သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ ALP ရခိုင်ပါတီတို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြေလည်မှုမရ


ALP ရခိုင်ပြည် လွတ်မြောက်ရေးပါတီနဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းအဖွဲ့တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ စတုတ္ထအကြိမ် တွေ့ဆုံစဉ် (၉ စက်တင်ဘာ ၂၀၁၃)
ALP ရခိုင်ပြည် လွတ်မြောက်ရေးပါတီနဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းအဖွဲ့တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ စတုတ္ထအကြိမ် တွေ့ဆုံစဉ် (၉ စက်တင်ဘာ ၂၀၁၃)
မြန်မာအစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မီတီနဲ့ ဒီကနေ့ ပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ အဆင်မပြေဘူးလို့ ALP ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဒုဥက္ကဌ ခိုင်စိုးနိုင်အောင်က ပြောပါတယ်။ ဒီကနေ့ မနက်ပိုင်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ဦးခင်ရီ စတဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း
ကော်မီတီနဲ့ တွေ့ဆုံဆွေးနွေးအပြီး ခိုင်စိုးနိုင်အောင်က ဗွီအိုအေကို အဲ့ဒီလို ပြောလိုက်တာပါ။ အပြည့်အစုံကိုတော့ ဝိုင်းတော်သား ကိုဇော်ဝင်းလှိုင်က ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

မြန်မာအစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မီတီ ဒုဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီတို့ တွေ့ဆုံပြီး နောက်တရက် ဒီကနေ့ တနင်္လာနေ့မှာ ALP ရခိုင်ပြည်လွတ်မြောက်ရေးပါတီတို့ သီးခြား တွေ့ဆုံကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကနေ့ ပြုလုပ်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုဟာ အဆင်မပြေဘူးလို့ ALP ပါတီ ဒုဥက္ကဌ ခိုင်စိုးနိုင်အောင်က ဗွီအိုအေကို ပြောပါတယ်။

“အဆင်မပြေဘူး။ အဆင်မပြေဘူး။ သူတို့ ကျနော်မြင်တာက သူတို့က ဘယ်လိုပြောမလဲ။ ပွင့်လင်းမှုမရှိဘူးဗျာ။ ကျနော့်အဖွဲ့ကို ဘယ်လိုပုံစံမျိုး၊ ဘာကြောင့်လုပ်ထားသလဲဆိုတာကို ကျနော်လည်း ချက်ခြင်းတော့ ခန့်မှန်းလို့ မရဘူး။ ယေဘုယျပြောနေတာကတော့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မယ်ဆိုတဲ့ အနေအထားက ဖြစ်မှဖြစ်ပါ့မလား။ အဲ့လိုပုံစံမျိုး မြင်မိပါတယ်။”

ALP ဘက်က ဒီကနေ့ ပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုအပေါ် အဲ့ဒီလို သဘောထားအမြင်မျိုး ဖြစ်ပေါ်နေတာဟာ လက်ရှိ နိုင်ငံရေး အခြေအနေတွေပေါ် အစိုးရဘက်က ချိန်ဆ လုပ်ကိုင်နေတဲ့အတွက် ဖြစ်နိုင် တယ်လို့ ငြိမ်းချမ်းရေး အကျိုးဆောင်တဦးဖြစ်သူ ဦးလှမောင်ရွှေက ပြောပါတယ်။

“သူတို့နဲ့ ကျနော်တို့ ဆောင်ရွက်တာက အခုရှိတဲ့ အနေအထားပေါ်မှာ နားလည်မှု လွဲမှာတွေလည်း ကျနော်တို့ဘက်က ချိန်ဆ ရတာတွေ ရှိတယ်ဗျ။ ဒါ ALP အနေနဲ့က ကျနော်တို့နဲ့ ဆွေးနွေးပြီးတော့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ခဲ့တယ်လေ။ ဒါပေမဲ့ အခြား ရခိုင်အဖွဲ့အစည်းတချို့က အခုအချိန်ထိတောင်မှ မဆောင်ရွက်နိုင်သေးဘူး။ ဆိုလိုတာကတော့ သမ္မတကြီးဦးဆောင်တဲ့ ဗဟိုကော်မတီတို့၊ ဦးအောင်မင်းတို့အနေနဲ့ကတော့ အားလုံးကိုဗျာ ကြီးတယ်၊ ငယ်တယ်လို့ သဘောမထားဘဲ လုပ်ပေးတာပါပဲ။ ဒါပေမဲ့ ရခိုင်အဖွဲ့အစည်းကို လုပ်ပေးတဲ့ သဘောထားကျတော့ ဒီပဋိပက္ခပေါ်တောင်မှ နားလည်လွဲပြီးတော့ အစိုးရနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီတို့ နားလည်မှု လွဲမှာစိုးလို့ ချိန်ဆပြီးလုပ်ရတဲ့ကိစ္စတွေ ရှိပါတယ် ဆိုတာကိုလည်း သူတို့ကို ကျနော်တို့က ရှင်းပြပြီးပြီ။”

ALP နဲ့ မြန်မာအစိုးရအကြား အပစ်အခတ် ရပ်စဲပြီး ၁၄ လအတွင်း ဒါဟာ ၄ ကြိမ်မြောက် တွေ့ဆုံကြတာဖြစ်ပေမဲ့ အခုချိန်ထိ အဆင်မပြေနိုင်ဘဲ ဖြစ်နေရတဲ့ အခြေအနေတွေကို ခိုင်စိုးနိုင်အောင်က အခုလို ဆက်ရှင်းပြပါတယ်။

“ဦးအောင်မင်းနဲ့တွေ့တာက ကျနော်တို့က တင်ပြတယ်။ ကျနော်တို့ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးတာ ၁၄ လ ကျော်သွားပြီ။ ၁၄ လကျော်ပြီးနောက်ပိုင်းမှာ အခုအချိန်နဲ့ဆိုရင် ၄ ကြိမ်ရှိပါပြီ။ တွေ့ကြတာ။ ပထမသုံးကြိမ်မှာ ကျနော်တို့က ပြည်ထောင်စုအဆင့် ဆွေးနွေးဖို့၊ ဆက်သွယ်ရေးရုံးတွေ တိုးချဲ့ဖွင့်လှစ်ဖို့၊ ဒေသဖွံ့ဖြိုးရေးတွေ လုပ်ဖို့၊ စီးပွားရေးလုပ်ဖို့၊ နောက်ပြီး တပ်တွေ နေရာပေးဖို့ အဲ့လိုမျိုးတွေကို ၃ ကြိမ် ၃ ခါ တင်ပြခဲ့တယ်။ အဲ့ဒီမှာ ဘာအကြောင်းပြသလဲဆိုရင် ကုလား - ရခိုင် ပဋိပက္ခမှာ ALP က နောက်ကွယ်က ပါတယ်ဆိုပြီးတော့မှ အဲ့လို အမြင်ရှိတယ်ပေါ့ တပ်မတော်မှာ။"

"အဲ့ဒါကြောင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းအောင်အထိ စောင့်ပါ ဆိုပြီးတော့ အဲ့လိုပြောတယ်။ အခု စတုတ္ထအကြိမ်တွေ့တဲ့အခါမှာလည်း ကျနော်တို့ အဲ့ဒါတွေကို မတင်ပြတော့ဘူး။ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲလုပ်ရအောင်။ တခြားအဖွဲ့တွေက ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲလုပ်ပြီးပြီ။ ကျနော်တို့ပဲ ကျန်တယ်။ အဲ့လိုပြောတော့ သူတို့က ဘာပြောသလဲဆိုတော့ အောက်တိုဘာလ မှာ အပစ်အခတ်ရပ်စဲရေး အဖွဲ့အစည်းတွေထဲက တစ်ဖွဲ့ကို နှစ်ယောက်ဆီ ဖိတ်ပြီးတော့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးမယ်။ နောက်ပြီး Nationwide Ceasefire (ပြည်လုံးကျွတ် အပစ်အခတ်ရပ်စဲရေး) ကြေညာမယ်ဆိုပြီးတော့ အဲ့လို ပြောတယ်။ အဲ့ဒါကို ကျနော်တို့က အဖြေမပေးခဲ့ဘူး။ ကျနော်တို့ ပြန်စဉ်းစားမယ်။ ကျနော်တို့ အဖွဲ့အစည်းထဲမှာ ပြန်ဆွေးနွေးမယ်။”

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပျက်နေတဲ့ ပဋိပက္ခတွေမှာ သူတို့အဖွဲ့ နောက်ကွယ်က ပါနေတယ်ဆိုတာ မဟုတ်မှန်ကြောင်းလည်း ခိုင်စိုးနိုင်အောင်က အခုလို ရှင်းပြပါတယ်။

“အဲ့ဒါကို Statement (ကြေညာချက်) ထုတ်ပြီးတော့လည်း ပြောပြီးပြီ။ ဒီ ၃ ကြိမ်စလုံး ဆွေးနွေးပွဲမှာလည်း ကျနော် ပြောပြီးပြီ။ အဲ့ဒါ အခြေအမြစ် လုံး၀ မရှိဘူး။ ကျနော်တို့ မဟုတ်ဘူး။ ဘာလို့လဲဆိုရင် လက်နက်ကိုင်တော်လှန်ရေး ကို နှစ်ပေါင်း ၄၀ ကျော် တိုက်လာခဲ့တဲ့ အဖွဲ့အစည်းတစ်ခုက နောက်ကွယ်က
နေမယ်ဆိုတာ မဖြစ်နိုင်ဘူး။ နောက်ကွယ်ကတော့ မနေဘူး။ တိုက်ရင် ဗြောင်တိုက်တယ် ကျနော်တို့က။ အဲ့ဒီလို ပုံစံမျိုး ပြောခဲ့တယ်။ ခင်ဗျားတို့က ငြိမ်းချမ်းရေးလိုချင်လို့ ကျနော်တို့က အပစ်အခတ် ရပ်စဲရေးလုပ်တာပဲ။ လက်နက်ကိုင် တော်လှန်ရေးလုပ်တဲ့အဖွဲ့တွေက
နောက်ကွယ်ကနေတဲ့ အလုပ်ကို မလုပ်ဘူး။”

ဒီကနေ့ ပြုလုပ်တဲ့ ဆွေးနွေးပွဲ အဆင်မပြေပေမဲ့လည်း အောက်တိုဘာလမှာ
နေပြည်တော်မှာ ပြုလုပ်မယ့် ဆွေးနွေးပွဲမတိုင်ခင် ကြားထဲမှာ နှစ်ဘက် ညှိနှိုင်း ဆွေးနွေးမှုတွေ ဆက်လက် ပြုလုပ်သွားမှာ ဖြစ်တယ်လို့ နှစ်ဘက် စလုံးက ပြောပါတယ်။

ALP နဲ့ မြန်မာအစိုးရအကြား ပထမဆုံးအကြိမ် ဆွေးနွေးပွဲကိုတော့ ၂၀၁၂ ခုနှစ် ဇွန်လမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ နိုဝင်ဘာလမှာ ကျင်းပတဲ့ ဒုတိယအကြိမ် စည်းဝေးပွဲမှာတော့ ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့ အဓိကရုဏ်းတွေမှာ ALP က နောက်ကွယ်ကနေ ပါဝင်နေတယ်ဆိုတဲ့ အစိုးရဘက်က စွပ်စွဲ ပြောဆိုမှုတွေကြောင့် ဆွေးနွေးပွဲ ပျက်သွားခဲ့တယ်လို့ ALP က ပြောပါတယ်။ တတိယအကြိမ်မြောက် ဆွေးနွေးပွဲကိုတော့ အခုနှစ် ဖေဖော်ဝါရီလမှာ ကျင်းပခဲ့ပြီး အခု ဒီကနေ့မှာ စတုတ္ထအကြိမ်မြောက် ဆွေးနွေးပွဲကို ကျင်းပတာဖြစ်ပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မီတီနဲ့ UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီတို့ စက်တင်ဘာလ ၈ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးမှုမှာလည်း ၂၀၁၃ ခုနှစ် အောက်တိုဘာလမှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရနိုင်ဖို့ အလှမ်း ကွာဝေးနေသေးတယ်လို့ တိုင်းရင်းသား အင်အားစုတွေဘက်က ပြောဆိုကြပါတယ်။
XS
SM
MD
LG