သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေအပေါ် လူမျိုးစုလိုက် ရှင်းလင်းဖယ်ရှားမှု ရှုတ်ချတဲ့အဆိုပြုချက် ကန်လွှတ်တော် အတည်ပြု


House resolution H 90 Rohingya
House resolution H 90 Rohingya

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးစုအလိုက် သုတ်သင်ရှင်းလင်းမှုကို ပြစ်တင်ရှုတ်ချပြီးတော့ တိုက်ခိုက်မှုတွေကို အဆုံးသတ်ဖို့၊ လူသားချင်းစာနာမှု အထောက် အကူတွေကို ချက်ခြင်းပေးပို့ခွင့်ပြုဖို့ တိုက်တွန်းတဲ့အဆိုပြုချက်တရပ်ကို အမေရိကန် အောက်လွှတ်တော်က ဗုဒ္ဓဟူးနေ့မှာ အတည်ပြုလိုက်ပါတယ်။ အကြောင်း စုံကို ဒေါ်လှလှသန်းက တင်ပြထားပါတယ်။

ဒီမဲခွဲဆုံးဖြတ်မှုမှာ ထောက်ခံမဲ ၄၂၃ မဲ၊ ကန့်ကွက်မဲ သုံးမဲနဲ့ သုံးပုံနှစ်ပုံက ထောက်ခံတဲ့ အတွက် စည်းမျဉ်းတွေကို ဆိုင်းငံ့ကာ အဆိုပြုချက်ကို ခေါင်းစဉ် ပြင်ဆင်ချက်နဲ့အတူ အတည်ပြုလိုက်တဲ့အကြောင်း အောက်လွှတ်တော်က ဗုဒ္ဓဟူးနေ့က အခုလို ကြေညာ သွားခဲ့တာ ဖြစ်ပါတယ်။ အောက်လွှတ်တော်ရဲ့ အဆိုပြုချက်အမှတ် (၉၀) လို့ အမည်တပ် ထားတဲ့ ဒီအဆိုပြုချက်မှာ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားမှုနဲ့ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်း တိုက်ခိုက်မှုတွေ ကို အဆုံးသတ်ဖို့အပြင် ဒုက္ခသည်တွေထံ လူသားချင်းစာနာမှု အထောက် အကူတွေ ချက်ခြင်း ပြန်ပို့ဆောင်ခွင့်ပြုဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။ ဒီအဆိုပြုချက်ကို နယူးယောက် ဒီမိုကရက် အောက်လွှတ်တော်အမတ် Joe Crowley နဲ့ အိုဟိုင်းယို ရီပတ် ဘလီကင် အောက်လွှတ်တော်အမတ် Steve Chabot တို့က ပူးတွဲရေးဆွဲခဲ့ကြတာ ဖြစ်ပါ တယ်။ ဒီအဆိုပြုချက်မူကြမ်းမှာ မှတ်တမ်းတင်ထားချက်အရကတော့ ရခိုင် ပြည်နယ် မြောက်ပိုင်းမှာ သြဂုတ်လ ၂၅ ရက်နေ့နောက်ပိုင်း ARSA ရိုဟင်ဂျာ အကြမ်းဖက်သမားတွေ တိုက်ခိုက်မှုကို တုံ့ပြန်တဲ့ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်း လင်းရေးကြောင့် ရိုဟင်ဂျာ ဒုက္ခသည် ၆ သိန်းကျော် ဘင်္ဂလားဒက်ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရတဲ့ ဖြစ်ရပ်နဲ့ပတ်သက်ပြီး မြန်မာလုံခြုံရေးတပ်တွေ တိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချထားပါတယ်။ ဒါ့အပြင် မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုလည်း တိုက်ခိုက်မှုတွေကို အဆုံးသတ်ဖို့ တောင်းဆိုထားပါတယ်။

ဒုက္ခသည်တွေကိုလက်ခံတဲ့ ဘင်္ဂလားဒက်ရှ်နိုင်ငံကို ကျေးဇူးတင်ကြောင်းဖော်ပြထားပြီး ARSA ရိုဟင်ဂျာအကြမ်းဖက် တိုက်ခိုက်သူတွေကိုလည်း ပြစ်တင် ရှုတ်ချထားပါတယ်။ ဒါပေမယ့်လို့ ဒီလိုတိုက်ခိုက်မှုတွေကို လက်တုံ့ပြန်ရာမှာ အရပ်သားတွေအပေါ် လူ့အခွင့် အရေး ချိုးဖောက် ကျူးလွန်မှုတွေကို ပြစ်တင်ဝေဖန်ထားပါတယ်။ ဒါ့အပြင် ကိုဖီအာနန် ကော်မရှင်ရဲ့ အကြံပေးချက်တွေကိုလည်း လိုက်နာဖို့နဲ့ ဒုက္ခသည်တွေနဲ့ အိုးအိမ်မဲ့ ဖြစ်ကြသူတွေထံ လူသားချင်းစာနာမှု အထောက်အကူတွေ ချက်ခြင်း ပေးပို့ခွင့်ပြုဖို့နဲ့ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့ကို မြန်မာနိုင်ငံကို စေလွှတ်ဖို့ တောင်းဆိုထား ပါတယ်။

တချိန်တည်းမှာပဲ မြန်မာနိုင်ငံကို ဒုက္ခသည်တွေ ပြန်ခွင့်ပြုရေးအတွက် ရခိုင်ပြည်နယ်မှာ မတည်ငြိမ်မှုတွေဖြစ်စေတဲ့ ဥပဒေတွေနဲ့ ပေါ်လစီတွေကို ပြုပြင်ဖို့လည်း မြန်မာစစ်တပ်နဲ့ မြန်မာအစိုးရတို့ိကို တိုက်တွန်းထားပါတယ်။ ဒါ့အပြင် မြန်မာစစ်တပ်နဲ့ လုံခြုံရေးတပ်တွေ အပါအဝင် ဒီ လူ့အခွင့်အရေး ချိုးဖောက်ကျူးလွန်သူတွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့လည်း အမေရိကန်သမ္မတကို အဆိုပြုချက်မှာ တိုက်တွန်းထားပါတယ်။ ဒီ အဆိုပြု ချက်ကို ဒီဇင်ဘာ ၅ ရက်၊ အင်္ဂါနေ့က အောက်လွှတ်တော်မှာ အခြေအတင် ဆွေးနွေးခဲ့ ကြရာမှာ မြန်မာနိုင်ငံအပြင် ဘင်္ဂလားဒက်ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည် စခန်းတို့ကို သွားရောက်ခဲ့တဲ့ မင်နီဆိုးတားပြည်နယ် ဒီမိုကရက် အောက်လွှတ်တော်အမတ် Betty McCollum က အခုလို တိုက်တွန်းသွားပါတယ်။

“လူတွေ ဘေးဒုက္ခ ခံစားနေကြရတာကို ကျမ မြန်မာနိုင်ငံမှာရော ဘင်္ဂလားဒက်ရှ်မှာပါ တွေ့ခဲ့ရပါတယ်။ ဒီဒုက္ခ ခံစားမှုတွေဟာ အဆုံးသတ်ဖို့ လိုပါတယ်။ သူတို့အားလုံး တောင်းဆိုနေကြတာကတော့ အမေရိကန်ပြည်ထောင်စုနဲ့ နိုင်ငံတကာလူ့အဖွဲ့အစည်းက သူတို့တွေအတွက် တရားဥပဒေ နည်းလမ်းတကျ ဖြစ်စေဖို့ ကူညီပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့ မဲခွဲဆုံးဖြတ်တဲ့အဆိုပြုချက်ဟာ ဒီတောင်းဆိုချက်ရဲ့ အစပထမပဲ ဖြစ်ပါတယ်” - လို့ အောက်လွှတ် တော်အမတ် McCollum က တင်ပြသွားတာဖြစ်ပါတယ်။

ဒီအဆိုပြုချက်ကို အင်္ဂါနေ့က မဲခွဲဆုံးဖြတ်ရာမှာ သုံးပုံနှစ်ပုံက ထောက်ခံ သဘောတူ ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့်လို့လည်း တရားဝင်မဲခွဲဆုံးဖြတ်ပြီး မှတ်တမ်းတင်ခဲ့ တာကတော့ ဒီဇင်ဘာ ၆ ရက်၊ ဗုဒ္ဓဟူးနေ့ကပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လကလည်း ဒဏ်ခတ် ပိတ်ဆို့မှုတွေ ချမှတ်ရေးအတွက် အောက် လွှတ် တော် နိုင်ငံခြားရေးရာကော်မတီ ထိပ် တန်း အဖွဲ့ဝင် Eliot Engel နဲ့ ရီပတ်ဘလီကင်အမတ် Steve Chabot တို့ ပူးတွဲ တင်သွင်း ခဲ့တဲ့ မူကြမ်း တရပ်မှာ မြန်မာစစ်တပ်နဲ့ အမေရိကန်စစ်တပ် ဆက်ဆံရေး ဖြတ်တောက်ဖို့ အပြင် မြန်မာစစ်တပ်က ထောက်ပံ့တဲ့ ကုန်ထုတ်လုပ်ငန်းတွေအပေါ် ပြင်းထန်တဲ့ ဒဏ် ခတ် ပိတ်ဆို့မှုတွေ ချမှတ်ဖို့လည်း တိုက်တွန်းထားပါတယ်။

အလားတူ အထက် လွှတ်တော်မှာလည်း အရီဇိုးနားပြည်နယ်က ရီပတ်ဘလီကင် ဝါရင့် လွှတ်တော်အမတ် John MacCain နဲ့ အင်ဒီယားနားက အထက်လွှတ်တော်အမတ် Todd Young အပြင် ဒီမိုကရက် အထက်လွှတ်တော်အမတ် အီလီနွိုင်း က Dick Durbin နဲ့ မေရီလန်း ပြည်နယ်က အထက်လွှတ်တော်အမတ် Ben Cardin တို့ ပူးတွဲပြီး ဆင်တူယိုးမား မူကြမ်း တရပ် ကို တင်သွင်းခဲ့ကြပါတယ်။ လက်ရှိ အမေရိကန်လွှတ်တော်မှာ ဥပဒေ ပြုရေးနဲ့ ပတ်သက်လို့ ရက်ပေါင်း ၆ ရက်သာ ကျန်တော့တဲ့အတွက် အစိုးရဘတ်ဂျက် အသုံးစရိတ် ဆွေးနွေးမှုတွေ ကို ဦးစားပေးရမှာဖြစ်တဲ့အတွက်ကြောင့်လည်း အခုလို မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အတည်ပြုတဲ့ အဆိုပြုချက်တွေကို ရှေ့ဆက်လုပ်ဆောင်နိုင်ဖို့က နောက် နှစ်မှာပဲ ဖြစ်နိုင်မယ့်အလားအလာရှိတဲ့အကြောင်းလည်း ခန့်မှန်းကြပါတယ်ရှင်။

Rohingya refugees who crossed the Naf River
please wait

No media source currently available

0:00 0:05:04 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG