သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရက်စက်မှုတာဝန်ရှိသူတွေကို နောက်ထပ်အရေးယူဖို့ ကန်အမတ်တွေတိုက်တွန်း


ရိုဟင်ဂျာတွေကို ကူညီပံ့ပိုးရေးနဲ့ ကျူးလွန်ထားတဲ့ သတ်ဖြတ်မှုတွေအတွက် တာဝန်ရှိသူတွေ ကိုယ့်လုပ်ရပ်ကိုယ် တာဝန်ခံမှု ရှိစေရေး အမေရိကန်အစိုးရအနေနဲ့ နောက်ထပ် အရေးယူလုပ်ဆောင်ဖို့ အမေရိကန် နိုင်ငံရေးပါတီကြီးနှစ်ရပ်က အထက် လွှတ်တော်အမတ်တွေက နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ဆီကိုလိပ်မူပြီး သြဂုတ်လ ၁၇ ရက်၊ သောကြာနေ့ရက်စွဲနဲ့ စာရေးသား တိုက်တွန်းထားပါတယ်။

ဒီမိုကရက်အထက်လွှတ်တော်အမတ်တွေဖြစ်ကြတဲ့ Jeff Merkley နဲ့ Dick Durbin ၊ ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် တွေဖြစ်ကြတဲ့ Marco Rubio နဲ့ Todd Young တို့အပါအဝင် စုစုပေါင်း အထက်လွှတ်တော်အမတ် ၁၇ ယောက်က ဝန်ကြီး Pompeo ဆီကို စာရေးသား တိုက်တွန်းထားတာပါ။

“အတိအကျအားဖြင့် ဒီ သတ်ဖြတ်မှုတွေနဲ့ပတ်သက်ပြီး သမ္မတအနေနဲ့ရော ဝန်ကြီးအနေနဲ့ပါ အပြင်းအထန် လူသိရှင်ကြား ပြစ်တင်ရှုတ်ချဖို့ ကျနော်တို့ တိုက်တွန်းပါတယ်။ သမ္မတနဲ့ သူရဲ့ထိပ်တန်းသံတမန်တို့ဆီက အားကောင်းတဲ့ ပြစ်တင်ရှုတ်ချမှုဟာ အမေရိကန်ပြည်ထောင်စုအနေနဲ့ လူ့အခွင့်အရေးကို ဦးစားပေးတယ်၊ လူစုလူဝေးလိုက် သတ်ဖြတ်မှုတွေ၊ လူမျိုးတုန်းရှင်းလင်းမှု တွေ ဘယ်နေရာမှာပဲဖြစ်ဖြစ် ဆန့်ကျင်ရပ်တည်သွားမယ်ဆိုတာ မြန်မာနိုင်ငံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို ပါးလိုက်တဲ့ အရေးပါ တဲ့ သတင်းစကားဖြစ်ပါလိမ့်မယ်” လို့ လွှတ်တော်အမတ်တွေရဲ့ ပေးစာထဲမှာ ဖော်ပြထားပါတယ်။

လွှတ်တော်အမတ်တွေရဲ့စာထဲမှာ သုံးစွဲဖော်ပြထားတဲ့ ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကို တခြားနိုင်ငံတွေ၊ နိုင်ငံတကာအဖွဲ့တွေက ပါ ခေါ်ဆိုသုံးစွဲပေမယ့် မြန်မာအစိုးရကတော့ အဲဒီလိုမခေါ်ဆိုဘဲ ရခိုင်ပြည်နယ်က မွတ်ဆလင်အသိုင်းအဝိုင်းလို့ပဲ ပြောဆို ဖော်ပြပါတယ်။

အမေရိကန် ဘဏ္ဍာရေးဌာနက မြန်မာ့တပ်မတော်နဲ့ရဲဘက် ထိပ်တန်းအရာရှိကြီးလေးဦးနဲ့ တပ်မနှစ်ခုက တပ်ဖွဲ့ဝင်တွေကို ဒဏ်ခတ်အရေးယူမှု ချမှတ်လိုက်တဲ့ တရက်ထဲမှာပဲ လွှတ်တော်အမတ်တွေက ဝန်ကြီး Pompeo ဆီကို စာရေးသား တိုက်တွန်း လိုက်တာလည်းဖြစ်ပါတယ်။

ရက်စက်မှုတာဝန်ရှိသူတွေကို နောက်ထပ်အရေးယူဖို့ ကန်အမတ်တွေတိုက်တွန်း
please wait

No media source currently available

0:00 0:01:22 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG