သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူနည်းစုဘာသာဝင်တွေ အခက်ကြုံနေရကြောင်း ကန် ဘာသာရေးအထူးသံ ဝေဖန်


အမေရိကန်ပြည်ထောင်စု ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အထူးသံအမတ်ကြီး David Saperstein
အမေရိကန်ပြည်ထောင်စု ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အထူးသံအမတ်ကြီး David Saperstein

မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလမှာ တိုးတက်မှုတွေရှိနေပေမယ့် ဘာသာရေးဆိုင်ရာမှာ တင်းမာမှုတွေရှိနေဆဲဖြစ်ပြီး လူနည်းစုသာ ကိုးကွယ်တဲ့ ဘာသာတွေအနေနဲ့ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ အမေရိကန်ပြည်ထောင်စု ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အထူးသံအမတ်ကြီး David Saperstein က မြန်မာနိုင်ငံ ခရီးစဉ်မှာ သုံးသပ်လိုက်ပါတယ်။ ဘာသာပေါင်းစုံက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး အခြေအနေတွေကို လေ့လာနေတဲ့ အထူးသံအမတ်ကြီး Saperstein ရဲ့ ခရီးစဉ်အကြောင်းကိုတော့ လိုက်ပါ သတင်းယူထားတဲ့ VOA သတင်းထောက် မသိင်္ဂီလင်းက တင်ပြပေးထားပါတယ်။

ပြုပြင်ပြောင်းလဲနေတဲ့ကာလအတွင်း မြန်မာနိုင်ငံမှာ မှန်ကန်တဲ့ တိုးတက်မှုတွေရှိနေပေမယ့်လည်း လူနည်းစုကိုးကွယ်တဲ့ဘာသာတွေမှာ လွတ်လပ်မှုမရှိဘဲ ဘာသာဝင်အနေနဲ့ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန်ပြည်ထောင်စု ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အထူး သံအမတ်ကြီး David Saperstein က VOA ကို အခုလို ပြောဆိုလိုက်ပါတယ်။

“မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီကူးပြောင်းတဲ့ခရီးမှာ တိုးတက်မှုတွေရှိနေပေမယ့်လည်း ဘာသာရေးလွတ်လပ်မှုအပိုင်းမှာတော့ ဘာသာရေးတင်းမာမှုတွေ၊ လူနည်းစု ကိုးကွယ်တဲ့ ဘာသာတွေအနေတဲ့ တူညီတဲ့အခွင့်အရေးမရတာတွေ၊ စတဲ့အခြေအနေအေပေါ်မှာ စိုးရိမ်စရာတွေရှိပါတယ်။ နိုင်ငံတွင်းမှာ ဘုရားကျောင်းဆောက်ခွင့်မပြုတဲ့ တားမြစ်ချက်မျိုးတွေရှိနေသလို လူမှုရေးတင်းမာမှုတွေလည်း ရှိနေပါတယ်။ ဒါ့အပြင် လူနည်းစုဘာသာဝင်တွေ နေထိုင်ရာနေရာတွေကို ဝင်ရောက်တိုက်ခိုက်တာမျိုး၊တွေလည်း ရှိနေပါတယ်။”

အထူးသံအမတ်ကြီးဟာ ရန်ကုန်မြို့ကို မေလ ၁ ရက်နေ့ကတည်းက ရောက်ရှိပြီး ဘာသာပေါင်းစုံက တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ သူ့အနေနဲ့ ဘာသာပေါင်းစုံက ဘာသာဝင်တွေ ညီညွတ်ကြဖို့ အားပေးသွားမှာဖြစ်တယ်လို့လည်း သူကဆိုပါတယ်။ ဒီခရီးစဉ်မှာ အစိုးရအဖွဲ့က တာဝန်ရှိသူတွေနဲ့လည်းတွေ့ဆုံပြီး ဘာသာရေးလွတ်လပ်ခွင့်အတွက် လိုအပ်ချက်တွေကို ထောက်ပြပြောဆိုသွားမယ်လို့လည်း သူက ဆိုပါတယ်။

“ဒီခရီးစဉ်မှာ ကျနော်တို့ အဓိကကျတဲ့ ဘာသာကြီးတွေရဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီးပါပြီ။ အချင်းချင်း သိပြီးသားတွေပါသလို မသိတဲ့လူတွေလည်း ပါပါတယ်။ ဒီခရီးစဉ်မှာတော့ ကျွန်တော်က သူတို့တွေအားလုံးကို စုစုစည်းစည်းနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံပေးလိုက်ပါတယ်။ အစိုးရအဖွ့ဲနဲ့လည်းတွေ့ပြီး လူနည်းစုဘာသာဝင်တွေ လွတ်လွတ်လပ်လပ် ကိုးကွယ်နိုင်အောင်၊ ခွဲခြားဆက်ဆံမှုတွေ လျော့နည်းအောင်၊ လူနည်းစုဘာသာဝင်ဝန်ထမ်းတွေကို အစိုးရဌာနတွေ၊ စစ်တပ်တွေထဲမှာ ရာထူးတိုးပေးဖို့၊ ဘာသာရေးအဆောက်အအုံတွေ ဆောက်ခွင့်မပေးတဲ့ တားမြစ်ချက်ကို လျော့ပေါ့စေဖို့ စတာတွေ နှိုးဆော်သွားမှာပါ။ တဆင့်ပြီးတဆင့် ဆောင်ရွက်မှသာ နောက်ပိုင်းမှာ စင်စစ်ပြောင်းလဲမှုဖြစ်လာပြီး ဘာသာရေးလွတ်လပ်ခွင့်တွေ တိုးတက်လာမှာပါ။”

ပြဌာန်းဖွယ်ရှိနေတဲ့ မျိုးစောင့်ဥပဒေမူကြမ်း ၄ ရပ်ဖြစ်တဲ့ ဘာသာကူးပြောင်းခြင်း၊ ဘာသာခြားချင်းလက်ထက်ထိမ်းမြားခြင်း၊ တစ်လင်တစ်မယားစနစ်နဲ့ လူဦးရေတိုးပွားနှုန်း စတာတွေဟာ လူ့အခွင့်အရေးကို ထိခိုက်နေတယ်လို့လည်း အထူးသံအမတ်ကြီး David Saperstein က သုံးသပ်ပါတယ်။ မျိုးစောင့်ဥပဒေကို အတည်ပြုလိုက်ခြင်းအားဖြင့် ဒီမိုကရေစီစနစ် အားနည်းလာနိုင်ကြောင်း မြန်မာအစိုးရကို သတိပေးသွားမယ်လို့လည်း ဆိုပါတယ်။

“ဒီလူနည်းစုဘာသာဝင်တွေအားလုံးကို သူတို့ရဲ့ ဘာသာရေးဆိုင်ရာ ယုံကြည်သက်ဝင်မှုတွေအတိုင်း လက်ခံဆောင်ရွက်ပေးသွားနိုင်ဖို့ အစိုးရကို ကျနော်တို့ဘက်က ကြိုးစား တိုက်တွန်းနေပါတယ်။ ဒီမိုကရေစီစနစ်ကို ကူးပြောင်းနေတဲ့နိုင်ငံမှာ လူနည်းစုဘာသာဝင်တွေအနေနဲ့ သူတို့ရဲ့ဘာသာကို လွတ်လပ်စွာ ကိုးကွယ်ခွင့်မရတဲ့အခါ ပဋိပက္ခတွေ ဖြစ်လာပြီး နိုင်ငံတည်ငြိမ်အေးချမ်းမှုမရှိတော့ဘဲ ဒီမိုကရေစီလည်း တဖြည်းဖြည်း အားနည်းလာပါ လိမ့်မယ်။ ဒါကြောင့် ကျနော်တို့ကတော့ အစိုးရအနေနဲ့ ဒီမျိုးစောင့်ဥပဒေကို အတည်မပြုဖို့ မျှော်လင့်ပါတယ်။ အတည်ပြုလိုက်မယ်ဆိုရင်လည်း အခြေခံလူ့အခွင့်အရေးတွေကို တင်းတင်းကျပ်ကျပ်ကာကွယ်ထားရပါမယ်။ ဒါမှလည်း လူနည်းစုဘာသာဝင်တွေကို မထိခိုက်နိုင်မှာပါ။”

မြန်မာနိုင်ငံကို မေလ ၁ ရက်နေ့ကတည်းက ရောက်ရှိနေတဲ့ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ သံအမတ်ကြီး David Saperstein ဟာ ရန်ကုန်မြို့ထဲက ဗလီ၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေ၊ ဂျူးဘုရားရှိခိုးကျောင်းတွေကို သွားရောက်ပြီး ဘာသာဝင်တွေရဲ့ အခြေအနေတွေကို လေ့လာခဲ့ပါတယ်။ ဒီနေ့ မေလ ၄ ရက်နေ့မှာတော့ နေပြည်တော်မှာ နိုင်ငံခြားရေးဝန်ကြီးနဲ့ သွားရောက်တွေ့ဆုံခဲ့ပြီး နောက်နေ့တွေမှာတော့ မန္တလေးနဲ့ ပဋိပက္ခတွေဖြစ်ပွားခဲ့တဲ့ မိတ္ထီလာမြို့ကိုလည်း သွားဖို့ရှိပါတယ်။

XS
SM
MD
LG