နိုင်ငံရေးပါတီများ မှတ်ပုံတင်ရေးနဲ့ဆိုင်တဲ့ ဥပဒေ ပြင်ဆင်ဖို့အတွက် ရွေးကောက်ပွဲကော်မရှင်က မူကြမ်း ၃ ရပ် လွှတ်တော်မှာ အဆိုပြု တင်သွင်းထားပါတယ်။ အခု ပြင်ဆင်ဖို့ အဆိုပြု တင်သွင်းထားတဲ့ ဥပဒေ မူကြမ်းတွေက NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မှတ်ပုံ ပြန်တင်ရေးအတွက် အလားအလာတွေ ပေါ်ထွက်လာနိုင်ပါသလား။ ကိုဇော်ဝင်းလှိုင်က အပြည့်အစုံကို တင်ပြပေးထားပါတယ်။
NLD ပါတီ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံပြန်တင်မလားလို့ ပြည်တွင်း ပြည်ပက နိုင်ငံရေး အသိုင်းဝိုင်းကြား ခန့်မှန်း ပြောဆိုမှုတွေ အရှိန်မြင့်လာတဲ့အချိန်မှာ ရွေးကောက်ပွဲ ကော်မရှင်က အခုလို နိုင်ငံရေးပါတီများ မှတ်ပုံတင်ရေးနဲ့ ဆိုင်တဲ့ ဥပဒေမူကြမ်း ၃ ရပ်ကို ပြင်ဆင်ဖို့အတွက် အမျိုးသားလွှတ်တော်မှာ အဆိုပြု တင်သွင်းလာတာပါ။
အရင် ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ ဖော်ပြထားတဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ရေးဆိုင်ရာ ဥပဒေ ပုဒ်မ ၆ အရ ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေအား ထိန်းသိမ်းစောင့်ရှောက်ရေး၊ သို့တည်း မဟုတ် ကာကွယ် စောင့်ရှောက်ရေးဆိုတဲ့အချက်ကို လက်ခံမှ မှတ်ပုံတင်ခွင့်ရှိမယ် ဆိုတဲ့အချက်ကို NLD ပါတီက လက်မခံနိုင်တဲ့အတွက်ကြောင့် မှတ်ပုံ မတင်ခဲ့တာပါ။
ဒါပေမယ့် အခု ရွေးကောက်ပွဲ ကော်မရှင်က ပြင်ဆင်ဖို့ လွှတ်တော်ကို အဆိုပြုထားတဲ့ အချက် ၃ ချက်ထဲမှာ အဲဒီ အချက်လဲ ပါဝင်တဲ့အတွက် NLD ပါတီအနေနဲ့ ကြိုဆိုတဲ့အကြောင်း ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောပါတယ်။
“လေးစားရိုသေနော်၊ Abide ဆိုတဲ့ အပိုဒ်ပေါ့။ အဲဒါ Constitution (ဖွဲ့စည်းပုံ) နော်။ နိုင်ငံရေးပါတီ မှတ်ပုံတင် ဥပဒေကျတော့ သူက Defent လို့ သွားသုံးထားတယ်၊ ကာကွယ်တယ်ဆိုတာ။ အဲဒီတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မညီဘူးဗျ။ အဲဒါကို ညီအောင် ညှိလိုက်တာ၊ အဲဒါလေးလဲ ပါတယ်။ ကျနော်တို့က အဲဒီလိုဘဲ ဖြစ်စေချင်နေတာ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက အခြေခံဘဲ။ ဒီအခြေခံကို ချဲ့ပြီးတော့ Defent လို့ သွားသုံးလိုက်တဲ့ အခါမှာ အခြေခံဥပဒေနဲ့ ဆန့်ကျင်နေတယ်လေ။ အခုပြင်တယ်ဆိုတာ ကျနော်တို့ ကြိုဆိုတာပေါ့။
အခု ကြားလိုက်တာကတော့ သူက Constitution နဲ့ မညီတဲ့ ဟာတွေကို ညီအောင် ပြန်ညှိလိုက်တာ၊ ကောင်းပါတယ်၊ ဒါကတော့။ အခုကတော့ Bill (မူကြမ်း) တင်တာဘဲ ရှိသေးတယ်လေ။ Pass (အတည်ပြုချက်) မဖြစ်သေးဘူး။ ဒါတွေဖြစ်လာတဲ့အခါကျရင် ကျနော်တို့ကလည်း လက်တွေ့ကျကျ ပြန်လည် သုံးသပ်ဖို့ လိုမှာပေါ့။”
NLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း ပြောပြခဲ့တာပါ။
ပြင်ဆင်ဖို့ တင်သွင်းထားတဲ့ ဥပေဒ မူကြမ်းတွေထဲက နောက်တချက်ကတော့ မူကြမ်းတွေထဲ ပုဒ်မ ၁၀ (င) ၊ ထောင်ဒဏ် ကျခံနေရသူများဖြစ်ခဲ့ရင် ပါတီဝင်အဖြစ် မစည်းရုံးရဆိုတဲ့ အချက်ကို ပြင်ဆင်ဖို့ ဖြစ်ပါတယ်။ အခု ရွေးကောက်ပွဲ ကော်မရှင်က ပြင်ဆင်ဖို့အတွက် အဆိုပြုချက် အရကတော့ ထောင်ဒဏ် ကျခံနေရ သူတွေ ကိုလည်း နိုင်ငံရေးပါတီဝင်ဖြစ်လာဖို့ စည်းရုံးခွင့်ရှိသလို၊ ထောင်ကျသွားတဲ့ ပါတီဝင်တွေကိုလည်း ထုတ်ပစ်စရာ လိုတော့မှာ မဟုတ်ပါဘူး။
နောက်ဆုံး တတိယအချက်ကတော့ - ပုဒ်မ ၁၂ (က) အရ၊ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေအနေနဲ့ အနဲဆုံး မဲဆန္ဒနယ်မြေ ၃ ခုမှာ ၀င်ရောက် ယှဉ်ပြိုင်ကြရမယ်ဆိုတဲ့ သတ်မှတ်ချက် ဖြစ်ပါတယ်။ ဒါကလည်း အရင် ရှိနေပြီးသား ပါတီတွေနဲ့ တန်းတူဖြစ်အောင် လုပ်ဆောင်တဲ့ သဘောလို့ ဆိုပါတယ်။
အခုလို နိုင်ငံရေးပါတီများ မှတ်ပုံတင်ရေး ဥပဒေကို ပြင်ဆင်ပေးရေးဟာ သမိုင်းပေးတာဝန်တရပ်ဖြစ်တယ်လို့ RNDP ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက အမျိုးသား လွှတ်တော်အမတ် ဒေါက်တာအေးမောင်က ပြောပါတယ်။
“နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေမှာလဲဘဲ နော်၊ ခုနလို Rigid (တင်းကြပ်တာ) ရှိတယ်။ အဲဒီတော့ ၀င်ချင်တဲ့သူတွေ ၀င်လာနိုင်အောင် နော်၊ မ၀င်သေးတဲ့လူတွေလဲ ၀င်အောင် ကျနော်တို့ ဒီဥပဒေက တချို့ဥစ္စာတွေကို ပြုပြင်ဖို့ လိုတယ်ဆိုတာက သမိုင်းပေးတာဝန် ဖြစ်လာတာပေါ့။ အဲဒီဟာမှာ ခုနကလို၊
ကျနော်ထင်ပါတယ်၊ အရေးကြီးတဲ့ ၃ ချက်လောက်ကိုလေ၊ ဒါ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်ပြီးကာမှ ကျနော်တို့ လွှတ်တော်ကို စတင်တာ ကျနော်တို့ တွေ့နေရတယ်လေ။”
ရွေးကောက်ပွဲကော်မရှင်က တင်သွင်းလာတဲ့ ဒီ ပြင်ဆင်ချက် မူကြမ်း ၃ ရပ်ဟာ ပြောင်းလဲလာနေတဲ့ အချိန်ကာလနဲ့ ကိုက်ညီအောင် လုပ်ဆောင်တာဖြစ်တဲ့အတွက် အမျိုးသားလွှတ်တော်မှာ စတင် ဆွေးနွေးနေပြီး လွှတ်တော် ၂ ရပ်စလုံးက အတည်ပြုပေးလိမ့်မယ်ဆို သူ့အနေနဲ့ ယုံကြည်တဲ့အကြောင်း ဒေါက်တာ အေးမောင်က ဆက်ပြောပါတယ်။
“အမျိုးသားလွှတ်တော်မှာလဲ Pass (အတည်) ဖြစ်မှာပါ။ အဲဒီလိုဘဲ ပြည်သူ့လွှတ်တော်မှာလည်း Pass (အတည်) ဖြစ်မှာပါ။ ဒီဥစ္စာလေး ပြင်လိုက်တာက ဘာမှ၊ ပြင်ရတဲ့လူအတွက် ဘာမှ မထောင်းတာပါဘူး။ ဒါကြီးကို ပြင်ခြင်းအားဖြင့် ဖြစ်လာမယ့် အခင်း အကျင်းတွေ အင်မတန်ကို၊ ခုနကလိုလေ၊ ကျနော်တို့ မျှော်မှန်းထားတဲ့အတိုင်း တိုင်းပြည်အတွက် ပိုကောင်းမယ်လို့ ယူဆ ယုံကြည်တဲ့ ပုဂ္ဂိုလ် အကုန်လုံးက ဒါကြီးကို လက်ခံမှာပါ။”
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက အမျိုးသားလွှတ်တော်အမတ် ဒေါက်တာ အေးမောင် ပြောပြခဲ့တာပါ။
NLD ပါတီအနေနဲ့ ရွေးကောက်ပွဲကို မူအရ ဆန့်ကျင်တာမဟုတ်တဲ့အကြောင်း၊ ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီစနစ်ရဲ့ တစိတ်တပိုင်း ဖြစ်တယ်ဆိုတာကို လက်ခံထားပြီးသား ဖြစ်တဲ့အကြောင်းနဲ့ သူတို့အနေနဲ့ ရွေးကောက်ပွဲ ၀င်ပုံ ၀င်နည်း အခြေအနေ အခင်းအကျင်းကိုဘဲ ကြည့်ရမှာ ဖြစ်တဲ့အကြောင်း အလုပ် သမားရေးရာ ၀န်ကြီးဌာနနဲ့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ နေရာ ပြန်လည်ချထားရေး ၀န်ကြီးဌာန ၀န်ကြီး ဦးအောင်ကြည်နဲ့ ပြီးခဲ့တဲ့ သြဂုတ်လ ၃၀ ရက်နေ့က တွေ့ဆုံအပြီး ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့ပါတယ်။
ဦးအောင်ကြည်ကလည်း - ဥပဒေနဲ့အညီ မှတ်ပုံတင်ပြီးသွားတဲ့အချိန်မှာ NLD နဲ့အတူ လက်တွဲ ဆောင်ရွက်သွားဖို့အတွက် ကြိုဆိုသွားဖို့ ရှိတယ်ဆိုတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံအပြီး ပြုလုပ်တဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲအတွင်း သတင်းထောက်တွေရဲ့ အမေးကို ပြန်လည် ဖြေကြား ခဲ့ပါတယ်။