သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးနဲ့ Hamas အပစ်ရပ်ဖို့ ကုလနဲ့ အမေရိကန်ကြိုးပမ်း


စစ်ဘေးဒဏ်သင့်နေတဲ့ ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးလ်နဲ့ ပါလက်စတိုင်းတို့ကြား စစ်ပွဲတွေအဆုံးသတ်ဖို့ အရင်က အီဂျစ်ဘက်က အကြံပြုခဲ့တဲ့ အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ တွန်းအားပေးတဲ့အနေနဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီတို့ ကိုင်ရိုမြို့ကို ရောက်ရှိနေပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကတော့ - ကိုင်ရိုမြို့ကိုရောက်ရှိစဉ်မှာပဲ ကြိုတင်သတ်မှတ်ချက်တွေမပါဘဲ အပစ်ရပ်ကြဖို့ တောင်းဆိုလိုက်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကတော့ ကိုင်ရိုမြို့ကို သီးခြားရောက်ရှိလာခဲ့ပြီး စစ်ဘေးဒဏ်ကြောင့် အိုးအိမ်တွေ စွန့်ခွာထွက်ပြေးနေတဲ့ ဂါဇာဒေသခံသောင်းနဲ့ချီကို ကယ်ဆယ်နိုင်ဖို့အတွက် အမေရိကန်ဒေါ်လာ ၄၇ သန်းတဲ့ လူသားချင်းစာနာတဲ့ အကူအညီတွေပေးရေးကိစ္စကို ကုလသမဂ္ဂအတွင်းရေးမှူး နဲ့ ဆွေးနွေးသွားဖို့ရှိပါတယ်။ ငြိမ်းချမ်းရေး လုပ်ဆောင်ချက်တွေဟာ စစ်ပွဲတွေနဲ့ အရပ်သားသေဆုံးမှုတွေကို အဆုံးသတ်ဖို့ ရည်ရွယ်ထားရမယ်လို့ အမေရိကန်သမ္မတ ဘရက်ခ်အိုဘားမားက တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။

ဂါဇာမြို့က အထပ်မြင့်အဆောက်အအုံတွေအပါအဝင် ပစ်မှတ် ၅၀ လောက်ကို အစ္စရေးလ်တိုက်လေယာဉ်တွေကို တိုက်ခိုက်ခဲ့ကြပြီး တဲ့နောက်မှာ အခုလို သံတမန်ရေးနည်းနဲ့ ဖြေရှင်းဖို့ ကြိုးပမ်းလာတာဖြစ်ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် ၁၁ ယောက်သေဆုံးပြီး ၅၀ လောက် ဒဏ်ရာရသွားတယ်လို့ မျက်မြင်သက်သေတွေက ပြောါပတယ်။ ဟားမတ်စ်ဘက်ကတော့ သူတို့ဟာ အစ္စရေးလ်ထဲကို ဒုံးကျည်အလုံး ၅၀ ကျော် ပစ်လွှတ်ခဲ့ပြီး အစ္စရေးလ်နိုင်ငံထဲကို ဝင်ရောက်တိုက်ခိုက်နိုင်ဖို့အတွက် လှိုဏ်ခေါင်းတွေကနေ ဆက်ပြီး တိုက်သွားမယ်လို့ ပြောလိုက်ပါတယ်။

XS
SM
MD
LG