သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကတိုက် နိုင်ငံများ ထိပ်သီးစည်းဝေးပွဲစ


အမေရိကတိုက်နိုင်ငံတွေက ခေါင်းဆောင်တွေဟာ သူတို့ရဲ့ ထိပ်သီးဆွေးနွေးပွဲကို ကိုလမ်ဘီယာနိုင်ငံ Cartagena မြို့မှာ ဖွင့်လှစ်လိုက်ကြပြီး ကျုးဘားနိုင်ငံအပေါ် အမြင်မတူမှုတွေနဲ့ မူးယစ်ဆေးတိုက်ဖျက်ရေး အောင်မြင်မှုတွေကို ဆွေးနွေးကြမယ်လို့ မျှော်လင့်နေကြပါတယ်။ ၂ ရက်ကြာလုပ်မယ့် (၆) ကြိမ်မြောက် ဒီအမေရိကတိုက် နိုင်ငံများ ထိပ်သီးဆွေးနွေးပွဲကို အမေရိကန်သမ္မတ ဘားရက်အိုဘားမားနဲ့ အိမ်ရှင် ကိုလမ်ဘီယာသမ္မတ Juan Manual Santos တို့အပါအဝင် နိုင်ငံပေါင်း ၃၀ ကျော်က ခေါင်းဆောင်တွေ တက်ရောက်နေကြပါတယ်။

အိမ်ရှင်သမ္မတ Santos က အဖွင့်မိန့်ခွန်းပြောရာမှာ ဒီထိပ်သီးဆွေးနွေးပွဲရဲ့ အဓိကဆောင်ပုဒ်ဖြစ်တဲ့ “ချမ်းသာကြွယ်ဝသာယာဖို့ လက်တွဲဖော်တွေဖြစ်ရေး” အတွက် ပူးပေါင်းဆောင်ရွက်ပေးကြဖို့ တက်ရောက်လာသူတွေကို တိုက်တွန်းလိုက်ပါတယ်။ သမ္မတ အိုဘားမားကတော့ ဒီဆွေးနွေးပွဲမှာ သူ့ရဲ့အဓိက ရည်ရွယ်ချက်က အမေရိကန် ထုတ်ကုန်တွေအတွက် ဈေးကွက်သစ် ရှာနိုင်ရေး ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

ဒါပေမဲ့ ဒီဆွေးနွေးပွဲမှာ အငြင်းအခုန်လုပ် ဆွေးနွေးရမယ့် ကိစ္စတွေလည်း ရှိနေပါတယ်။ တခုကတော့ ကျုးဘားနိုင်ငံကို အဖွဲ့ဝင်အဖြစ် လက်မခံဖို့ အမေရိကန်က တောက်လျှောက် လုပ်လာခဲ့တာကို မကျေမနပ် ဖြစ်နေတာမျိုးတွေလည်း ဆွေးနွေးလာနိုင်ပါတယ်။

Equado သမ္မတ Rafael Correa ကတော့ ကျုးဘားအနေနဲ့ ဒီဆွေးနွေးပွဲ မတက်ရောက်နိုင်တဲ့အပေါ် သပိတ်မှောက်တဲ့ အနေနဲ့ အစည်းအဝေးမတက်ဘဲ နေခဲ့ချိန်မှာ အခြား ခေါင်းဆောင်တွေဘက်ကလည်း ကျုးဘားမပါဘဲ ထိပ်သီး ဆွေးနွေးပွဲတက်တာ ဒီတခေါက် နောက်ဆုံးပဲ ဖြစ်ရမယ်လို့ ဆိုနေကြပါတယ်။

နောက်ထပ် သဘောထားကွဲနိုင်တဲ့ ကိစ္စတခုကတော့ မူးယစ်ဆေးဝါး သုံးတာကို တရားဝင်ခွင့်ပြုရေး ဖြစ်ပါတယ်။ ကိုလမ်ဘီယာနိုင်ငံ သမ္မတ Sants နဲ့ အခြားခေါင်းဆောင်တွေ ပြောနေတာက အမေရိကန် ဦးဆောင်တဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စစ်ဆင်ရေးထက်စာရင် ခုလို တရားဝင် ခွင့်ပြုလိုက်တာကမှ ပိုပြီးထိရောက်ပြီး အကုန်အကျလည်း ပိုနည်းလာနိုင်တယ်လို့ ဆိုပါတယ်။

XS
SM
MD
LG