သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သေနတ်သံစဲပေမဲ့ သတ္ထုတူးခွင့်မရ


ကချင်ပြည်နယ်တွင်းမှာ စစ်ရေး ပဋိပက္ခတွေ အဆုံးသတ်ဖို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ လုပ်ဆောင်နေတဲ့ အချိန်မှာပဲ အစိုးရတပ်ဘက်ကနေ ထိုးစစ်ဆင်တာကို ရပ်ဆိုင်းလိုက်တဲ့အတွက် နယ်မြေအတွင်းမှာ အနည်းငယ် စစ်အေး သွားတယ်လို့ သိရပါတယ်။ ဒါပေမဲ့လည်း ကျောက်စိမ်းထွက်ရှိရာ ကချင်ပြည်နယ် ဖားကန့်ဒေသဘက်မှာ ဒီရက်ပိုင်းအတွင်း အာဏာပိုင်တွေက တပိုင်တနိုင် ကျောက်တူးခွင့်တွေကို ပိတ်ပင်လိုက်တာကြောင့် လက်လုပ်လက်စားသမား အများစုဟာ အခက်အခဲနဲ့ ရင်ဆိုင်နေရပါတယ်။

ဒီလို ရှာဖွေစားသောက်ဖို့ အခက်အခဲတွေရှိလာတာနဲ့အမျှ တချိန်တည်းမှာပဲ ရာဇဝတ်မှုတွေလည်း ပိုများလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအခြေအနေ အပြည့်အစုံကို စုံစမ်းထားတဲ့ ဗွီအိုအေ ရန်ကုန်အခြေစိုက် သတင်းထောက် ကိုမိုးဇော် က တင်ပြမှာဖြစ်ပါတယ်။

အစိုးရနဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကိုယ်စားလှယ်တွေ တရုတ်နိုင်ငံမှာ တွေ့ဆုံဆွေးနွေးမှုတွေ မစတင်ခင်ကတည်းက ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ငြိမ်သက်လာပေမဲ့ ဒေသတွင်းက လက်လုပ်လက်စားသမားတွေကတော့ ကျောက်တူးဖော်ခွင့် ပိတ်ပင်ထားတာကြောင့် စားရေးသောက်ရေးအတွက် အခက်အခဲ တွေ့နေကြရပါတယ်။

“တိုက်ပွဲတော့မရှိဘူး။ ဒါပေမဲ့ အစိုးရစစ်ကြောင်းက သွားလိုက်လာလိုက်နဲ့ ဘာမှ အလုပ်မဖြစ်ဘူး။ ကျောက်မတူးခိုင်းဘူး။ ဒီမှာ တနေ့လုပ်တနေ့စား ရေမဆေးသမားခေါ်ရမှာပေါ့။ အဲ့လို လုပ်ကွက်တွေမှာ တပိုင်တနိုင် လိုက်တူးတဲ့သူတွေကတော့ အတော်လေး ဒုက္ခရောက်နေတယ်။ မြို့အပြင်ဘက်ရောက်လာပြီ ဘာညာ ဘာညာနဲ့ လုပ်ငန်းခွင်ရှိတဲ့ဘက် သွားလို့လည်း မရဘူးလေ။ ကျောက်တူးတဲ့နေရာတွေလည်း သွားလို့ မရဘူး။ အခုက သူတို့က အမိန့်ထုတ်ထားတာက ကျနော်တို့ ဖိနပ် ရိုးရိုးပွိုင့်နဲ့ တွေ့ရင်လည်း ပစ်သတ်မယ် ဘာညာနဲ့ အဲလိုမျိုးပြောထားတယ်။ နောက် ကျောက်နဲ့ပတ်သက်တဲ့ဟာ ပေါက်တူး၊ သံဒိုင်၊ကော်တောင်းတွေ ဒါမျိုးတွေကအစ ယူသွားလို့ မရဘူး။ အဲ့ဒါမျိုးတွေ့ရင်လည်း ဖမ်းတယ်။ပစ္စည်းပါတာ အားလုံးယူလိုက်တယ်။”

ဒါကတော့ ဒေသခံတယောက် ပြောသွားတာဖြစ်ပါတယ်။ ကျောက်စိမ်းနဲ့ ရွှေတူးဖော်တာကို ဒေသခံ အာဏာပိုင်တွေက လိုက်လံပိတ်ပင်နေတာဖြစ်တယ်လို့လည်း တခြားဒေသခံတယောက်က ပြောပါတယ်။



“သက်ဆိုင်ရာ အုပ်ချုပ်ရေးကနေ အမိန့်ထုတ်ပြန်ထားပြီးတော့ ကျောက်မတူးရဘူး။ ရွှေမရှာရဘူး ဆိုပြီးတော့ လိုက်ပြီး ပြောနေတာတွေ ကျနော်တို့ တွေ့နေရတယ်ဗျ။ စစ်ဘေးဒဏ်ကတမျိုး၊ အဲ့ဒီ ကျောက်စိမ်းတူဖော်ပြီး ရောင်းစားနေတဲ့ ဒေသမှာ ကျောက်လည်း မသယ်ရဘူး။ ကျောက်လည်း မတူးရဘူးဆိုတော့ လူတွေက ဘာမှ လုပ်စားလို့ မရတဲ့အနေအထား။ အကုန်လုံးက ဘေးကျပ် နံကျပ် ဖြစ်နေကြတဲ့ အနေအထားမျိုး ဖြစ်နေတာပေါ့ဗျာ။”

ဒီလို ပိတ်ပင်တာကတော့ ဒီလ ၅ရက်နေ့က စတင်ခဲ့တာဖြစ်ပါတယ်။ ဖားကန့်ဒေသဘက်မှာ နိုင်ငံတော်နဲ့ အကျိုးတူ ကျောက်စိမ်းတူးဖော်နေတဲ့ ကုမ္ပဏီလုပ်ကွက်တွေ အတွင်းမှာ ပိတ်ပင်နေတာ ဖြစ်ပါတယ်။ ဒီလုပ်ကွက် ဧရိယာအတွင်းမှာ နေထိုင်ပြီး တပိုင်တနိုင် တူးဖော်တာတွေကိုလည်း ဖယ်ရှား ရှင်းလင်းနေတယ်လို့ ဒေသခံက ပြောပါတယ်။

ဒီလို တူးဖော်နေသူတွေဟာ တချိန်က ကုမ္ပဏီကြီးတွေက စွန့်ပစ်တဲ့ မြေစာတွေမှာ ရေမဆေးကျောက် ရှာဖွေသူတွေဖြစ်ပြီး အခုအခါ တိုက်ပွဲတွေ ဖြစ်နေတာကြောင့် ကုမ္ပဏီလုပ်ငန်းတွေ ရပ်ဆိုင်းထားရတဲ့ အတွက် တပိုင်တနိုင် တူးဖော်လာကြတာဖြစ်ပါတယ်။

အခုလို တပိုင်တနိုင် ကျောက်တူးဖော်ခွင့် ပိတ်ပင်လိုက်တာကြောင့် ဖားကန့်ဒေသအတွင်းမှာ ရာဇဝတ်မှုတွေလည်း တိုးများလာနေတယ်လို့ ပြောပါတယ်။
“ဒီမှာရှိတဲ့ သိန်းချီတဲ့ လူထုတွေက ဒီလိုသာ လုပ်မစားရဘူးဆိုရင် ရာဇဝတ်မှုတွေ ထူပြောလာနိုင်တဲ့ အနေအထားရှိတယ်ဗျ။ အခုလက်ရှိကိုပဲ KIA အုပ်စိုးနေတဲ့ လုံးခင်းအုပ်စု ကန်ခီးဒေသပေါ့။ အခုက KIA တပ်ရင်း ၆ က ခေတ္တ ဖယ်ရှားသွားပေးတယ်လေ။ အဲ့ဒီဒေသတွေမှာ အိမ်တွေ ထောင်ချီပြီး ရှိတယ်ခင်ဗျ။ အခုဆို အဲ့ဒီအိမ်တွေမှာ နေကြတဲ့ လူတွေက စစ်ရှောင်စခန်းတွေမှာ ပြေးလာကြတဲ့အခါ သူတို့ရဲ့နေအိမ်တွေမှာ ဖောက်ထွင်းခံရတာတွေက အများကြီးဗျာ။ နည်းနည်းနောနောမဟုတ်ဘူး။ အဲ့ဒီကိစ္စတွေက အတော်ကို ဆိုးဆိုးရွားရွား ဖြစ်နေတယ်။ အိမ်မှာရှိတဲ့ပစ္စည်း ကျန်ထားသမျှ ကျောက်တွေကော ဘာတွေကော အကုန်လုံး ဖောက်ထွင်း ခိုးယူခံနေကြရတယ်လေ။”

ဖားကန့်ဒေသဘက်က နောက်ဆုံး စစ်ရေးအခြေအနေကိုတော့ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA တပ်ရင်း ၆ ရဲ့ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဇော်ဒွဲ က အခုလို ပြောပါတယ်။

“ဆွေးနွေးပွဲပြီးနောက်မှာတော့ ကျနော်တို့ကတော့ လောလောဆယ်တော့ ဘာမှ မဖြစ်ဘူး။ မဖြစ်အောင်လို့ ကျနော်တို့က ရှောင်နေလို့ပါဗျာ။ သူတို့ကတော့ ကျနော်တို့ရှိတဲ့ဘက်မှာ ဦးတည်ပြီးတော့မှ ရောက်လာတဲ့ တပ်ရင်းအဖွဲ့တွေ ရှိတာပေါ့။ ဒါပေမဲ့လည်း ပြဿနာမဖြစ်အောင် ကျနော်တို့ ရှောင်နေတဲ့အပိုင်းပေါ့လေ။ အဲ့လို ရှောင်နေတဲ့အတွက် ပြဿနာ မဖြစ်တာပါ။ သူတို့က ထိုးစစ်မလုပ်ဘူးဆိုတဲ့ဟာကို နည်းနည်း ယုံကြည်ရခက်နေတယ်။ သူတို့ရချင်တဲ့ တပ်ရင်းတို့၊ တပ်ခွဲတို့ ဆိုတဲ့ အားလုံးမှာ သူတို့ ထိုင်သွားပြီလေ။ ဒါပေမဲ့လည်း ကျနော်တို့ရှိတဲ့ဘက်မှာ ဦးတည်ပြီးတော့မှ ပြန်လာတယ်ဆိုတော့ ပြန်တိုက်မယ့် ပုံစံ ဖြစ်နေတယ်။ ကျနော်တို့ဘက်ကလည်း ပုန်းစရာ၊ နေစရာ မရှိလာတဲ့အခါမှာ ပြဿနာတော့ ပြန်ဆက်ဖြစ်လာနိုင်တာပေါ့နော့်။”

လောလောဆယ် ဖားကန့်ဒေသမှာ စစ်ပြေးဒုက္ခသည်ဦးရေ ၁ သောင်းလောက်ရှိနေပြီး၊ လုံးခင်းက ဒုက္ခသည်စခန်းတွေမှာ လူ ၃ ထောင်လောက်။ ဖားကန့်နဲ့ ဆိတ်မူက ဒုက္ခသည်စခန်းတွေမှာ ၁ ထောင် စီလောက်ရှိနေပါတယ်။ ကျန်သူတွေကတော့ နီးစပ်ရာ မိတ်ဆွေနဲ့ ဆွေမျိုးတွေအိမ်မှာ နေထိုင်နေကြတယ်လို့ ဒုက္ခသည်အရေး ဆောင်ရွက်နေသူတဦးက ပြောပါတယ်။
ဒီဒုက္ခသည်တွေကိုတော့ ဒေသခံပြည်သူတွေ၊ ဘာသာရေးနဲ့ လူမှုအသင်းအဖွဲ့တွေက ကူညီထောက်ပံ့ ထားကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်အတွင်းကတော့ မြစ်ကြီးနားကလာရောက်တဲ့ KBC ခေါ် ကချင် နှစ်ချင်းခရစ်ယာန်အသင်းက ကူညီရေးအဖွဲ့တွေကို အစိုးရစစ်တပ်တွေက ပိတ်ပင်ခဲ့တယ်လို့ သတင်းထွက်ပေါ်ခဲ့ပါတယ်။

ဒီလ ၅ရက်နေ့က ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဗီဂျေး နမ်ဘီးယား (Vijay Nambiar) ကချင်ပြည်နယ်ကို သွားရောက်ပြီးတဲ့နောက်မှာတော့ စစ်ပြေးဒုက္ခသည်တွေကို လူသားချင်းစာနာတဲ့ အကူအညီတွေ ပေးအပ်ဖို့ကို သွားရောက်နိုင်တော့မှာဖြစ်ကြောင်း သတင်းထုတ်ပြန်ပါတယ်။ ကုလသမဂ္ဂကနေ ကချင်ပြည်နယ်အတွင်းကို လူသားချင်းစာနာတဲ့ အကူအညီတွေကို လွန်ခဲ့တဲ့နှစ် ဇူလိုင်လက နောက်ဆုံး ပေးပို့ခဲ့တာဖြစ်ပါတယ်။
XS
SM
MD
LG