အမေရိကန်အနေနဲ့ အာဖဂန်နစ္စတန်ကို ပြန်လည် ထူထောင်ဖို့ ဒေါ်လာ ၁၀၄ ဘီလျံ ဖြည့်ဆည်းပေးခဲ့တယ်လို့ အမေရိကန်အစိုးရရဲ့ အာဖဂန် ပြန်လည် ထူထောင်ရေး အထူးစုံစမ်းစစ်ဆေးရေးမှူးက ပြောပါတယ်။ အဲဒီ ပိုက်ဆံဟာ သမိုင်းတစ်လျှောက်မှာ နိုင်ငံတစ်နိုင်ငံ ပြန်လည်တည်ထောင်ဖို့ အမေရိကန် ပြည်ထောင်စုအနေနဲ့ ဖြည့်ဆည်းပေးတဲ့ အများဆုံး ပမာဏ ဖြစ်ပါတယ်။
အခုလို အများကြီး ရင်းနှီးမြှုပ်နှံခဲ့ပေမဲ့လည်း အကျင့်ပျက်ခြစားမှုတွေ၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေက တောင်လိုပုံနေပြီး အာဖဂန်နစ္စတန်အနေနဲ့ အမေရိကန် စတင်ခဲ့တဲ့ လုပ်ငန်းတွေကိုထိန်းသိမ်းဖို့ ပိုက်ဆံမတတ်နိုင်ပါဘူးလို့ John Sopko က ပြောပါတယ်။
အခုဖြစ်နေတာက ကျနော်တို့ဟာ အာဖဂန်တွေအနေနဲ့ မတတ်နိုင်တဲ့ အစိုးရတစ်ရပ်ကို ဖန်တီးမိသလို ဖြစ်နေပါတယ်- လို့ Sopko က ဂျော့ခ်ျတောင်း တက္ကသိုလ်မှာ သောကြာနေ့မှာ ပြောခဲ့ပါတယ်။ အမေရိကန်နဲ့နိုင်ငံတကာ အလှူရှင်တွေက အာဖဂန်နိုင်ငံရဲ့အသုံးစရိတ် ၆၀ % ကျော်ကို ထောက်ပံ့နေတာပါ။
နိုင်ငံတကာ တိုက်ခိုက်ရေးတပ်ဖွဲ့တွေ အာဖဂန်က ရုပ်သိမ်းဖို့ သတ်မှတ်ချိန် ကုန်ဆုံးဖို့ နီးစပ်လာပေမဲ့လည်း အမေရိကန်ကွန်ဂရက်က ပြန်လည် ထူထောင်ရေး ငွေ ၁၆ ဘီလျံ ထပ်တိုး ချထားပေးပါတယ်။ အမေရိကန်အနေနဲ့ အာဖဂန်က အကျင့်ပျက် ခြစားမှုတွေကို ထိထိရောက်ရောက်ကိုင်တွယ်ဖို့ ပျက်ကွက်ခဲ့တယ်လို့ Sopko က ပြောပါတယ်။ အာဖဂန် အနေနဲ့ တကမ္ဘာလုံးမှာ အကျင့်ပျက်ခြစားမှုအဖြစ်ဆုံး နိုင်ငံတစ်နိုင်ငံထဲပါဝင်ပြီး အမေရိကန် ဒေါ်လာ ဘီလျံပေါင်းများစွာ သုံးနေတာဟာ အရမ်းကို အံ့သြဖို့ ကောင်းပါတယ်လို့ သူက ဖြည့်စွက်ပြောကြားပါတယ်။
အမေရိကန်အစိုးရရဲ့ဒေါ်လာ ၇.၆ ဘီလျံသုံးထားတဲ့ ဘိန်းထုပ်လုပ်မှု တိုက်ဖျက်ရေး မအောင်မြင်တဲ့အကြောင်းကိုလည်း သူက ဝေဖန်ပါတယ်။ အာဖဂန်ရဲ့ နိုင်ငံရေးဆန္ဒနဲ့ ထိရောက်တဲ့ မူးယစ်ဆန့်ကျင်တဲ့ မဟာဗျုဟာမရှိရင်တော့ အာဖဂန်ဟာ မူးယစ်ရာဇဝတ် နိုင်ငံတော်ကြီး ဖြစ်လာမယ်လို့ သူက သတိပေး ထားပါတယ်ခင်ဗျာ။