သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ရောက် မြန်မာခရစ်ယာန်တွေရဲ့ ခရစ်စမတ်ဆုတောင်း


 အင်ဒီယားနားပြည်နယ်က ချင်းအသင်းတော်မှာ ဆုတောင်းနေစဉ် (Facebook -Chin Evangelical Baptist Church, Indianapolis, USA)
အင်ဒီယားနားပြည်နယ်က ချင်းအသင်းတော်မှာ ဆုတောင်းနေစဉ် (Facebook -Chin Evangelical Baptist Church, Indianapolis, USA)

ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ ကျရောက်တဲ့ ခရစ်စမတ် အခါသမယ ပွဲတော်ကို ကမ္ဘာတဝှမ်း ကျင်းပနေကြ ချိန်မှာ အမေရိကန်ရောက် ခရစ်ယန်ဘာသာဝင် မြန်မာတွေဘယ်လို ပါဝင်ဆင်နွှဲကြတယ် ဆိုတာကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

"ဒီခရစ်စမတ်အချိန်အခါ သမယအတွင်း မြန်မာပြည်မှာရှိသော ညီအကိုမောင်နှမအားလုံးအတွက် ကိုယ်တော်ကို ဆုတောင်းလိုပါသည်။ မြန်မာပြည်တွင် ကိုယ်တော်ထံကနေ ငြိမ်သက်ခြင်းဆုကျေးဇူးချပေးတော်မှုပါ။ တိုင်းပြည်ကို အုပ်စိုးလျက်ရှိသော သမ္မတမှစ၍ လူထုအားလုံးအပေါ်တွင် ခရစ်စမတ် ငြိမ်သက်ခြင်း ကိုယ်တော်ဘုရားချပေးတော်မှုပါ။ ခရစ်စမတ်အချိန်အခါ သမယကနေစပြီးတော့ ၂၀၁၉ နှစ်သစ်အချိန်အခါ သမယတွင်လည်း ကိုယ်တော်ဘုရားလက်ရုန်းတော်အားဖြင့် မြန်မာပြည်ကို လမ်းပြပါ၊ ပို့ဆောင်ပါ။ ပြည်သူလူထုအားလုံး အပေါ်တွင်လည်း ကိုယ်တော်ဘုရားလက်ရုန်းတော်ဆန့်တန်းပြီး ကောင်းကြီးပေးပါမည့်အကြောင်း ကျေးဇူးတော်အပေါင်းကိုချီးမွန်းပြီး ခရစ်တော်နာမဖြင့် ရိုသေချင်းနှင့်ဆုတောင်းဆပ်ကပ်ကြပါတယ် ၊ အဖ ထာဝရ မြတ်စွာဘုရား။"

အင်ဒီယားနားပြည်နယ်က ချင်းတရားဟောဆရာ Rv. Van Thawng Lian က ခရစ်စမတ်အခါသမယ အတွက် ဆုတောင်း မေတ္တာ ပို့သပေးလိုက်တာပါ။

မြန်မာနိုင်ငံက ခရစ်ယာန်အများစုပါဝင်တဲ့ ကချင်၊ ကရင်၊ ချင်း အစရှိတဲ့ တိုင်းရင်းသား အများအပြား အခြေချရာ အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ်က ဧဝံဂေလိနဲ့ Baptists အများစုရှိတဲ့ ချင်းအသင်းတော်မှာလည်း ခရစ်စမတ်ပွဲတော် အတွက် ပြင်ဆင်နေကြတယ်လို့ ချင်းအသင်းတော်က တာဝန်ခံ ဦး Van Ceu Uk ကပြောပါတယ်။

"Chin Evangelical Baptist Church လို့ခေါ်တာပေါ့နော် ဒီမှာတော့ အသင်းတော်မှာတော့ Baptist Church ပိုများတာပေါ့နော် ဒီမှာက Baptist မကဘူး ဒီမှာ AG လည်းပါတယ်။ အဲဒါတွေပေါင်းပြီးတော့ ဖြစ်လာတာပေါ့နော်။ ကျနော်တို့မြန်မာပြည်ကလာတဲ့ လူဦးရေကတော့ ၂ သောင်းနီးပါးရှိမယ်လို့ထင်တယ် အများစုကတော့ ၈၀၊ ၉၀ ရာခိုင်နှုန်းလို့ ခရစ်ယာန်လို့ထင်တာပေါေ့နာ် အဲဒါက Indianapolis မှာပါပဲ ။ ချင်းပြည်နယ်မှာ မြန်မာပြည်မှာလုပ်တဲ့ပုံစံအတိုင်း ဆုတောင်းပွဲလည်းလုပ်တယ် ညနေမှာ Christmas Dinner လည်းအားလုံးကို အသင်းတော်ကလူတွေ ဖိတ်ပြီးတော့ ဒီမှာ Dinner ပွဲလည်းရှိတာပေါ့”

အမေရိကန်နိုင်ငံမှာ လာရောက် အခြေချနေထိုင်တဲ့ တိုင်းရင်းသားပေါင်းစုံ ပါဝင်တဲ့ မြန်မာမိသားစုတွေဟာ ခရစ်စမတ်နေ့ထူးနေ့မြတ်အတွက် ကြိုတင်ပြင်ဆင်မှုတွေနဲ့ အတူ အားလုံးပျော်ပျော်ပါးပါး ဆင်နွှဲကြတယ်လို့ မြန်မာ- အမေရိကန် ကက်သလစ်များ အသင်းက အကြီးအကဲ John Sailon ကပြောပါတယ်။

“ကျနော်တို့ မြန်မာ ကက်သလစ်တွေကတော့ တကယ့်ကို မြန်မာပြည်အတိုင်းပဲ တကယ့်ကို ကြိုတင်ပြင်ဆင်မှုလုပ်ပါတယ်။ ဘာလုပ်သလဲဆိုတော့ ခရစ်တော်ကြွလာမယ့်အချိန်ကာလလို့ သတ်မှတ်တာကို အဲဒါကို ဒီဝိညာဉ်ရေးပိုင်းဆိုင်ရာမှာတော့ ပြန်ရှင်းထားတယ်။ တချိန်တည်းမှာပဲ တယောက်နဲ့တယောက် တအိမ်နဲ့တအိမ်သွားရောက် နှုတ်ဆက်ကြတာပေါ့။ ခရစ်စမတ်အကြိုကာလမှာ ဘာဖြစ်လို့လဲဆိုတော့ ခရစ်စမတ်ကာလမှာတယောက်နဲ့ တယောက်ပြန်တွေ့ဖို့ နည်းနည်းအခက်အခဲရှိတယ် ။ အဲဒါကြောင့် carol singing တွေထွက်ကြတယ် တအိမ်နဲ့တအိမ် တမြို့ပြီးတမြို့ပေါ့နော် ။ ကိုယ်နဲ့ နီးစပ်တဲ့ မြို့တွေမှာ နှုတ်ဆက်သီချင်းတွေ ခရစ်စမတ်သတင်းကောင်းတွေကိုသွားပြီး စေမျှချင်းလည်းဖြစ်တယ်။ မြန်မာယဉ်ကျေးမှုတွေလည်း ကျနော်တို့ တော်တော်များများ ဒီဘက်ကို အတတ်နိုင်ဆုံး မပပျောက်အောင် ဆက်လက်ထိန်းသိမ်းသွားမယ်"

မြန်မာပြည်သူအားလုံးလည်း ငြိမ်းငြိမ်းချမ်းချမ်း ရှိဖို့အတွက် အချင်းချင်း မေတ္တာထားကြဖို့လည်း ဆုတောင်းပေးခဲ့ပါတယ်။

"မြန်မာပြည်က လက်ရှိ ကြုံတွေ့နေရတဲ့ ငြိမ်းချမ်းရေးပေါ့လေ တယောက်နဲ့တယောက် နားလည်မှု တယောက်နဲ့တယောက် respect မပေးမချင်း ဘာသာရေးအသုံးအနှုန်းအရ ပြောရမယ်ဆိုရင်တော့ ငြိမ်သက်ချင်းမရှိဘူးပေ့ါ ဆိုတော့ အဲဒါကို ခေါင်းဆောင်တွေက သေချာ မေတ္တာထားရမယ်။ ဘာဖြစ်လို့လဲဆိုရင်တော့ အားလုံးက တိုင်းရင်းသားတွေပဲ တယောက်နဲ့တယောက်မေတ္တာထားပြီးတော့ တယောက်နဲ့တယောက် respect ထားလို့ရှိရင် တော်တော်လေးကို ပျော်စရာကောင်းတဲ့နိုင်ငံလို့ ပြောလို့ရပါတယ် ၊ ကိုယ့်သားသမီး၊ ကိုယ့်အမျိုးတွေပဲ ၊ ကိုယ့်တိုင်းရင်းသားတွေပဲ တနိုင်ငံထဲမှာနေတဲ့လူတွေအားလုံးပဲ တယောက်နဲ့တယောက် သေသေချာချာ ညှိနှိုင်းတိုင်ပင်ပြီးတော့ အချင်းချင်း respect ပေးပြီးတော့ တယောက်နဲ့တယောက် မေတ္တာထားပြီးတော့ Union of Myanmar ဆိုတဲ့အသုံးအနှုန်းကို ဆက်လက်ပြီး အကောင်အထည်ဖော်သွားပါလို့ အမေရိကားကနေ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

ကက်သလစ်ဘာသာဝင်တွေရဲ့ အကြီးအကဲ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကတော့ ဒီဇင်ဘာလ ၂၅ ရက် ခရစ်စမတ်ညမှာ St Peter စိန့်ပီတာ ဘုရားကျောင်းကနေ မိန့်ခွန်းပြောကြားပြီး ဆုတောင်းပေးမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG