အမေရိကန်နိုင်ငံသားတွေဟာ စက်တင်ဘာလ ၁ ရက် တနင်္လာနေ့မှာ Labor Day အလုပ်သမားနေ့ အားလပ်ရက်ကို ဆင်နွှဲနေကြပါတယ်။
အလုပ်သမားနေ့မှာ သမ္မတဘာရက် အိုဘားမားက အလုပ်သမားတွေရဲ့ အနည်းဆုံးလုပ်ခငွေတွေကို တိုးမြှင့်ပေးဖို့ ကွန်ဂရက်လွှတ်တော်ကို တောင်းဆိုလိုက်ပါတယ်။
တနင်္လာနေ့ အလုပ်သမားနေ့ ပျော်ပွဲရွှင်ပွဲ ဆင်နွှဲနေတဲ့ Wiscosin ပြည်နယ်မှာ မိန့်ခွန်းပြောကြားရာမှာ သမ္မတက အနိမ့်ဆုံးလုပ်အားခတွေကို တိုးမြှင့်ပေးတဲ့ပြည်နယ်တွေက အနိမ့်ဆုံးလုပ်အားခကို တိုးမပေးတဲ့ ပြည်နယ်တွေထက် အလုပ်အကိုင်တွေ ပိုမိုတိုးတက်လာတယ်လို့ ပြောပါတယ်။
တနိုင်ငံလုံးရဲ့ အနိမ့်ဆုံးလုပ်ခ တနာရီ ၇.၂၅ ဒေါ်လာကနေ ၁၀.၁၀ ဒေါ်လာအထိ တိုးမြှင့်ပေးဖို့ သမ္မတက ကွန်ဂရက်လွှတ်တော်ကို တောင်းဆိုလိုက်တာပါ။
အမေရိကန် အလုပ်သမားနေ့ဟာ တိုင်းပြည်အတွင်းမှာရှိကြတဲ့ အလုပ်သမားတွေရဲ့ တာဝန်ကျေမှုအပေါ် ဂုဏ်ပြုတာ ဖြစ်သလို နွေရာသီကုန်ဆုံးခါနီး ကာလ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲလည်း ဖြစ်ပါတယ်။
၁၈၉၄ ခုနှစ်မှာ အမျိုးသားအလုပ်သမား သမဂ္ဂတွေရဲ့ တွန်းအားပေးမှုတွေကြောင့် စက်တင်ဘာလရဲ့ ပထမဆုံး တနင်္လာနေ့ကို တရားဝင် အားလပ်ရက် အဖြစ် သပ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။ ဆယ်စုနှစ်ပေါင်း များစွာ ကြာမြင့်တဲ့အထိ အလုပ်သမားနေ့တွေမှာ ကြီးမားတဲ့ လူထုချီတက်ပွဲတွေ ဆင်နွှဲပြီး သမဂ္ဂဖွဲ့စည်းခဲ့ကြတဲ့ စက်ရုံလုပ်သားတွေကို ဂုဏ်ပြုခဲ့ကြပါတယ်။