သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားနဲ့ တွေ့ဆုံဆွေးနွေးဖို့ အမေရိကန် အဆင်သင့်ရှိ


State Secretary Tillerson (Photo from State Department)
State Secretary Tillerson (Photo from State Department)

မြောက်ကိုးရီးယားနဲ့ ကြိုတင်တောင်းဆိုတဲ့ ကန့်သတ်ချက်တွေ မပြုလုပ်ဘဲ ဆွေးနွေးပွဲတွေ ကျင်းပဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ရဲ့ ကမ်းလှမ်းချက်ကို တရုတ်နိုင်ငံက ကြိုဆိုလိုက်ပါတယ်။ ကိုးရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ တိုးလာနေပြီး တရုတ်နိုင်ငံကို တောင်ကိုးရီးယားသမ္မတ Moon Jae-in လေးရက်ကြာ တရားဝင် ခရီး သွားရောက်ချိန်မှာ အခုလို ကမ်းလှမ်းလိုက်တာ ဖြစ်ပါတယ်။ တင်းမာမှု တွေလျှော့ချဖို့နဲ့ အခြေအတင်ဆွေးနွေးမှုကို ထောက်ခံတဲ့ကြိုးပမ်းမှုအားလုံးတို့ကို တရုတ် အစိုးရက ကြိုဆိုတဲ့အကြောင်း နိုင်ငံခြားရေးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Lu Kang က ဗုဒ္ဓဟူးနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

တရုတ်နိုင်ငံအနေနဲ့ အမေရိကန်နဲ့ မြောက်ကိုးရီးယား နှစ်နိုင်ငံတို့ အပြန်အလှန် အရေးယူ မှုတွေကို ဆိုင်းငံ့ဖို့ အဆိုပြုထားပြီးဖြစ်ပြီး တွေ့ဆုံဆွေးနွေးပွဲတွေဆီရောက်ဖို့ နှစ်နိုင်ငံစလုံး အနေနဲ့ အတူကြိုးပမ်းကြဖို့ မစ္စတာ Lu က ပြောခဲ့ပါတယ်။

တရုတ်ဘက်က အဆိုပြုချက်ကတော့ မြောက်ကိုးရီးယားအနေနဲ့ တာဝေးပစ်ဒုံးလက်နက် ပစ်လွှတ်မှုတွေနဲ့ နျူကလီယားစမ်းသပ်မှုအားလုံးကို ရပ်တန့်ပေးရမှာဖြစ်သလို အမေရိကန်နဲ့ တောင်ကိုးရီးယားဘက်ကလည်း စစ်ရေးလေ့ကျင့်မှုအားလုံးတို့ကို ရပ်တန့်ပေးရမှာ ဖြစ်ပါတယ်။

အင်္ဂါနေ့က ကျင်းပခဲ့တဲ့ အတ္တလန်တစ်ကောင်စီ ကိုးရီးယားဖောင်ဒေးရှင်း ဆွေးနွေးပွဲမှာ ဝန်ကြီး Tillerson က မြောက်ကိုးရီးယားအပေါ် တရုတ်က ဖိအားတိုးပေးဖို့ တိုက်တွန်းခဲ့ပါ တယ်။ ဒါ့အပြင် ဆွေးနွေးပွဲမတိုင်မီ နှစ်ဘက်စလုံးတို့အတွက် အခြေအနေ အေးအေး ဆေးဆေး ရှိဖို့လိုအပ်တဲ့အကြောင်း ဒီလိုမှမဟုတ်ရင် အကျိုးရှိတဲ့ ဆွေးနွေးပွဲတွေကို ကျင်းပဖို့ခက်ခဲမှာဖြစ်တဲ့အကြောင်း ဝန်ကြီး Tillerson က ပြောခဲ့ပါတယ်။

မြောက်ကိုးရီးယားက ဆွေးနွေးမယ်ဆိုရင် အမေရိကန်က အချိန်မရွေး အဆင်သင့်ရှိတဲ့ အကြောင်းနဲ့ ပထမဦးဆုံးအကြိမ် ဆွေးနွေးရာမှာလည်း ဘာမှ ကြိုတင် တောင်းဆိုမှုတွေ ပြုလုပ်မှာ မဟုတ်တဲ့အကြောင်း ဝန်ကြီး Tillerson က ပြောခဲ့ပါတယ်။

XS
SM
MD
LG