ပစိဖိတ်ကမ်းရိုးတန်းတလျှောက်နိုင်ငံများ မိတ်ဖက်ဆက်ဆံရေး TPP လို့ခေါ်တဲ့ ကုန်သွယ်ရေး သဘောတူညီချက်ကြီးတခုရဖို့ ၁၂ နိုင်ငံ စေ့စပ် ညှိနှိုင်း နေတာမှာ နောက်ဆုံးသဘောတူညီချက်တခုရဖို့ တိုးတက်မှုကောင်း ရှိထားပြီးဖြစ်ပေမယ့် အသေးစိတ် တချို့ကို ဆက်ပြီးညှိနှိုင်းဖို့ လိုသေးတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကပြောလိုက်ပါတယ်။
သဘောတူညီချက်ရဲ့ ရည်မှန်းချက်တွေကို စင်္ကာပူနိုင်ငံမှာရောက်နေတဲ့ ဝန်ကြီးကယ်ရီက အဓိက ထောက်ပြပြီး ပြောသွားပါတယ်။ ဒီ သဘော တူညီချက်ဟာ ပါဝင်တဲ့နိုင်ငံတွေအတွက် စီးပွားရေး အခွင့်အလန်းတွေကို ဖန်တည်းပေးရုံသာမက ကောင်းမွန် သောအုပ်ချုပ်ရေး၊ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ခံမှုတို့ကို အထောက်အပံ့ပြုမှာဖြစ်တယ်လို့ ဝန်ကြီးကယ်ရီကပြောပါတယ်။
စေ့စပ်ညှိနှိုင်းနေကြတာ နှစ်အတော်ကြာနေပြီဖြစ်ပြီး ပြီးခဲ့တဲ့သီတင်းပတ်က အမေရိကန်ပြည်ထောင်စု၊ ဟာဝိုင်ယီကျွန်းမှာလုပ်တဲ့ ဆွေးနွေးပွဲတွေအတွင်း နောက်ဆုံးအဆင့် စာချုပ်အပေါ် ကုန်သွယ်ရေး ဝန်ကြီးတွေ သဘောတူညီချက် မရခဲ့ပါဘူး။ သဘောတူညီချက် ရပြီဆိုရင်တော့ TPP ဟာ တကမ္ဘာလုံးစီးပွားရေးရဲ့ ၄၀% ကို လွှမ်းခြုံ သက်ရောက်မှာ ဖြစ်ပါတယ်။
နိုင်ငံတကာ အလုပ်အကိုင်နဲ့ ပတ်ဝန်းကျင်ရေးရာ စံနှုန်းတွေကိုလိုက်နာဖို့၊ နိုင်ငံပိုင်လုပ်ငန်းတွေ ပုဂ္ဂလိက ကဏ္ဍနဲ့ မျှတစွာ ယှဉ်ပြိုင်ဖို့၊ အသက်မပြည့် သေးတဲ့ လုပ်သားတွေကို အသုံးပြုတာ ဒါမှမဟုတ် ဘေးရန် မကင်းတဲ့ လုပ်ငန်းခွင်တွေမှာ လုပ်ကိုင်တာ မျိုးကို စီးပွားရေးလုပ်ငန်းတွေ ရှောင်ရှားဖို့ တောင်းဆိုပြီး စံနှုန်းသတ်မှတ်ချက်တွေကို TPP က မြှင့်တင်ပေးမှာဖြစ်တယ်လို့ မစ္စတာ ကယ်ရီကပြောပါတယ်။