သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အယ်လ်ကိုင်းဒါး မသင်္ကာသူ ၃ ဦး ဖမ်းမိ


အယ်လ်ကိုင်းဒါး မသင်္ကာသူ ၃ ဦး ဖမ်းမိ

အယ်လ်ကိုင်းဒါးအဖွဲ့ဝင်အဖြစ် မသင်္ကာသူ ၃ ယောက်ကို နော်ဝေးနဲ့ ဂျာမနီနိုင်ငံတွေမှာ ဖမ်းဆီးမိပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ ဗြိတိန်နိုင်ငံတွေမှာ လုပ်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုမျိုးလို လုပ်ဖို့ စီစဉ်နေမှုနဲ့ ဆက်နွယ်ပြီး ဖမ်းဆီးခဲ့တာလို့ နော်ဝေးနဲ့ အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။

၂ ယောက်ကို နော်ဝေးမှာ ဖမ်းမိတာဖြစ်ပြီး ဂျာမနီမှာ တယောက်ကို မိပါတယ်။ သူတို့ကို သက်ဆိုင်ရာက တနှစ်ကျော်လောက် စောင့်ကြည့်နေခဲ့ပြီး ဒီနေ့ ကြာသပတေးနေ့မှာ ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။

ဒီစုံစမ်းမှုကို နိုင်ငံတကာ သတင်းမီဒီယာတခုက ထုတ်ဖော်တော့မယ်ဆိုတာ သိရလို့ ဖမ်းဆီးမှုတွေကို လုပ်ခဲ့တာ ဖြစ်တယ်လို့ နော်ဝေးရဲတပ်ဖွဲ့က ပြောပါတယ်။ မသင်္ကာသူတွေ ဘယ်နိုင်ငံကို ပစ်မှတ်ထား တိုက်ခိုက်ဖို့ စီစဉ်နေတာလဲ ဆိုတာကိုတော့ နော်ဝေးရဲတပ်ဖွဲ့က မပြောပါဘူး။

ဖမ်းမိထားသူထဲက တယောက်က ဝိဂါလူမျိုး နော်ဝေးနိုင်ငံသားဖြစ်ပြီး နောက် ၂ ယောက်ကတော့ နော်ဝေးမှာ နေထိုင်နေတဲ့ အီရတ်နဲ့ ဥဇဘက်လူမျိုးတွေ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က အချိန်မီ ကာကွယ်နိုင်ခဲ့တဲ့ နယူးယောက်ခ်မြို့ မြေအောက်ရထား ပြေးဆွဲရေးစနစ်အပေါ် တိုက်ခိုက်ဖို့ ကြိုးစားမှုလိုမျိုး ဒီ ၃ ယောက်ဟာ တပိုင်တနိုင် သယ်သွားနိုင်တဲ့ အင်အားပြင်း ဖောက်ခွဲရေး ပစ္စည်းတွေကို သုံးပြီး ဖောက်ခွဲတိုက်ခိုက်ဖို့ စီစဉ်နေတယ်လို့ တာဝန်ရှိသူတွေက ယုံကြည်နေပါတယ်။

ဗြိတိန်နိုင်ငံ မန်ချက်စတာမြို့မှာလည်း အကြမ်းဖက် တိုက်ခိုက်ဖို့ စီစဉ်နေသူတွေကို မနှစ်က အချိန်မီ ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG