မြောက်ကိုရီးယားနိုင်ငံမှာ ဖမ်းဆီး ခံထားရာကနေ ပြန်လွတ်မြောက်လာတဲ့ အမေရိကန်နိုင်ငံသား Aijalon Mahli Gomes ကို တင်ဆောင်လာတဲ့ ပုဂ္ဂလိကပိုင် လေယာဉ်ဟာ အမေရိကန်နိုင်ငံ ဘော်စတွန်မြို့ကို မကြာခင်မှာ ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ဂိုမက်စ်ရဲ့ မိခင်ဖြစ်သူနဲ့ မိသားစုဝင်တွေဟာ ဘော်စတွန်မှာ နေကြတာပါ။
မစ္စတာ ဂိုမက်စ် ပြန်လည် လွတ်မြောက်အောင် အမေရိကန် သမ္မတဟောင်း Jimmy Carter က မြောက်ကိုရီးယားကို ၂ ရက်သွားပြီး ကြိုးပမ်းခဲ့တာပါ။ သူတို့ကို တင်ဆောင်လာတဲ့ လေယာဉ်ဟာ ဒေသစံတော်ချိန် မွန်းလွဲပိုင်း အချိန်လောက်မှာ ရောက်လိမ့်မယ်လို့ သမ္မတဟောင်း ဂျင်မီကာတာရဲ့ လက်ထောက်တွေက ပြောပါတယ်။ မြောက်ကိုရီးယားနိုင်ငံ ပြန်ယမ်းမြို့လေဆိပ် လေယာဉ်ပြေးလမ်းပေါ်က ပုဂ္ဂလိကပိုင် လေယာဉ်ပေါ်ကို မတက်ခင် ပြန်လွတ်လာတဲ့ Aijalon Mahli Gomes ကို သမ္မတဟောင်း ဂျင်မီကာတာက ဖက်လှဲတကင်း နှုတ်ဆက်နေတဲ့ပုံတွေကို ရုပ်မြင်သံကြားသတင်းတွေမှာ ပြသနေပါတယ်။
သမ္မတဟောင်း ဂျင်မီ ကာတာ ဟာ မြောက်ကိုရီးယားနိုင်ငံကို ဗုဒ္ဓဟူးနေ့မှာ ရောက်သွားခဲ့တာဖြစ်ပြီး ဒီခရီးဟာ ပုဂ္ဂိုလ်ရေးအရသွားတဲ့ ခရီးစဉ်သာဖြစ်တဲ့ အကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောပါတယ်။ မစ္စတာ Gomes ပြန်လွတ်လာအောင် လူသားချင်း စာနာစိတ်နဲ့ စွမ်းဆောင်ခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ကြာသပတေးနေ့က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
တရုတ်နိုင်ငံဖက်ကနေ မြောက်ကိုရီးယားနိုင်ငံထဲကို ၀င်ရောက်ခဲ့တဲ့အတွက် မစ္စတာ ဂိုမက်စ် ဖမ်းဆီးခံခဲ့ရတာပါ။ မြောက်ကိုရီးယား ပိုင်နက် ထဲကို တရားမ၀င် ၀င်ရောက်ခဲ့တဲ့အတွက် အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၈ နှစ် အပြင် ဒဏ်ငွေ ဒေါ်လာ ၇ သိန်း ချမှတ် အပြစ်ပေးခံထားရတာပါ။ မစ္စတာ ဂိုမက်စ်ဟာ သူ့ကိုယ်သူ သတ်သေဖို့ ကြံစည်းခဲ့တယ်လို့ မြောက်ကိုရီးယား ဗဟိုသတင်းဌာနက ပြီးခဲ့တဲ့လထဲမှာ ဖော်ပြခဲ့ပါတယ်။