သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာဥပဒေ တရုတ်ချိုးဖောက်ဟု ကန်စွပ်စွဲ


တောင်တရုတ်ပင်လယ်အတွင်း အငြင်းပွားနေတဲ့ Spratly ကျွန်းစုတွေအနီး Mischief သန္တာကျောက်တန်းဝန်းကျင်မှာ သောင်ဖော်နေတဲ့ တရုတ်သဘောၤတွေကို တွေ့ရစဉ်။
တောင်တရုတ်ပင်လယ်အတွင်း အငြင်းပွားနေတဲ့ Spratly ကျွန်းစုတွေအနီး Mischief သန္တာကျောက်တန်းဝန်းကျင်မှာ သောင်ဖော်နေတဲ့ တရုတ်သဘောၤတွေကို တွေ့ရစဉ်။

တောင်တရုတ်ပင်လယ်ထဲမှာ တရုတ်က မြေဖို့ကျွန်းဖော်နေတဲ့ ကိစ္စက နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်တာဖြစ်ပြီး အငြင်းပွားစရာဖြစ်နေတဲ့
မြေပေါ်မှာ နောက်ထပ် စစ်ရေးပြင်ဆင်ဆောင်ရွက်မှု လုပ်ရပ်မှန်သမျှကို အမေရိကန်က ကန့်ကွက်တယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Ashton Carter က ပြောကြားလိုက်ပါတယ်။

ရေအောက်ကျောက်တုံးတွေကို လေယာဉ်ပြေးလမ်းအဖြစ် အသွင်းပြောင်းလိုက်ရုံနဲ့ အချုပ်အခြာအာဏာပိုင်တယ်လို့ ပြောခွင့်မရှိသလို နိုင်ငံတကာ လေကြောင်း၊ ရေကြောင်း သွားလာခွင့်တွေကိုလည်း ထိန်းချုပ်လို့မရပါဘူး၊ တောင်တရုတ်ပင်လယ်ထဲမှာ တရုတ်ရဲ့ ဆောင်ရွက်ချက်တွေဟာ နိုင်ငံတကာ
ဥပဒေသတွေကို ဖောက်ဖျက်လိုက်တာဖြစ်သလို အာရှ-ပစိဖိတ်ဒေသတွင်း လုံခြုံရေးအစီအမံတွေနဲ့ သံခင်းတမန်းခင်းကို အဓိကထားဆောင်ရွက်မယ့် ဒေသတွင်း နားလည်ထားမှုတွေကို ဖောက်ဖျက်လိုက်တာပဲလို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Carter က ပြောကြားခဲ့တာဖြစ်ပါတယ်။

နိုင်ငံတကာ မဟာဗြူဟာလေ့လာရေး IISS က Singapore နိုင်ငံမှာ စီစဉ်ကျင်းပတဲ့ Shangri-La Dialogue ဆွေးနွေးပွဲမှာ ခုလို ပြောခဲ့တာဖြစ်ပါတယ်။ ပိုင်နက်အငြင်းပွားနေကြတဲ့ တခြားနိုင်ငံတွေထက်ကို တရုတ်နိုင်ငံက မြန်မြန်ဆန်ဆန်နဲ့ ပိုပြီးရှေ့ရောက်အောင် ဆောင်ရွက်နေတာဖြစ်တယ်လို့ Shangri-La Dialogue ဆွေးနွေးပွဲတက်ရောက်နေကြတဲ့ အာရှ-ပစိဖိတ်ဒေသတွင်းက ကာကွယ်ရေးဆိုင်ရာ တာဝန်ရှိသူတွေကို အမေရိကန်ကာကွယ်ရေးဝန်ကြီးက မိန့်ခွန်းပြောကြားခဲ့ပါတယ်။

တောင်တရုတ်ပင်လယ်ထဲက အဓိက ကမ္ဘာ့သင်္ဘောလမ်းကြောင်းတွေရှိရာ သဘာဝသယံဇာတကြွယ်ဝတဲ့ နေရာအားလုံးနီးပါးဟာ သူတို့ ပိုင်နက်ဖြစ်တယ်လို့ တရုတ်က အလေးထား ပြောနေတာပါ။ အဲဒီနေရာတချို့ကို ဖိလစ်ပိုင်၊ မလေးရှား၊ ဗီယက်နမ်၊ ထိုင်ဝမ်နဲ့ ဘရူနိုင်းနိုင်ငံတွေကလည်း ပိုင်ဆိုင်တယ်လို့ ပြောနေပါတယ်။

အာရှဒေသတွင်း လှေစီးပြေးပြဿနာအပေါ် စိုးရိမ်မှုနေကြတာနဲ့ ပတ်သက်လို့တော့ မလေးရှားကာကွယ်ရေးဝန်ကြီး Hishammuddin Hussein က
ပြဿနာအရင်းအမြစ်ကို အလုံးစုံ ဖြေရှင်းရမယ်လို့ ပြောကြားသွားပါတယ်။ မလေးရှားက ဦးဆောင်ပြီး ရိုဟင်ဂျာတွေအတွက် ယာယီ နေရာထိုင်ခင်းတွေ
ပေးထားသလို လူကုန်ကူးသူတွေရဲ့ နောက်ထပ် အမြတ်ထုတ်မှုကို တားဆီးနိုင်အောင် ဆောင်ရွက်နေတယ်လို့ သူကပြောကြားသွားခဲ့ပါတယ်။

XS
SM
MD
LG