ဆိုတာကတော့ ငြင်းလို့မရတဲ့အချက်လို့ ကျနော်ပြောချင်ပါတယ်။”

ရခိုင်လက်နက်ကိုင် AA အဖွဲ့ဘက်ကလည်း ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ ALP တပ်ဖွဲ့ဝင်တွေနဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေကို ဖမ်းဆီးစစ်ဆေးနေတာတွေရှိခဲ့ပါတယ်။ ရခိုင်ပြည်နယ်မှာ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကလွဲပြီး တခြားလက်နက်ကိုင်အဖွဲ့တွေ မထားဘူးဆိုပြီးတော့ လည်း AA ဘက်က ပြောထားပါတယ်။

ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ ALP ဘက်ကတော့ သူတို့အဖွဲ့ဟာ NCA လမ်းကြောင်းကို သွားနေတဲ့ အဖွဲ့ဖြစ်တာကြောင့် လက်နက်အသုံးမပြုပေမယ့် လက်ရှိမှာတော့ တပ်ဖွဲ့ဝင်တွေ လုံခြုံရေး စိုးရိမ်ရတဲ့အတွက် လက်နက်ကိုင်ထားတယ်လို့ တုံ့ပြန်ပါတယ်။ ALP ပါတီရဲ့ ဒုဗိုလ်မှူးကြီးခိုင်ကျော်စိုးက အခုလို ပြောပါတယ်။

“အရင်တုန်းကတော့ ကျနော်တို့ ဘာမှမကိုင်ဘူး။ ဓားတွေ၊ တုတ်တွေ၊ သေနတ်တွေ ဘာမှ စိတ်မကူးဘူး။ ငြိမ်းရေးအရ သွားနေတယ်၊ နိုင်ငံရေးကို နိုင်ငံရေးအရ ဆွေးနွေးမယ်၊ အဲလို သဘောထားနဲ့ ကျနော်တို့က ဘာမှ ကိုင်ဆောင်ထားတာမရှိဘူး။ အခုနောက်ပိုင်းမှာ ကျနော်တို့ပါတီက ခေါင်းဆောင်တွေကို အုပ်စုဖွဲ့ပြီးတော့ ဖမ်းလာတယ်၊ အဲလို လုပ်လုပ်တဲ့အပေါ် သည်းမခံနိုင်လို့ လက်လုပ်သေနတ်တွေ၊ လေသနတ်တွေ အနည်းအကျင်း ပေးထားတာတော့ရှိပါတယ်။”

ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ ALP ပါတီဟာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) မှာ လက်မှတ်ရေးထားထိုးတဲ့ အဖွဲ့ဖြစ်သလို စစ်ကောင်စီက ခေါ်ယူတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကိုလည်း တက်ရောက်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

================

[[Unicode]]















XS
SM
MD
LG