မြန်မာနိုင်ငံဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို အမေရိကန်က ဆက်ပြီးအားပေးနေသလို ရိုဟင်ဂျာတွေ သိန်းနဲ့ ချီပြီး ဘင်္ဂလားဒေ့ချ်ဘက်ထွက်ပြေးသွားရအောင် လုပ်ခဲ့တဲ့မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေကိုလည်း အမေရိကန်က အပြစ်တင်ရှုတ်ချတယ်လို့ အမေရိကန်ဒုသမ္မတ Mike Pence ကပြောလိုက်ပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒုသမ္မတ Mike Pence တို့ အာဆီယံထိပ်သီးအစည်းအဝေး ကာလ အတွင်း တွေ့ဆုံပြောဆိုခဲ့ကြတဲ့အကြောင်းကို ဒုသမ္မတ Mike Penceက သတင်းထောက်တွေကို ပြန်ပြောပြခဲ့ ပါတယ်။ ဒီအကြောင်း ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။
စင်္ကာပူနိုင်ငံမှာကျင်းပခဲ့တဲ့ ၃၃ ကြိမ်မြောက်အာဆီယံထိပ်သီးဆွေးနွေးပွဲကာလအတွင်း အမေရိကန် ဒုသမ္မတ Mike Pence နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အင်္ဂါနေ့မှာသီးသန့်တွေ့ဆုံခဲ့ကြပါတယ်။ ဒီတွေ့ဆုံမှုအတွင်း ရိုဟင်ဂျာ မူဆလင်တွေ ဖိနှိပ်ခံရတဲ့ကိစ္စ၊ ဖမ်းဆီးခံရိုက်တာသတင်းထောက် ၂ ဦး လွတ်မြောက်ရေးကိစ္စတွေ ကိုလည်း ပြောဆိုခဲ့ကြပါတယ်။ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အမေရိကန် ပြည်ထောင်စုရဲ့ရပ်တည်ချက်ကိုလည်း ဒုသမ္မတ Mike Penceက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
“အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေကို ဆက်ပြီး အားပေး ထောက်ခံ သွားမှာ ဖြစ်သလို မြန်မာပြည်ထဲက ရိုဟင်ဂျာ ၇ သိန်း ဘင်္ဂလားဒေ့ချ်ဘက် ရောက်သွားအောင်လုပ်ခဲ့တဲ့ မြန်မာ စစ်တပ်ရဲ့လုပ်ရပ်တွေကိုလည်း အမေရိကန်က ရှုတ်ချတယ် ဆိုတာ ရှင်းအောင်ပြောချင်ပါတယ်။ ဒါက ကျနော်တို့အတွက် အရေးကြီးပါတယ်။”
ရိုဟင်ဂျာဒုက္ခသည်တွေနေရပ်ပြန်ရေးကိစ္စနဲ့ အပြစ်ရှိသူတွေကိုအရေးယူဖို့လည်းအမေရိကန်ဘက်က လိုလားတဲ့ အကြောင်း ဒုသမ္မတ Mike Penceက ဒေါ်အောင်ဆန်းစုကြည်ကို တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။
“အမေရိကန်ပြည်ထောင်စုရဲ့ဂုဏ်ယူစရာလုပ်ရပ်နဲ့ပတ်သက်တာတချို့ကိုလည်း ကျနော် ဒီကနေ့ ပြောခဲ့ပါတယ်။ ဘင်္ဂလားဒေ့ချ်နိုင်ငံမှာ လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးမှုတွေအတွင်း အမေရိကန်ပြည်ထောင်စုက နံပါတ်တစ်နေရာက အကူအညီပေးနေတာပါ။ အဲဒီမှာရိုဟင်ဂျာ ၇ သိန်း ရှိပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ကျနော့်ကိုပြောတာက ကိုယ့်သဘောနဲ့ကိုယ် ရခိုင်ပြည်နယ်ထဲ ပြန်လာကြမယ့်ရိုဟင်ဂျာတွေ ဒီကနေ့စပြီး ရှိလိမ့်မယ်လို့ ဆိုပါတယ်။ ဒီလိုမျိုးတွေ ကြားရဖို့ ကျနော်တို့ဘက်ကတိုက်တွန်းနေတာပါ။ တချိန်တည်းမှာပဲ အကြမ်းဖက်မှုတွေမှာ တာဝန်ရှိ သူတွေကို တရားဥပဒေအရအရေး ယူဖို့ကိုလည်း ကျနော်တို့တိုက်တွန်းပါတယ်။ ဒါကလည်း အမေရိကန် အတွက် အင်မတန်အရေးကြီးပါတယ်။”
အဖမ်းခံနေရတဲ့ ရိုက်တာစ်သတင်းထောက် ၂ ဦးကိုပြန်လွှတ်ပေးရေးကိစ္စလည်း ဒုသမ္မတ Mike Penceက ဒေါ်အောင်ဆန်း စုကြည်ကိုတိုက်တွန်းခဲ့ပါတယ်။
“ရိုဟင်ဂျာတွေကို လူမျိုးစုလိုက်ရှင်းလင်းဖယ်ရှားရေးလုပ်တာနဲ့ပတ်သက်ပြီး သတင်းနဲ့တင်ပြဖို့ လုပ်နေတုန်း ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကအဖမ်းခံခဲ့ကြရတဲ့ သတင်းထောက် ၂ ဦးကိစ္စကိုလည်း ကျနော် ပြောခဲ့ပါတယ်။ သူ့ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးနိုင်တဲ့အာဏာကိုအသုံးပြုပြီး ဒီသတင်းထောက် ၂ ဦး လွတ်မြောက်ရေးကို လုပ် ဆောင်ဖို့လည်း ဒေါ်အောင်ဆန်းစုကြည်ကို ကျနော်တိုက်တွန်းခဲ့ပါတယ်။ သူ ကျနော့်ကိုပြန်ပြောတာက သတင်းထောက် ၂ ဦးစွဲချက်တင်ခံရတဲ့ကိစ္စက ရှုပ်ထွေးတဲ့ အခြေအနေတွေရှိတယ်။ လောလောဆယ်မှာတော့ အယူခံတင်ထားတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ဆိုပါတယ်။”
အမေရိကန်ဒုသမ္မတ Mike Penceနဲ့နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်တို့ အင်္ဂါနေ့က သီးသန့် တွေ့ဆုံမှုဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကမ်းလှမ်းချက်နဲ့တွေ့ဆုံခဲ့ကြတာပါ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ မြန်မာနိုင်ငံရဲ့ပြဿနာကို တခြားနိုင်ငံကထက် သူတို့ပိုပြီးနားလည် သဘောပေါက်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကို လက်မခံပါဘူး။ နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ဘင်္ဂလား ဒေ့ချ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေထဲက ပထမအသုတ်အနေနဲ့ လူ ၂ ထောင်ပြန်လာဖို့ အစီအစဉ် ကလည်း တကယ်တန်းမှာ အထမမြောက် ခဲ့ပါဘူး။ မြန်မာအစိုးရ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့ တခြား အဆင့်မြင့် အရာရှိတွေ တောင်ပြိုလက်ဝဲလက်ခံရေးစခန်းမှာ မနေ့ကစောင့်ဆိုင်းခဲ့ကြပေမဲ့ ဘင်္ဂလားဒေ့ချ်ဘက် က ဒုက္ခသည်တွေပြန်ပြီးလွှဲပြောင်းပေးတာမရှိခဲ့ဘူးလို့ မြန်မာအစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်သူက မနေ့ကကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာပြောခဲ့ပါတယ်။