သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ချစ်ကြည်ရေး ဘတ်စကက်ဘောအဖွဲ့ မြန်မာပြည် လာမည်


WMBA အားကစားသမားဟောင်း Allison Feaster (21)
WMBA အားကစားသမားဟောင်း Allison Feaster (21)
အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံကြား ဆက်ဆံရေး တိုးတက်လာမှု အရိပ်လက္ခဏာများ အနက် လတ်တလောအကျဆုံးကတော့ အမေရိကန် ထိပ်တန်း ဘတ်စကတ်ဘော အမျိုးသားနဲ့ အမျိုးသမီးအသင်းတို့က အမေရိကန် နိုင်ငံခြားရေးဌာနနဲ့ ပူးတွဲပြီး မြန်မာနိုင်ငံကို ဘတ်စကတ်ဘော ချစ်ကြည်ရေးအဖွဲ့ စေလွှတ်မှာဖြစ်တယ်လို့ ကြေညာလိုက်ပါတယ်။ သြဂုတ်လ ၂၆ ရက် ဒီ တနင်္ဂနွေနေ့ မြန်မာနိုင်ငံကို ဆိုက်ရောက်မယ့် အဲဒိအဖွဲ့ဟာ မြန်မာလူငယ်တွေရဲ့ ဘတ်စကက်ဘော ကစားနည်း အရည်အသွေးကို မြှင့်တင်ပေးဖို့ ရည်ရွယ်တယ်လို့ ပြောပါတယ်။ အကြောင်းစုံကို ဒေါ်လှလှသန်းက ပြောပြပေးပါလိမ့်မယ်ရှင်။

အမေရိကန်နိုင်ငံခြားရေးဌာနလက်အောက်ရှိ ပညာရေးနဲ့ ယဉ်ကျေးမှုဌာနနဲ့ ပူးတွဲပြီး NBA အမေရိကန် အမျိုးသား ဘတ်စကက်ဘောအသင်းနဲ့ WMBA အမေရိကန် အမျိုးသမီး ဘတ်စကက်ဘော အသင်းတို့က ပထမဦးဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံနဲ့ အားကစား ချစ်ကြည်ရေးအစီအစဉ်ကို အခုလို စေလွှတ်တာ ဖြစ်ပါတယ်။

အဲဒီအစီအစဉ်အရ Charlotte Bobcats အသင်းရဲ့ အထွေထွေ မန်နေဂျာဖြစ်တဲ့ Richard Cho၊ WMBA အမေရိကန် အမျိုးသမီး ဘတ်စကက်ဘောအားကစားသမားဟောင်း အက်လက်ဆဲန် ဖီစ်တာ ( Allison Feaster)၊ လော့စ် အိန်ဂျလိစ် အသင်းနည်းပြလည်းဖြစ်၊ NBA အားကစား သမားဟောင်း တဦးလည်းဖြစ်တဲ့ ဒါဗင်ဟဲန် (Darvin Ham) တို့အပြင် NBA အားကစား သမားဟောင်း မာလ်တီ ကော်လန်း (Marty Colon)တို့ ပါဝင်ကြမှာဖြစ်ပြီး သူတို့အဖွဲ့ဟာ ရန်ကုန်ကို သြဂုတ်လ ၂၆ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ လာရောက်မှာ ဖြစ်ပါတယ်။ အဲဒီ ခြောက်ရက်ကြာ ခရီးစဉ် အတွင်း သူတို့ တွေဟာ မြန်မာလူငယ်တွေနဲ့ တွေ့ဆုံပြီး အားကစားမြှင့်တင်ရေး အတွက် ဆောင်ရွက်ဖို့ ရှိပါတယ်။

မြန်မာအားကစားနဲ့ ကာယပညာ ဝန်ကြီးဌာနအပြင် မြန်မာ ဘတ်စကက်ဘော ဖက်ဒရေးရှင်းတို့နဲ့ ပူးတွဲပြီး ဘတ်စကက်ဘော သင်တန်းတွေကို ရန်ကုန်တွင်းရှိ တချို့ကျောင်းတွေနဲ့ အားကစားရုံတွေ မှာ ပို့ချပေးဖို့ ရှိပါတယ်။ ဒါ့အပြင် အပြန်အလှန်အားဖြင့် မြန်မာ့ ခြင်းလုံးပညာကိုလည်း သူတို့က လေ့လာသွားမှာ ဖြစ်ပါတယ်။ အခုလို အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ အားကစား ချစ်ကြည်ရေး အစီအစဉ်မှာ လက်ရှိနဲ့ ယခင် အားကစားသမားတွေ နည်းပြတွေ ပါဝင်ကြတာ ဖြစ်ပါ တယ်။ ဒီ အားကစားချစ်ကြည်ရေး ကိုယ်စားလှယ်တွေ စေလွှတ်တဲ့အစီအစဉ်တွေကို ၂၀၀၅ ခုနှစ်က စတင်ခဲ့ပြီး အမေရိကန် အားကစားသမားပေါင်း ၂၂၀ ကျော်ကို နိုင်ငံပေါင်း ၅၀ ကျော် ကို စေလွှတ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံကိုတော့ ဒီတကြိမ် ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်မှုဟာ ပထမဦးဆုံးအကြိမ် ဖြစ်ပေမဲ့ လို့လည်း လွန်ခဲ့တဲ့ နှစ် ငါးဆယ်ကျော် နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန်စဉ်ကလည်း အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ အစီအစဉ်အရ အားကစားနည်းပြတွေ တစ်ဦးချင်း လာရောက်ပြီး သင်တန်းတွေ ပို့ချပေးခဲ့တာ ဖြစ်ပါတယ်။ မြန်မာ့လက်ရွေးစင် အားကစားသမားတဦးလည်းဖြစ်၊ တက္ကသိုလ် ဘောလုံးသမား တစ်ဦးလည်း ဖြစ်ခဲ့တဲ့ ဗွီအိုအေ ဝိုင်းတော်သားဟောင်း ဦးထွန်းအောင်ကို မေးကြည့်ခဲ့ပါတယ်။

“အခုလို အားကစားအစီအစဉ်ဖလှယ်တဲ့ အစဉ်အလာရှိပါတယ်။ မြန်မာပြည် နဲ့ အမေရိကန်ပြည်ထောင်စုနဲ့ ကျနော်တက္ကသိုလ်မှာရှိစဉ်တုန်းက ၁၉၅၂ ခုနှစ်ကနေ ၁၉၅၇ ခုနှစ် ကြားမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကမကထလုပ်ပြီးတော့ တင်းနစ်နည်းပြ ဆရာတဦးကို လွှတ်ပေးလိုက်ပါတယ်။ အဲဒီပုဂ္ဂိုလ်ကတော့ ဒေါက်တာ ဒေးဗ်လူးဝစ္စ် (Dr. Dave Lewis) ဖြစ်ပါတယ်။ ကျနော်တို့ တက္ကသိုလ်မှာ လာပြပါတယ်။ ဒါတင်မဟုတ်သေးပါဘူး။ သူက Fulbright ဆိုတဲ့ Exchange အပြန်အလှယ်ဖလှယ်ရေးအစီအစဉ် နဲ့ သူလာတာပါ။ မြန်မာ လူငယ်များအတွက်ကိုလည်း သူသင်ပြပေးခဲ့ပါတယ်။ အဲဒါတင်မကသေးပါဘူး၊ ပြေးခုန်ပစ်နဲ့ ပတ်သက်လို့လည်း နည်းပြဆရာတဦးကို စေလွှတ်ခဲ့ပါတယ်။ ကျနော် နှစ်တော့ မမှတ်မိ ပါဘူး။ နောက်ပြီးတော့ ဒိုင်ဗင်မှာ အိုလံပစ်ချန်ပီယံဟောင်း ဆမ်မီလီး (Sammy Lee) ကို လွှတ်ခဲ့ပါတယ်။ သူက ၁၉၄၈ နဲ့ ၁၉၅၂ ခုနှစ် အိုလံပစ်ပွဲတွေမှာ ရွှေတံဆိပ်ရခဲ့တဲ့ ဒိုင်ဗင်ထိုးသမားကို စေလွှတ်ခဲ့ပါတယ်။ နောက်ပြီးတော့ တင်းနစ်မှာလည်း ဒေးဗီးစ် (Davies Cup) အသင်းဆိုတာရှိပါတယ်။ အဲဒီအသင်းက အာရှတခွင်ကို သွားရိုက်ရတဲ့အခါမှာ မြန်မာနိုင်ငံကို ဝင်ခဲ့ပါတယ်။ သူတို့ မြန်မာအားကစားသမားတွေနဲ့ ကစားပြခဲ့ပါတယ်။”

အမေရိကန် နိုင်ငံခြားရေးဌာနအနေနဲ့ ပညာရေးပိုင်းမှာလည်း မြန်မာနိုင်ငံနဲ့ Fullbright ပညာတော်သင်ဆု ချီးမြှင့်တဲ့ အစီအစဉ်ရှိသလို မနှစ်ကလည်း မြန်မာလူငယ် ခေါင်းဆောင်မှု သင်တန်းကို နိုင်ငံခြားရေးဌာနမှာ မြန်မာလူငယ်တစုအတွက် ကျင်းပပေးခဲ့တာလည်း ဖြစ်ပါတယ်။ အခု အားကစားချစ်ကြည်ရေးအဖွဲ့ မြန်မာနိုင်ငံကို ဆိုက်ရောက်တဲ့ သြဂုတ်လ ၂၆ ရက် နေ့၊ ညနေ ၄ နာရီမှာ တော်ဝင်လမ်းရှိ အမေရိကန် စင်တာမှာ သတင်းစာရှင်းလင်းပွဲ ကျင်းပဖို့ ရှိတယ်လို့လည်း သိရပါတယ်ရှင်။
XS
SM
MD
LG