သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြသူတွေကို ပစ်ခတ်သတ်ဖြတ်မှု နိုင်ငံတကာသံရုံးတချို့နဲ့ ကုလ ဝေဖန်ပြစ်တင်


မတ်လ ၂၇ ရက်ကို ဖက်ဆစ်တော်လှန်ရေးအထိမ်းအမှတ်အဖြစ် အကြမ်းမဖက် ဆန္ဓပြနေသူများ
မတ်လ ၂၇ ရက်ကို ဖက်ဆစ်တော်လှန်ရေးအထိမ်းအမှတ်အဖြစ် အကြမ်းမဖက် ဆန္ဓပြနေသူများ

Zawgyi/Unicode

မြန်မာနိုင်ငံမှာ ဒီကနေ့ လက်နက်ကိုင်တပ်ဖွဲ့တွေက ဆန္ဒပြသူတွေကို အကြမ်းဖက် ဖြိုခွင်းခဲ့တာနဲ့ ပတ်သက်လို့ နိုင်ငံတကာအသိုင်းဝိုင်း ကြေညာချက်တွေအသီးသီး ထုတ်ပြန်ပြီး ဝေဖန် ကန့်ကွက်လိုက်ကြပါတယ်။

ဒီကနေ့ ၇၆ ကြိမ်မြောက် တပ်မတော်နေ့ကို အကြမ်းဖက်နေ့၊ ဂုဏ်ကျက်သရေ ညိုးနွမ်းဖွယ်နေ့အဖြစ် ထာဝရမှတ်ကျောက်တင်ရတော့မှာဖြစ်ကြောင်း EU ဥရောပသမဂ္ဂအဖွဲ့ကြီးက ဝေဖန်လိုက်ပါတယ်။ ကလေးငယ်တွေအပါအဝင် လက်နက်မဲ့ပြည်သူတွေကို သတ်ဖြတ်နေမှုတွေဟာ ဖုံးကွယ်ထားလို့ မရနိုင်တဲ့ လုပ်ရပ်တွေဖြစ်ကြောင်း၊ ဥရောပသမဂ္ဂအနေနဲ့ ရဲစွမ်းသတ္တိနဲ့ပြည်စုံတဲ့ မြန်မာ ပြည်သူ လူထုနဲ့ အရင်ကထက် ပိုမိုရပ်တည်သင့်ပြီး အကြမ်းဖက်မှုပုံစံအားလုံးကို ချက်ချင်းရပ်တန့်ပြီး ဒီမိုကရေစီ ပြန်လည် အသက်သွင်းဖို့ တောင်းဆိုကြောင်း EU က ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေရုံးများ အားလုံးကလည်း ကြေညာချက် ထုတ်ပြန်တာမှာ - မြန်မာနိုင်ငံအနှံ့အပြားမှာ စစ်တပ်ကဏာသိမ်းပြီးတဲ့နောက် သတ်ဖြတ် ဖြိုခွင်းမှုတွေ ပြုလုပ်ခဲ့တဲ့အတွက် လူပေါင်း ဒါဇင်နဲ့ချီပြီး အကြောင်းမဲ့ သေဆုံးမှုတွေ ဖြစ်ပေါ်ခဲ့တဲ့အထဲ ဒီကနေ့မှာ အဆိုးရွားဆုံး သွေးထွက်သံယိုမှုတွေဖြစ်ခဲ့တာကို ကြားသိရတဲ့အတွက် လွန်စွာ အံ့အားသင့် တုန်လှုပ်မိကြောင်း ဖော်ပြထားပါတယ်။

အကြမ်းဖက်မှုတွေဟာ လုံးဝလက်ခံနိုင်စရာမရှိတဲ့အတွက် ချက်ခြင်း ရပ်တန့်ပေးဖို့လည်း ကြေညာချက်မှာ တောင်းဆိုထားတဲ့အပြင် ဒီလုပ်ရပ်အတွက် တာဝန်ရှိသူတွေအနေနဲ့ တာဝန်ခံ စေရမယ်လို့ဖော်ပြထားပါတယ်။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener (မတ်လ ၂၆ ရက်နေ့က) ပြောကြားထားသလို ကိုယ့်နိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ ပြည်သူများကို ကာကွယ် စောင့်ရှောက်ရေးအတွက် မည်သည့်စစ်တပ်မဆို ထမ်းဆောင်ရမည့် တာဝန်ဖြစ်ပေမယ့် မြန်မာ့တပ်မတော်ဟာ ပြည်သူတွေကို သူတို့ကိုယ်တိုင် ပြန်လည်ရန်ပြု တိုက်ခိုက်နေကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂဌာနေအဖွဲ့မှာ FAO ၊ ILO ၊ IOM ၊ ITC ၊ OCHA ၊ UNAIDS ၊ UNCDF ၊ UNDP ၊ UNEP ၊ UNESCO, UNFPA ၊ UN HABITAT ၊ UNHCR ၊ UNICEF ၊ UNIDO ၊ UNODC ၊ UNOPS ၊ UNV ၊ UN WOMEN ၊ WFP နဲ့ WHO တို့ပါဝင်ကြပါတယ်။

Unicode







#MyanmarMiltiaryCoup #MyanamrProtest #WhatIsHappeningInMyanmar #VOABurmese

XS
SM
MD
LG