အမေရိကန်ကာကွယ်ရေးဝန်ကြီး Chuck Hagel ဟာ မြောက်နဲ့တောင် ကိုရီးယား နှစ်နိုင်ငံကြား စစ်မဲ့ဇုန်အဖြစ် သတ်မှတ်ထားတဲ့နေရာကို သွားရောက်လည်ပတ် ကြည့်ရှုခဲ့ပါတယ်။ မစ္စတာ Hagel ဟာ တောင်ကိုရီးယားဝန်ကြီး ကင်ကွမ်ရင်နဲ့အတူ နှစ်နိုင်ငံနယ်စပ် Panmonjom ကျေးရွာကို သွားရောက်ကြည့်ရှုလည်ပတ်ခဲ့တာပါ။
သူတို့ရဲ့ခရီးကို မြောက်ကိုရီးယား နယ်ခြားစောင့်တပ်က ထပ်ကြပ်မကွာ စောင့်ကြည့်နေကြပါတယ်။ အမေရိကန်နဲ့ တောင်ကိုရီးယား နှစ်နိုင်ငံရဲ့ မဟာမိတ်ဖြစ်မှုကို ထင်ထင်ရှားရှား ပြသတာဖြစ်သလို တောင်ကိုရီးယားနိုင်ငံနဲ့ ဒေသတွင်း လုံခြုံရေးရဲ့ လုံခြုံမှုနဲ့စိတ်ချရမှုကို အာမခံမှုကို ပြသတာဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး Hagel က ပြောပါတယ်။
စစ်မဲ့ဇုန်အရပ်ကို သွားရောက်ပြီးတဲ့နောက် မစ္စတာဟေဂယ်လ်ဟာ ဆိုးလ်မြို့ကို သွားပြီးတော့ တောင်ကိုရီးယားသမ္မတ Park Geun-hye နဲ့ သမ္မတရဲ့ နေအိမ်မှာ တွေ့ဆုံခဲ့ပါတယ်။