ကမ္ဘာမှာ မျက်မှောက်ခေတ်အတွက် အကြီးမားဆုံးနဲ့ အပူတပြင်းကိုင်တွယ်ရမယ့် ကိစ္စကြီးတခုဖြစ်တယ်လို့ အမေရိကန်သမ္မတ Barack Obama သူ့ရဲ့ အပတ်စဉ်မိန့်ခွန်းမှာ ပြောကြားသွားတဲ့ ဥတုရာသီ ပြောင်းလဲမှုကို ကိုင်တွယ်ရာမှာ အမေရိကန်ပြည်ထောင်စုက ရှေ့ဆုံးကနေ ဦးဆောင်လုပ်နေတယ်လို့ သမ္မတ Obama က ပြောပါတယ်။ ၂၀၁၅ က ၂၀၁၄ ထက် ပိုပြီး ပူပြင်းခဲ့တယ် .. အခု ၂၀၁၆ က ပိုပြီးတောင် ပူဦးမယ့် သဘောရှိတယ်လို့လည်း သမ္မတက ပြောထားပါတယ်။
ဒါပေမယ့်လည်း အမေရိကန်ပြည်ထောင်စုဟာ လွန်ခဲ့တဲ့ ၇ နှစ်ခွဲအတွင်းမှာပဲ သန့်ရှင်းလောင်စာ အသုံးပြုရေးနဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် လျှော့ချရေးတို့မှာ ရင်မှန်းချက်ကြီးမားတတဲ့ရင်းနှီးမြုပ်နှံခဲ့တယ်။ အဲဒါကြောင့်ပဲ ပတ်ဝန်းကျင်ကို ပိုညစ်နွမ်းစေတဲ့ သမားရိုးကျ လောင်စာတွေထက် ငွေကုန်ကြေးကျ ပို သက်သာတဲ့ သန့်ရှင်းလောင်စာအရင်းအမြစ်တွေ ရရှိခဲ့တယ်လို့ လည်း ဆိုပါတယ်။ဒီလို ဥတုရာသီပြောင်းလဲမှု တားဆီးရေးမှာ အမေရိကန်က ဦးဆောင် ဦးရွက်ပြုနေတာကြောင့် အရင်နှစ်က ပါရီမှာကျင်းပတဲ့ ဥတုရာသီညီလာခံမှာ နိုင်ငံပေါင်း ၂၀၀ နီးပါးကို စုစည်းပြီး ကမ္ဘာမြေ ကယ်တင်ရေးအတွက် သမိုင်းမှာ မှတ်တမ်းဝင်တဲ့ ရည်မှန်းချက်ကြီးမားတဲ့ သဘောတူညီမှုတခုကို ရရှိအောင်လုပ်ဆောင်နိုင်ခဲ့တယ်လို့ သမ္မတ က ပြောပါတယ်။
အနာဂတ်မျိုးဆက်အတွက် ပိုပြီးကောင်းမွန်သန့်ရှင်းဘေးအန္တရာယ်ကင်းတဲ့ အနာဂတ်ဖြစ်စေဖို့ အဲ့ဒီ့သဘောတူညီမှုကို အခြေခံ တည်ဆောက်သွားရမှာ ဖြစ်တယ်လို့ သမ္မတ အိုဘားမားက ပြောကြားသွားပါတယ်။