သုံးရလွယ်ကူစေသည့် Link များ

အမေရိကန် ကုမ္ပဏီတွေ မြန်မာပြည်မှာ သတိနဲ့ ရင်းနှီးမြှုပ်နှံဖို့ ERI သတိပေး


မြန်မာပြည်မှာရင်းနှီးမြှုပ်နှံမယ့် အမေရိကန်ကုမ္ပဏီတွေ အထူးသတိထားရမယ့်အချက်များအစီရင်ခံစာ။
မြန်မာနိုင်ငံမှာ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေလုပ်တဲ့ အမေရိကန်ကုမ္ပဏီတွေအနေနဲ့ အထူးသတိထားပြီး လုပ်ဆောင်သင့်တယ်လို့ လူ့အခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင်ရေးရာ ထိပ်တန်းအဖွဲ့တစ်ဖွဲ့က သတိပေးလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ရင်းနှီး မြှုပ်နှံမှုတွေ လုပ်နေတဲ့ အမေရိကန်ကုမ္ပဏီတွေက ပထမဆုံးအကြိမ်အဖြစ် သူတို့လုပ်နေတာကို အများသိအောင် အစီရင်ခံစာ ထုတ်ပြန်ခဲ့ပြီးတဲ့နောက် အဲဒီလို သတိပေးခဲ့တာပါ။ အမေရိကန်ကုမ္ပဏီတွေအနေနဲ့ သူတို့နဲ့ လုပ်ငန်းတွဲဘက်လုပ်တဲ့ ပြည်တွင်း ကုမ္ပဏီတွေ၊ လူပုဂ္ဂိုလ်တွေနဲ့ပတ်သက်ပြီး စုံစမ်း စစ်ဆေးတာကို ပိုပြီး ဂရုစိုက်လုပ်ဖို့လည်း အဲဒီအဖွဲ့က တိုက်တွန်းပါတယ်။ အပြည့်အစုံကို ရန်ကုန်မြို့ကနေ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံအပေါ် အမေရိကန်ပြည်ထောင်စုက ချမှတ်ခဲ့တဲ့ ဒဏ်ခတ် ပိတ်ဆို့ အရေးယူမှုတွေကို ရုပ်သိမ်းတာ၊ လျှော့ပေါ့ ပေးတာတွေ လုပ်ခဲ့ပြီးတဲ့နောက် အမေရိကန်စီးပွားရေးကုမ္ပဏီကြီးတွေ ရင်းနှီးမြှုပ်နှံဖို့ လမ်းပွင့်သွားခဲ့တာပါ။ ဒါပေမဲ့လည်း အဲဒီ ကုမ္ပဏီတွေအနေနဲ့ တာဝန်သိရင်းနှီးမြှုပ်နှံမှု လုပ်ပါတယ်ဆိုတာကို သေချာစေဖို့ မြန်မာနိုင်ငံမှာ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို အမေရိကန်အစိုးရဆီ အစီရင်ခံစာတင်ပြီးတော့ အများပြည်သူသိအောင် ထုတ်ပြန်ပေးရ မယ်လို့ သတ်မှတ်ထားပါတယ်။ အဲဒီ သတ်မှတ်ချက်နဲ့အညီ ပထမဆုံးအကြိမ်အဖြစ် ဇူလိုင်လဆန်းမှာ အမေရိကန်ကုမ္ပဏီငါးခုက အစီရင်ခံစာတွေ ထုတ်ပြန်ခဲ့ကြတာဖြစ်ပြီးတော့ အဲဒီအစီရင်ခံစာတွေကို Earth Rights International ERI အဖွဲ့ကလေ့လာပြီး သတိပေးတိုက်တွန်းလိုက်တာဖြစ်ပါတယ်။

"လယ်ယာစိုက်ပျိုးရေး၊ သယံဇာတထုတ်ယူရေးနဲ့ မြေယာ ရယူလုပ်ကိုင်တာ တွေ ပါဝင်တဲ့ စီးပွားရေးလုပ်ငန်းတွေကို လုပ်မယ့် ကုမ္ပဏီတွေအနေနဲ့ အထူးသဖြင့် သတိထားသင့်ပြီးတော့ ပိုပြီးမြင့်မားတဲ့ စုံစမ်း စစ်ဆေးမှုမျိုး လုပ်ရပါမယ်။ ဒါကို ကျနော်တို့ ပြောနေတာပါ။ ကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု မလုပ်သင့်ဘူးလို့ ကျနော် တို့မပြောပါဘူး။ ကျနော်တို့ပြောနေတာက ကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် အထူးသတိထား လုပ်ဆောင်ရ မယ်ဆိုတာပါပဲ။"

ERI အဖွဲ့က လှုပ်ရှားမှုဆိုင်ရာညွှန်ကြားရေးမှူး မစ္စတာပေါလ် ဒိုနိုဝစ်တ်ဇ် (Paul Donowitz) က ဗွီအိုအေကို ပြောခဲ့တာပါ။

စုံစမ်းစစ်ဆေးမှုလို့ မစ္စတာ ဒိုနိုဝစ်တ်ဇ် ရည်ညွှန်းသွားတာကတော့ အမေရိကန်ကုမ္ပဏီတွေအနေနဲ့ ကိုယ်နဲ့တွဲဖက်လုပ်ကိုင်မယ့် ပြည်တွင်းလုပ်ငန်းတွေ၊ လူပုဂ္ဂိုလ်တွေဟာ အမေရိကန်ရဲ့ ဒဏ်ခတ် အရေးယူမှုစာရင်းထဲမှာ ပါနေသူတွေ ဟုတ်-မဟုတ်၊ လူ့အခွင့် အရေးချိုးဖောက်မှုတွေနဲ့ ဆက်စပ်မှုရှိ-မရှိ၊ လာဘ်ပေးလာဘ်ယူကိစ္စတွေနဲ့ ကင်း-မကင်း စတာတွေကို စေ့စပ်သေချာစွာ စုံစမ်း စစ်ဆေးတာကို ဆိုလိုတာပါ။

ကုမ္ပဏီငါးခုရဲ့ အစီရင်ခံစာတွေအရ ထိုင်းအခြေစိုက် PTTEPI စွမ်းအင်ကုမ္ပဏီနဲ့ တွဲဘက်လုပ်ကိုင်နေတဲ့ အမေရိကန် ပြည်ထောင်စု၊ တက္ကဆက်စ်ပြည်နယ်၊ ဟူစ်တန်မြို့အခြေစိုက် Hercules Offshore ကုမ္ပဏီက သူတို့နဲ့ တွဲဘက်လုပ်ဆောင်သူ တွေ၊ သူတို့ဆီ ပစ္စည်းပေးသွင်းသူတွေဟာ လာဘ်ပေးလာဘ်ယူမှုတွေနဲ့ ဆက်စပ်မှု ရှိ-မရှိဆိုတာကို စုံစမ်းစစ်ဆေးမှု အများအပြား လုပ်ခဲ့ပုံရတာကြောင့် ဒါဟာ အင်မတန့်ကို အပြုသဘောဆောင်ပါတယ်လို့ဆိုပြီး ERI အဖွဲ့က ကြိုဆိုပါတယ်။

ဒါပေမဲ့ အစီရင်ခံစာတွေမှာ အားနည်းချက်တွေ ရှိနေတာကိုလည်း ထောက်ပြခဲ့ပါတယ်။ အဲဒီကုမ္ပဏီတွေကတော့ Capital Group ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကြီးရဲ့ လက်ခွဲကုမ္ပဏီတွေပါ။ ဒီကုမ္ပဏီတွေက သူတို့ဟာ တိုက်ရိုက်ရင်းနှီးမြှုပ်နှံတာမဟုတ်ဘဲ ပြည်တွင်း ကုမ္ပဏီတစ်ခုမှာ တစ်ဆင့်ခံ ရင်းနှီးမြှုပ်နှံတာသာ ဖြစ်တဲ့အတွက် လူ့အခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင်ရေးရာ ကိစ္စတွေနဲ့ ပတ်သက်လို့ အစီရင်ခံဖို့ တာဝန်မရှိဘူးဆိုပြီး ပြောထားပါတယ်။ ဒီအချက်ကို ERI က သဘောမတူပါဘူး။

"ဒါဟာ အမေရိကန်ပြည်ထောင်စုရဲ့ အစီရင်ခံခြင်းဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်တွေနဲ့ ဆန့်ကျင်နေတယ်လို့ ကျနော်တို့ ထင်ပါတယ်။ ဒါ့အပြင် လက်ရှိ နိုင်ငံတကာဥပဒေတွေက သွားနေတဲ့ လမ်းကြောင်းတွေနဲ့လည်း ဆန့်ကျင်နေပါတယ်။"

အမေရိကန်ပြည်ထောင်စု၊ ကာလီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်မြို့မှာ ရုံးချုပ်ရှိတဲ့ Capital Group ကုမ္ပဏီဟာ အရပ်ရပ် ပိုင်ဆိုင်မှု အမေရိကန် ဒေါ်လာ တစ် ထရီလီယံနီးပါးရှိပြီး ကမ္ဘာတ၀န်းမှာ ရင်းနှီးမြှုပ်နှံမှုမျိုးစုံလုပ်နေတဲ့ ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီ ကြီးတစ်ခု ဖြစ်ပါတယ်။

ဒီ Capital Group က ကုမ္ပဏီခွဲတွေဟာ Serge Pun & Associates ကုမ္ပဏီနဲ့ ချိတ်ဆက်ထားတဲ့ စင်္ကာပူ အစုရှယ်ယာ ဈေးကွက်ဝင် Yoma Strategic Holdings ကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ထားတာပါ။ Yoma Strategic Holdings ကုမ္ပဏီဟာ အိမ်ခြံမြေဈေးကွက်၊ စိုက်ပျိုးရေး၊ လက်လီဈေးကွက်၊ မော်တော် ယာဉ်နဲ့ ဇိမ်ခံအပန်းဖြေခရီးသွား စီးပွားရေးလုပ်ငန်းတွေမှာ အဓိကလုပ်နေတယ်လို့ SPA ကုမ္ပဏီရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံက ပန်းလှိုင်အိမ်ရာစခန်း၊ FMI City၊ ပန်းလှိုင်ဂေါက်ကွင်းနဲ့ Star City တို့မှာ SPA/FMI အုပ်စုနဲ့ အတူ ရင်းနှီးမြှုပ်နှံထားတယ်လို့လည်း ပြောထားပါတယ်။

စစ်ဆေးမှုကို အထူးဂရုစိုက်လုပ်ခဲ့တယ်ဆိုပြီး ERI က ကြိုဆိုထားတဲ့ Hercules Offshore ကုမ္ပဏီတောင်မှ သူတို့နဲ့ တွဲဘက် လုပ်ဆောင်နေသူတွေ၊ ပစ္စည်းပေးသွင်းနေသူတွေဟာ ဘယ်သူတွေဆိုတာကို မဖော်ပြခဲ့တာကြောင့် ဒါဟာ အတော်လေး စိတ်ပျက်စရာပါလို့ မစ္စတာဒိုနိုဝစ်တ်ဇ်က ပြောပါတယ်။

"ဘာ့ကြောင့်လဲဆိုတော့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး၊ သဘာဝ ပတ်ဝန်းကျင်ရေးရာ၊ လာဘ်ပေးလာဘ်ယူကိစ္စတွေနဲ့ ဆက်စပ် ပတ်သက်နေတဲ့ ကုမ္ပဏီတွေ အများအပြားရှိပါတယ်။ တကယ်လို့ အမေရိကန်ကုမ္ပဏီတွေက သူတို့နဲ့ တွဲဘက် လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေကို မဖော်ပြဘူးဆိုရင် သူတို့ ဘာလုပ်နေတယ် ဆိုတာကို အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ တကယ်တမ်းသိဖို့ အတော်လေးခက်ပါလိမ့်မယ်။"

အမေရိကန်ကုမ္ပဏီတွေ အခုလို အစီရင်ခံစာ တင်သွင်းရတာဟာ မြန်မာတစ်နိုင်ငံထဲနဲ့ ပတ်သက်တာမှာပဲ လုပ်ရတာဖြစ်ပြီး အမေရိကန်အစိုးရက အခုလိုသတ်မှတ်တာဟာလည်း ဒါဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ တခြားဘယ်နိုင်ငံကမှ ဒီလို သတ်မှတ် တာမျိုး မရှိသေးတာကြောင့် အလားတူသတ်မှတ်ချက်မျိုးတွေ ထားခြင်းအားဖြင့် မြန်မာအစိုးရတာဝန်ရှိသူတွေနဲ့ တခြား ခေါင်းဆောင်တွေပြောထားတဲ့ တာဝန်သိ ရင်းနှီးမြှုပ်နှံမှုမျိုး ဖြစ်စေလိမ့်မယ်လို့ ERI အဖွဲ့က ပြောပါတယ်ခင်ဗျား။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG