သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုးကန့်တိုက်ပွဲဆက်ဖြစ်နေမှု အမေရိကန် စိုးရိမ်


မြန်မာကြက်ခြေနီအဖွဲ့ဝင်တွေ အစိုးရနဲ့ ကိုးကန့်တပ်ဖွဲ့တို့ကြားက တိုက်ပွဲကြောင့် ဒဏ်ရာရသူတဦးကို သယ်လာစဉ်။
မြန်မာကြက်ခြေနီအဖွဲ့ဝင်တွေ အစိုးရနဲ့ ကိုးကန့်တပ်ဖွဲ့တို့ကြားက တိုက်ပွဲကြောင့် ဒဏ်ရာရသူတဦးကို သယ်လာစဉ်။

ရှမ်းပြည်အရှေ့မြောက် ကိုးကန့်ဒေသမှာ ပဋိပက္ခပိုပြီးကြီးလာနေတာကို အထူးစိုးရိမ်မကင်းဖြစ်နေကြောင်း အမေရိကန်အစိုးရက တနင်္လာနေ့မှာ ပြောခဲ့ပါတယ်။ စစ်မှန်တဲ့အမျိုးသားရင်ကြားစေ့ရေးအတွက် မြန်မာအစိုးရတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တို့ကြား စေ့စပ်ဆွေးနွေးဖို့ တိုက်တွန်းလိုက်ပါတယ်။ တချိန်တည်းမှာပဲ စစ်ပြေးဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှုအကူအညီတွေကို အနှောင့်အယှက်ကင်းစွာ ခွင့်ပြုဖို့ အစိုးရအာဏာပိုင်တွေကို အမေရိကန်အစိုးရကမေတ္တာရပ်ခံလိုက်ပါတယ်။ မအင်ကြင်းနိုင်က အကြောင်းစုံ တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ အခုလို အစိုးရတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြား ပဋိပက္ခတိုက်ပွဲတွေဖြစ်နေတဲ့အခြေအနေကို အမေရိကန် အစိုးရက အထူးပဲ စိုးရိမ်မကင်းဖြစ်မိသလို ကြက်ခြေနီယာဉ်တန်းတွေ အပစ်ခံရတာနဲ့ပတ်သက်လို့လည်း စိုးရိမ်မိကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနပြောခွင့်ရအမျိုးသမီးကပြောပါတယ်။

“ကိုးကန့်ဒေသမှာ တိုက်ပွဲတွေဆက်ပြီးဖြစ်နေတဲ့အခြေအနေတွေကို အမေရိကန်ပြည်ထောင်စုအနေနဲ့ အလွန်ပဲစိုးရိမ်မကင်းဖြစ်ရပါတယ်။ အထူးသဖြင့် ကြက်ခြေနီလုပ်သားနှစ်ဦးအပစ်ခံရတဲ့သတင်းတွေနဲ့ပတ်သက်လို့ စိုးရိမ်မိပါတယ်။”

ဒါ့အပြင် စစ်မှန်တဲ့ငြိမ်ချမ်းရေးနဲ့ အမျိုးသားရင်ကြားစေ့ရေးအတွက် တခုတည်းသောနည်းလမ်းဖြစ်တဲ့ တွေ့ဆုံဆွေးနွေးရေးကို ပြန်ပြီး ဆောင်ရွက်ဖို့ သက်ဆိုင်ရာလက်နက်ကိုင်အဖွဲ့တွေကိုလည်း အမေရိကန်အစိုးရကတိုက်တွန်းကြောင်းလည်း ပြောခွင့်ရအမျိုးသမီးက အခုလိုပြောပါတယ်။

“မြန်မာအစိုးရတပ်ရော၊ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေပါ ထိန်းထိန်းသိမ်းသိမ်းလုပ်ကြပြီး မြန်မာနိုင်ငံမှာ စစ်မှန်ပြီး၊ ခိုင်မာတဲ့ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ဖွံဖြိုးတိုးတက်ရေးတို့အတွက် တခုတည်းသောနည်းလမ်းဖြစ်တဲ့ စေ့စပ်ဆွေးနွေးပွဲကို ပြန်ပြီးဆောင်ရွက်ဖို့ အမေရိကန်အစိုးရက တိုက်တွန်းပါတယ်။ နှစ်ပေါင်း (၆ဝ)ကျော်ကြာမြင့်နေတဲ့ ပဋိပက္ခတွေချုပ်ငြိမ်းရေးအတွက် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို ရှာဖွေနေတဲ့ ဖြစ်စဉ်ဟာ ဒီတိုက်ပွဲတွေကြောင့် ပျက်ပြားသွားစေနိုင်ပါတယ်။”

တိုက်ပွဲကြောင့် သောင်းနဲ့ချီတဲ့ ဒေသခံစစ်ပြေးဒုက္ခသည်တွေဟာ တရုတ်နိုင်ငံနယ်စပ်နဲ့ လားရှိုးမြို့ဘက်ကို ထွက်ပြေး တိမ်းရှောင်ခဲ့ကြရ တာပါ။ တနင်္လာနေ့ကထုတ်ပြန်တဲ့မြန်မာတပ်မတော်ရဲ့ သတင်းကြေညာချက်မှာတော့ လောက်ကိုင်မြို့မှာ အခြေအနေတွေ တည်ငြိမ်စ ပြုလာပြီဖြစ်တာကြောင့် ဖေဖေါ်ဝါရီလ (၂၂) ရက်နေ့ကစပြီး ဒေသခံတွေ ပြန်ပြီးပြောင်းရွှေ့နေထိုင်လာကြတာ လောက်ကိုင်မြို့မှာ လူဦးရေ စုစုပေါင်း (၇၉၆) ဦးရှိသွားပြီလို့ဖေါ်ပြထားပါတယ်။

အမေရိကန်အစိုးရဘက်ကလည်း ကိုးကန့်စစ်ပြေးဒုက္ခသည်တွေအတွက် နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ လူသားချင်းစာနာမှု အကူအညီတွေကို အနှောင့်အယှက်ကင်းစွာခွင့်ပြုဖို့ မြန်မာအစိုးရအာဏာပိုင်တွေကို အခုလိုတိုက်တွန်းခဲ့ပါတယ်။

“ကိုးကန့်ဒေသတိုက်ပွဲကြောင့် ဒုက္ခရောက်နေတဲ့ စစ်ပြေးဒုက္ခသည်တွေအတွက်အရေးပေါ်ကယ်ဆယ်ရေးနဲ့ လူသားချင်းစာနာကူညီတဲ့ အထောက်အပံ့တွေ ခွင့်ပြုဖို့ မြန်မာအစိုးရနဲ့ဒေသဆိုင်ရာအာဏာပိုင်တွေကို အမေရိကန်အစိုးရအနေနဲ့ တိုက်တွန်းပါတယ်။”

ကိုးကန့် စစ်ပြေးဒုက္ခသည် သုံးသောင်းကျော်လောက်ထွက်ပြေးလာပြီး တရုတ်ပြည်ဘက်မှာ လာခိုလှုံနေကြတယ်လို့ ယူနန်အစိုးရက ပြောကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရအမျိုးသမီးကလည်း ပြီးခဲ့သတင်းပတ်သတင်းစာရှင်းလင်းပွဲမှာပြောထားပါတယ်။ လူသားချင်းစာနာတဲ့အနေနဲ့ အစားအသောက်၊ ဆေးဝါးနဲ့ ကူးစက်ရောဂါ ပြန့်ပွားမှုဟန့်တားတဲ့ပစ္စည်း စတဲ့ လိုအပ်တဲ့ အကူအညီတွေကို တရုတ်အစိုးရကပေးနေကြောင်းလည်းသူကပြောသွားပါတယ်။ တရုတ်အစိုးရရဲ့ကိုးကန့်အရေး ရပ်တည်ချက်နဲ့ပတ်သက်လို့ တရုတ်မြန်မာဆက်ဆံရေးလေ့လာနေသူ ဒေါက်တာလှကျော်ဇောက အခုလိုပြောပါတယ်။

“တရုတ်ဘက်ကလည်း ကိုးကန့်စစ်ပြေးဒုက္ခသည်တွေကို လက်ခံထားလိုက်တဲ့အောက်မှာ ဦးသိန်းစိန်အစိုးရ နည်းနည်းတော့ အနေတော့ ချောင်သွားတာပေါ့လေ၊ တရုတ်အစိုးရအနေနဲ့ ဗမာအစိုးရကိုရော၊ ကိုးကန့်ဘက်ကိုရော တစုံတရာဖျောင်းဖျတာတော့ ရှိကောင်း ရှိနိုင်ပါလိမ့်မယ်။ ကိုးကန့်အဖွဲ့ရဲ့ ရည်ရွယ်ချက်ကတော့ သူတို့ကို ငြိမ်းချမ်းရေးဆွေးနွေးပွဲစားပွဲမှာ ပြန်ပြီးတော့ လက်ခံဆွေးနွေးဖို့ ကြိုးစားတာပဲ။ ဒါက သူတို့တတ်နိုင်တဲ့ဘက်က သူတို့ ကြိုးစားတာ၊ အစောပိုင်းတုန်းကတော့ သူတို့ အမျိုးမျိုး နည်းပေါင်းစုံနဲ့ အစိုးရကို တင်ပြတယ်။ အခြားလက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း တင်ပြတယ်။ ဒီ ကိုးကန့်ကို ထည့်သွင်းသင့်တယ်ဆိုတာ၊ ကိုးကန့်လူမျိုးဆိုတာ ကျမတို့တိုင်းရင်းသားလူမျိုးပဲဖြစ်တာကိုး နော်။ တိုင်းရင်းသားပဲဖြစ်တော့ သူတို့က အဲဒီဟာကို ပြန်လိုချင်တာပဲ။ ဒါကြောင့် သူတို့ရဲ့တိုက်ခိုက်မှုကလည်း အကန့်အသတ်ပဲဖြစ်မယ်။”

ကိုးကန့်ဒေသမှာ တနင်္လာနေ့ကဖြစ်တဲ့တိုက်ပွဲကြောင့် မြန်မာတပ်မတော်ဘက်က (၃) ဦးကျဆုံး၊ (၇) ဦးဒဏ်ရာရပြီး ကိုးကန့်တပ်က (၆) ဦးကျဆုံးတယ်လို့ မြန်မာတပ်မတော်က ဖေဖေါ်ဝါရီလ (၂၃)ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

အခုလို ကိုးကန့်ဒေသမှာ မြန်မာအစိုးရတပ်တွေနဲ့ ကိုးကန့်လက်နက်ကိုင်တပ်တွေကြား တိုက်ပွဲတွေကြောင့် နယ်စပ်ဒေသ ပဋိပက္ခနဲ့ ထိပ်တိုက်ရင်ဆိုင်မှု အလားအလာကို အထူးစိုးရိမ်မကင်းဖြစ်နေကြောင်း ကုလသမဂ္ဂဘက်က ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ (၁၇)ရက်နေ့ကကြေညာချက်ထုတ်ပြန်ထားပါတယ်။လက်နက်ကိုင်အဖွဲ့အစည်းအားလုံး ထိန်းထိန်းသိမ်းသိမ်းလုပ်ကြဖို့နဲ့ နောက်ထပ် ထိပ်တိုက် စစ်မက်ဖြစ်ပွားမယ့် အခြေအနေကို ရှောင်ရှားကြဖို့လည်း ကုလသမဂ္ဂက တိုက်တွန်းပါတယ်ရှင်။

XS
SM
MD
LG