အမေရိကန်ပြည်ထောင်စုအနေနဲ့ အာရှဒေသနဲ့ ကုန်သွယ်ရေးနဲ့ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆက်ဆံရေး တိုးမြင့်ဖို့ဆောင်ရွက်နေရာမှာ မြန်မာနိုင်ငံကိုလည်း ကုန်သွယ်ရေးအရ အခွင့်အလမ်းရှိတဲ့ နိုင်ငံတနိုင်ငံအနေနဲ့ သတ်မှတ်ဆက်ဆံနေတဲ့အကြောင်း အမေရိကန်ပြည်ထောင်စု အမျိုးသားလုံခြုံရေးအကြံပေး Susan Rice က ပြောပါတယ်။ ဒါပေမယ့်လို့ မြန်မာနိုင်ငံတွင်း အပြောင်းအလဲအတွက် စိန်ခေါ်အကဲစမ်းမှုတွေကတော့ ရှိနေတုန်းပဲလို့ ထောက်ပြခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စု Brooking Institution မှာပြုလုပ်တဲ့ ဆွေးနွေးပွဲတခုမှာ Ms.Rice က အခုလို ပြောခဲ့တာပါ။ ကိုသားညွန့်ဦးက ဒီအကြောင်း တင်ပြပေးထားပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ အရှေ့တောင်အာရှ ဆက်ဆံရေးနဲ့ပတ်သက်လို့ Brooking Institution ရဲ့ မနေ့က ဆွေးနွေးပွဲအတွင်း အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး Suan Rice က အရှေ့တောင်အာရှနိုင်ငံ ဆက်ဆံရေးတွေနဲ့ပတ်သက်လို့ ပြောရာမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဆက်ဆံမှုတွေကိုပါ ထည့်သွင်းပြောသွားတာပါ။ နိုင်ငံတကာရေးရာမှာ အာရှဒေသ အရေးပါလာမှုဟာ အရှေ့တောင်အာရှဒေသနိုင်ငံတွေ အခြေအနေတွေကြောင့်လည်း ပါဝင်တာမို့ အမေရိကန်ပြည်ထောင်စုရဲ့ အာရှဒေသထိန်းညှိုရေးနိုင်ငံခြားရေးမူဝါဒမှာ အရှေ့တောင်အရှနိုင်ငံတွေဟာ အဓိကနေရာမှာရှိတယ်လို့ Ms.Rice က ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ ရှေ့အလားအလာအတွက်လည်း အရှေ့တောင်အာရှဒေသ ဈေးကွက်တွေဟာ အရေးကြီးတယ်လို့ ပြောပါတယ်။ အာဆီယံဒေသဟာဆိုရင် အမေရိကန်ပြည်ထောင်စုအတွက် စတုတ္တမြောက်အကြီးဆုံး ကုန်သွယ်ဖက်ဒေသလည်း ဖြစ်ပါတယ်တဲ့။ အရှေ့တောင်အာရှဒေသနဲ့ ကုန်သွယ်မှုဆက်ဆံရေးတိုးမြင့်ရာမှာ မြန်မာနိုင်ငံကိုလည်း ကုန်သွယ်ရေးမှာ အလားအလာရှိတဲ့ နေရာသစ်အဖြစ် အမေရိကန်ဖက်က ထည့်သွင်းစဉ်းစားချက်ကိုလည်း Ms.Rice က သူ့မိန့်ခွန်းထဲမှာ ပြောသွားပါတယ်။
“ဒီဒေသမှာ ကုန်သွယ်ရေးနဲ့ရင်းနှီးမြုပ်နှံမှုဆက်ဆံရေးတွေ ပိုပြီး ထဲထဲဝင်ဝင်ဆောင်ရွက်ဖို့ လုပ်နေပါတယ်။ ဒါကြောင့်လည်း ကုန်သွယ်မှု အခွင့်အလမ်းသစ်တွေ ပွင့်လာဖို့အတွက် အခု ဇွန်လအတွင်းတုန်းက ဝန်ကြီး Pritzker ဦးဆောင်ပြီး အမေရိကန် စီးပွားရေးကိုယ်စားလှယ်အဖွဲ့နဲ့ အမေရိကန်စီးပွားရေးခေါင်းဆောင်တွေဟာ ဖိလစ်ပိုင်၊ ဗီယက်နမ်နဲ့ မြန်မာနိုင်ငံကို သွားရောက်ခဲ့ကြပါတယ်။ အမေရိကန် ကုန်သွယ်ရေးသံအမတ်ကြီး Froman ဟာလည်း ပြီးခဲ့တဲ့လတုန်းက မြန်မာနိုင်ငံတွင်းမှာ အာဆီယံဒေသတွင်းက ကုန်သွယ်ရေးဆိုင်ရာတာဝန်ရှိသူတွေအားလုံးနဲ့ တွေ့ဆုံခဲ့ပါတယ်။”
အမေရိကန်ဖက်က Asia Rebalance နိုင်ငံခြားရေးမူဝါဒနဲ့အတူပဲ တရုတ် ဖွံ့ဖြိုးတိုးတက်လာတဲ့အခြေအနေ ဂျပန်က ပြန်ခေါင်းထောင်လာတဲ့အခြေအနေ၊ အိန္ဒိယနိုင်ငံကလည်း ပြန်ပြီးနိုးထလာတဲ့အခြေအနေတွေဟာ အာဆီယံဒေသမှာ ပေါင်းစုံလာမိတယ်လို့ Ms.Rice က သုံးသပ်ပါတယ်။ ဒါပေမယ့်လည်း ဒီအခြေအနေတွေဟာ ပူးပေါင်းဆောင်ရွက်ဖို့ အလားအလားကောင်းတွေသာဖြစ်ပြီး ပြိုင်ဆိုင်မှုအတွက်မဖြစ်သင့်ဘူးလို့ ပြောပါတယ်။ ဒါကြောင့်လည်း အာဆီယံ တိုင်းပြည်တွေအနေနဲ့ ဒီအခြေအနေမှာ အင်အားကြီး တဖက်ဖက်၊ အထူးသဖြင့် တရုတ်နဲ့အမေရိကန်အကြား တဖက်ဖက်ရပ်တည်မှုမျိုး မထားသင့်ဘူးလို့လည်း Ms.Rice က သတိပေးသွားပါတယ်။
တချိန်တည်းမှာပဲ အာဆီယံဒေသနဲ့ ဆက်ဆံရေးတိုးမြင့်ရာမှာ ကုန်သွယ်မှုတင်မကဘဲ အခြားနိုင်ငံရေးနဲ့ အကူအညီပေးရေးကိစ္စတွေမှာလည်း ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။ အရှေ့တောင်အာရှဒေသဟာ အာရှဒေသတလွှား ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးအတွက်လည်း အတော့်ကို အရေးကြီးတယ်လို့ Ms.Rice က ပြောပါတယ်။ ဒါကြောင့်လည်း လုံခြုံရေးကိစ္စရပ်တွေအပြင် သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကပ်ဘေး ကျရောက်မှုဆိုင်ရာကူညီလုပ်ဆောင်ရေး၊ အစွန်းရောက်အကြမ်းဖက်မှုတိုက်ဖျက်ရေးနဲ့ ပင်လယ်ရေကြောင်းပိုင်းအငြင်းပွားမှုတွေမှာ ငြိမ်းချမ်းစွာ ဖြေရှင်းရေးတွေကိုလည်း အမေရိကန်က ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောပါတယ်။ ဒေသတွင်း ဒီမိုကရက်တစ်အဆောက်အအုံ ခိုင်မာ အားကောင်းလာနဲ့ လူ့အခွင့်အရေးအခြေအနေတိုးတက်လာဖို့ အစိုးရအပြင် အခြားဒီမိုကရက်တစ်အသင်းအပင်းတွေ ဒေသခံပြည်သူတွေနဲ့လည်း ထိစပ်လုပ်ကိုင်နေတယ်လို့ Ms.Rice က ပြောပါတယ်။ ဒီမိုကရေစီဖွံဖြိုးတိုးတက်မှုမှာ ဒေသတွင်းမှာ အားရကျေနပ်စရာတွေတွေ့ရသလို နောက်ဆုတ်လာတဲ့ အခြေအနေတွေကိုလည်း သတိပြုမိတဲ့အကြောင်း ပြောပါတယ်။
“မြန်မာနိုင်ငံမှာ မျှော်လင့်စရာခြေလှမ်းတွေကို ကောင်းကောင်းမြင်နေရပါတယ်။ ဒါပေမယ့်လည်း စိန်ခေါ်အကဲစမ်းမှုတွေကတော့ သိသိသာသာကို ရှိနေဆဲပါ။ ဒါကြောင့်လည်း မြန်မာပြည်သူတွေရဲ့လိုလားချက်ဖြစ်တဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် အစိုးရနဲ့ရော ပြည်သူနဲ့ပါ ဆက်ပြီး ပူးပေါင်းဆောင်ရွက်နေပါတယ်။ ဒါပေမယ့် ကံအကြောင်းမလှစွာပဲ ထိုင်းနိုင်ငံမှာကျတော့ နောက်ပြန်လှည့်နေတဲ့ အခြေအနေတွေ တွေ့နေရပါတယ်။”
အမေရိကန်ပြည်ထောင်စုမှာ သမတအိုဘားမားတက်လာပြီးကတည်းက နိုင်ငံခြားရေးမူဝါဒမှာ အာရှနဲပတ်သက်လို့ အလေးပေးတဲ့မူဝါဒ ကျင့်သုံး လာပြီးတဲ့နောက် အခုနက အမျိုးသားလုံခြုံရေးအကြံပေး Susan Rice ပြောသွားသလိုပဲ အရှေ့တောင်အာရှဒေသ ဆက်ဆံရေးနဲ့ ကုန်သွယ်ရေး ကိစ္စတွေကို အတော် အလေးပေးဆောင်ရွက်ခဲ့တာပါ။ ဒီအထဲမှာ မြန်မာနိုင်ငံနဲ့ဆက်ဆံရေးကိုလည်း အတော်လေး တိုးမြှင့်ခဲ့ပြီး မြန်မာနိုင်ငံဟာဆိုရင် အမေရိကန်နိုင်ငံခြားရေးဌာနအနေနဲ့ ထိပ်တန်းအရာရှိတွေ အသွားအလာအများဆုံး နိုင်ငံတခုဖြစ်နေတယ်လို့ နိုင်ငံခြားရေးဌာန အကြီးတန်း အရာရှိဟောင်းတဦးက တလောကပဲ သုံးသပ်ခဲ့ပါတယ်။ အခု လာမယ့် နိုဝင်ဘာလဆိုရင်လည်း သမတအိုဘားမားအနေနဲ့ မြန်မာနိုင်ငံကိုလာရောက်ပြီး အရှေ့အာရှ ထိပ်သီးအစည်းအဝေး တက်ရောက်ဖို့ရှိပါတယ်။
နိုင်ငံတကာမှာတော့ အရှေ့အလယ်ပိုင်းပြဿနာ၊ ရုရှားနဲ့ယူကရိန်းအရေး၊ အီဘိုလာရောဂါပိုးကူးစက်ပြန်နှံမှု စတဲ့ အရေးကြီးတဲ့ အခြေအနေတွေ ရှိနေသလိုပဲ အာရှနဲ့ အထူးသဖြင့် အရှေ့တောင်အာရှဒေသနဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုရဲ့ပိုင်းဖြတ်ချက်ကိုလည်း ဦးစားပေးအဆင့်မှာထား ဆောင်ရွက်နေတယ်လို့ အမျိုးသားလုံခြုံရေးအကြံပေး Susan Rice က မနေ့တုန်းက Brooking Institution မှာ ပြောဆိုသွားခဲ့ပါတယ်။