သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နယ်မြေ ချဲ့ထွင်မှု အမေရိကန်ဝေဖန်


အမေရိကန် ကာကွယ်ရေးဝန်ကြီး Jim Mattis e IISS Shangri-la Dialogue တက်ရောက်ရန် စင်္ကာပူသို့ ရောက်စဉ်။ (ဂျွန် ၂၊ ၂၀၁၈)
အမေရိကန် ကာကွယ်ရေးဝန်ကြီး Jim Mattis e IISS Shangri-la Dialogue တက်ရောက်ရန် စင်္ကာပူသို့ ရောက်စဉ်။ (ဂျွန် ၂၊ ၂၀၁၈)

ပိုင်နက်နယ်မြေအငြင်းပွါးနေကြတဲ့ တောင်တရုတ်ပင်လယ်ပြင်ထဲ ကျွန်းတွေပေါ်မှာ တရုတ်နိုင်ငံဘက်က စစ်ရေးအင်အားတိုးချဲ့လာတဲ့လုပ်ရပ်ကို အမေရိကန် ကာကွယ်ရေးဝန်ကြီး Jim Mattis က ဝေဖန်လိုက်သလို လတ်တလောတပ်ဆင်လိုက်တဲ့ လက်နက်တွေဟာ ဘေးပတ်ဝန်းကျင်နိုင်ငံတွေကို ခြိမ်းချောက်ဖို့ ရည်ရွယ်ရင်းဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

စင်္ကာပူမှာနှစ်စဉ် ကျင်းပတဲ့ Shangri-La Dialogue လို့ခေါ်တဲ့ ကာကွယ်ရေးဆိုင်ရာ ဆွေးနွေးအတွင်း စနေနေ့က အဲဒီလို ပြောဆိုသွားတာပါ။ အင်ဒို-ပစိဖိတ်ဒေသနဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုရဲ့ လွတ်လပ်ပွင့်လင်းပြီး ကျယ်ပြန့်တဲ့ မဟာဗျူဟာတွေ ကိုလည်း ဝန်ကြီး Mattis ကချပြခဲ့တာပါ။ တရုတ်တို့ရဲ့ တောင်တရုတ် ပင်လယ်ဆိုင်ရာ မူဝါဒတွေဟာ အမေရိကန်တို့ရဲ့ ပွင့်လင်းတဲ့ မဟာဗျူဟာနဲ့ လုံး၀ ဆန့်ကျင်နေတဲ့အတွက် တရုတ်တို့ရဲ့ ကျယ်ပြန့်တဲ့ ရည်မှန်းချက်ကို မေးခွန်းထုတ်ဖို့ လိုကြောင်း ဝန်ကြီး Mattis ကပြောပါတယ်။

တရုတ်တို့တပ်ဆင်လိုက်တဲ့ လက်နက်တွေထဲက သင်္ဘောဖျက် မြေပြင်-ဝေဟင်ပစ် မစ်ဇိုင်းဒုံးတွေ၊ အီလက်ထရောနစ်ဆက်သွယ်မှုတွေကို ကြားဖြတ်နှောင့်ယှက်တဲ့ ကိရိယာတွေအကြောင်း အဓိက ထည့်သွင်းပြောဆိုသွားတဲ့အပြင် ဗီယက်နမ်ကမ်းခြေ အနီး Paracel ကျွန်းတွေပေါ်ကို ဗုံးကြဲလေယာဉ်တစင်းဆင်းသက်ခဲ့တဲ့ ကိစ္စတွေကို ဝန်ကြီး Mattis ကအလေးပေးပြောဆိုသွားတာပါ။

အမေရိကန်ပြည်ထောင်စုနဲ့ မြောက်ကိုးရီးယားကြား မကြာခင်ကျင်းပမယ့် ထိပ်သီးဆွေးနွေးပွဲ အပေါ် ကမ္ဘာက အာရုံစိုက်နေချိန်မှာ ဒီနှစ် Shangri-La Dialogue ဆွေးနွေးပွဲမှာတော့ အင်ဒို-ပစိဖိတ် ဒေသရဲ့ ရေရှည်အနာဂတ်ရေးရာတွေနဲ့ သြဇာချဲ့ထွင်လာနေတဲ့ တရုတ်နိုင်ငံနဲ့ ဘယ်လိုဆက်ဆံမလဲဆိုတဲ့ ကိစ္စတွေကို အဓိက အာရုံထားဆွေးနွေးခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG