သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်စစ်ပွဲ ကန်နဲ့နေတိုး အဆုံးသတ်


အမေရိကန်ပြည်ထောင်စုနဲ့ နေတိုးအဖွဲ့တို့ဟာ အာဖဂန်နစ္စတန်နိုင်ငံမှာ ဆင်နွှဲနေတဲ့ သူတို့ရဲ့စစ်ပွဲကို တနင်္ဂနွေနေ့မှာ တရားဝင် အဆုံးသတ်လိုက်ပါပြီ။ ဒါပေမယ့် သူတို့ ၁၃ နှစ်ကြာတိုက်ခိုက်ခဲ့တဲ့ တာလီဘန်အဖွဲ့ဟာ အာဖဂန်နစ္စတန်အစိုးရအတွက်တော့ ရက်စက်ကြမ်းကြုတ်တဲ့ရန်သူအဖြစ် ဆက်လက် ရှိနေဆဲဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ သူ့ရဲ့ စစ်ဖက်မဟာမိတ် အနောက်နိုင်ငံတွေဟာ သူတို့တိုက်ရိုက် ပါဝင်တိုက်ခိုက်နေတဲ့ စစ်ရေးလှုတ်ရှားမှုတွေကို ကာဘူးမြို့မှာရှိတဲ့ စစ်ဌာနချုပ်မှာ အခမ်းအနားနဲ့ အဆုံးသတ်လိုက်ပါတယ်။

ဒါပေမဲ့ သူတို့ရဲ့တပ်ဖွဲ့ဝင်စုစုပေါင်း (၁၃,၅၀၀) ကို အာဖဂန်နစ္စတန်နိုင်ငံမှာ ဆက်လက်ထားရှိအုံးမှာဖြစ်ပြီး အဲဒီတပ်ဖွဲ့ဝင်တွေဟာ အာဖဂန်နစ္စတန်နိုင်ငံရဲ့ စစ်ရေးနဲ့လုံခြုံရေးကို လာမယ့်နှစ်ဆန်းတရက်နေ့ကနေ စတင်တာဝန်ယူကြတော့မယ့် အာဖဂန်တပ်ဖွဲ့တွေကို လေ့ကျင့်ပေးဖို့နဲ့ အကြံဉာဏ်ပေးတဲ့ တာဝန်တွေကို ဆက်လက်ထမ်းဆောင်ကြမှာပါ။

အမေရိကန်ရဲ့ရာဇဝင်မှာ ကာလအရှည်ကြာဆုံး တိုက်ခိုက်ခဲ့တဲ့ဒီစစ်ပွဲက အမေရိကန်နိုင်ငံအတွက် ပိုမို လုံခြုံစိတ်ချရမှုကို ဖြစ်စေခဲ့ပြီး တာဝန်သိမှုနဲ့ အဆုံးသတ်စေနိုင်ခဲ့ပါတယ်လို့ သမ္မတဘားရက် အိုဘားမားက ပြောဆိုပါတယ်။ ဒါပေမဲ့ အာဖဂန်နစ္စတန်နိုင်ငံဟာ အန္တရာယ်ရှိတဲ့ဒေသတခုအဖြစ် ရှိနေဆဲ ဖြစ်တယ်ဆိုတာကိုတော့ သူက အသိအမှတ်ပြုပါတယ်။

နိုင်ငံပေါင်း ၅၀ က တပ်ဖွဲ့ဝင်ပေါင်း (၁၄၀,၀၀၀) ဟာ အာဖဂန်နစ္စတန်နိုင်ငံအတွင်းမှာရှိနေတဲ့ သူပုန်တွေကို တိုက်ခိုက်ရာမှာ ပါဝင်တိုက်ခိုက်ခဲ့ကြပါတယ်။

၁၃ နှစ်ကြာအချိန်အတွင်း နိုင်ငံရပ်ခြားက တပ်ဖွဲ့ဝင်ပေါင်း ၃,၅၀၀ နီးပါးကျဆုံးခဲ့ပြီး အဲဒီအထဲမှာ အမေရိကန် တပ်ဖွဲ့ဝင် ၂,၂၀၀ ကျော်ပါဝင်ပါတယ်။

XS
SM
MD
LG