သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် သမ္မတ ရွေးကောက်ပွဲ မဲ စတင်ပေးနေပြီ


အမေရိကန်နိုင်ငံသားတွေဟာ သမ္မတသစ်ကို ရွေးချယ်ဖို့အတွက် စတင် မဲပေးနေကြပါပြီ။ တနင်္လာနေ့တုန်းကတော့ ဒီမိုကရက်တစ်ပါတီကိုယ်စားပြု သမ္မတ Barack Obama နဲ့ ရီပတ်ဘလီကန်ပါတီ ကိုယ်စားပြု မက်ဆာချူးဆက်ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း Mitt Romney တို့ နှစ်ဦးစလုံးဟာ အကြိတ်အနယ် ယှဉ်ပြိုင်ရမယ့် ပြည်နယ်အတော်များများမှာ နောက်ဆုံးအနေနဲ့ မဲဆွယ် စည်းရုံးခဲ့ကြပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် Mike O’Sullivan ရဲ့ သတင်းပေး ပို့ချက်နဲ့အတူ အမေရိကန်ရွေးကောက်ပွဲ နောက်ဆုံးအဆင့် မဲဆွယ်စည်းရုံးမှု အခြေအနေတွေကို ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။

ဒီရွေးကောက်ပွဲမှာ ဘယ်သူအနိုင်ရလိမ့်မယ်လို့ အတိအကျ ပြောဖို့ခက်နေတဲ့ ပြည်နယ်တွေထဲက အရေးအကြီးဆုံး ပြည်နယ်တခုလို့ သတ်မှတ်ထားတဲ့ Ohio ပြည်နယ်မှာ သမ္မတ အိုဘားမား တနင်္လာနေ့က နောက်ဆုံးအကြိမ်အဖြစ် မဲဆွယ် စည်းရုံးခဲ့ပါတယ်။

Obama Campaign “Cheer: . . . . .”

Ohio ပြည်နယ် Columbus မြို့မှာ သမ္မတ အိုဘားမား တနင်္လာနေ့က မဲဆွယ် စည်းရုံးခဲ့တဲ့ အသံကို ကြားခဲ့ကြရတာပါ။

သမ္မတ အိုဘားမားဟာ Ohio ပြည်နယ်မှာလိုပဲ မဲဆန္ဒရှင်တွေက ဘယ်သူ့ကို မဲပေးမယ်လို့ အတိအကျ မဆုံးဖြတ်ရသေးတဲ့ တခြား ပြည်နယ်တွေဖြစ်တဲ့ Wisconsin နဲ့ Iowa ပြည်နယ်တွေမှာ တနင်္လာနေ့က မဲဆွယ် စည်းရုံးခဲ့တာပါ။ သူ့ရဲ့ နောက်ဆုံး မဲဆွယ်စည်းရုံးမှုကိုတော့ ၂၀၀၈ ခုနှစ် ရွေးကောက်ပွဲတုန်း က သူ့ကို ပထမဆုံးအနိုင်ပေးလိုက်တဲ့ ပြည်နယ်ဖြစ်တဲ့ Iowa ပြည်နယ်မှာ သမ္မတက ပြုလုပ်ခဲ့ တာပါ။

ပြီးခဲ့တဲ့ လေးနှစ်တာ သူ့သမ္မတ ပထမ သက်တမ်းအတွင်း အမေရိကန်ကား စက်ရုံတွေ ပြန် လည် ပတ်နိုင်အောင် အစိုးရက ငွေကြေး အလုံးအရင်း စိုက်ထုတ်ပေးခဲ့တာ၊ အယ်လ် ကိုင်းဒါးခေါင်းဆောင် အိုစမာ ဘင်လာဒင်ကို သုတ်သင်နိုင်ခဲ့တာ စတဲ့ အောင်မြင်မှုရခဲ့တာတွေကို ထည့်သွင်း ပြောဆိုသွားခဲ့ ပါတယ်။ ဒါပေမယ့် သူလုပ်ဆောင်နေတဲ့ လုပ်ငန်းတွေ ပြီးမြောက်အောင်ဖို့ နောက်ထပ် လေးနှစ် သက်တမ်းတခု ထပ် တာဝန်ထမ်းဆောင် ဖို့ လိုသေးတယ်လို့ ဆိုပါတယ်။

“ပြောင်းလဲမှုဖြစ်ဖို့ ကျနော်တို့အနေနဲ့ တိုက်ပွဲ ဆက်ဝင်ကြရပါဦးမယ်။ ဘာဖြစ်လို့လဲဆိုတော့ လူလတ် တန်းစားတွေ အောင်မြင်မှုမရှိဘဲ အလုပ်ကြိုးစား လုပ်ကိုင်ချင်သူတွေ လူလတ်တန်းစားအဖြစ် တန်း ဝင်လာအောင် လုပ်ဆောင်ဖို့ ခိုင်မာတဲ့ လှေကားထစ်တွေ ရှိနေဖို့ လိုပါတယ်။ လူလတ်တန်းစားမရှိရင် ဒီတိုင်းပြည်လည်း အောင်မြင်မှု မရနိုင်ပါဘူး။ ကျနော်တို့ တိုင်းပြည်အတွင်းမှာရှိတဲ့ လူတိုင်း တန်းတူ ညီမျှတဲ့ အခွင့်အရေးနဲ့ လက်ရည်တပြင်တည်း လုပ်နိုင်ကြရင်၊ လူတိုင်းက သတ်မှတ်ထားတဲ့ စည်းကမ်း ဥပဒေအတိုင်း လုပ်ဆောင်ကြရင် အမေရိကန်နိုင်ငံဟာ အကောင်းဆုံးဖြစ်အောင် စွမ်းဆောင်နိုင် တာမို့ ကျနော်တို့ရဲ့ တိုက်ပွဲကို ဆက်ဝင်နေရတာပါ။ Iowa ပြည်နယ်ကလူတွေ ဒါကို နားလည်ပါတယ်။ ဒါကို ကျနော်တို့ ယုံကြည်တယ်။ ဒါကြောင့်လည်း ခင်ဗျားတို့က ကျနော့်ကို ၂၀၀၈ ခုနှစ် မှာ ရွေးကောက် တင်မြှောက်ပေးလိုက်တာပါ။ ဒါကြောင့်လည်း ကျနော့်အနေနဲ့ သမ္မတ ဒုတိယ သက်တမ်းအတွက် ထပ်ပြီး အရွေးခံနေတာ ဖြစ်တယ်ဆိုတာ Iowa ပြည်နယ်သူ ပြည်နယ် သားတွေကို ပြောချင်ပါတယ်။”

ပြိုင်ဘက် သမ္မတလောင်း Mitt Romney ကတော့ သူ့ရဲ့ တနင်္လာနေ့ နောက်ဆုံး မဲဆွယ် စည်းရုံးမှုတွေကို Florida ပြည်နယ်မှာ စတင်ပါတယ်။ အဲဒီမှာ သူက မေးခွန်းမေးပြီး အခုလို စတင်လိုက်တာပါ။

“လွန်ခဲ့တဲ့ လေးနှစ်တုန်းက အခြေအနေတွေကို အမေရိကန်နိုင်ငံသားတွေ လိုလားကြပါသလား၊ ဒါမှမဟုတ် တကယ့် ပြောင်းလဲမှုကို လိုချင်ကြပါသလား။”

မက်ဆာချူးဆက်ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း Mitt Romney ကတော့ အောင်မြင်တဲ့ စီးပွားရေးသမားတဦးအဖြစ်နဲ့ရော၊ နိုင်ငံရေးသမား တယောက်အဖြစ်နဲ့ရော ဖြတ်သန်းလာခဲ့တဲ့ သူ့အတွေ့အကြုံတွေကသာ တိုင်းပြည်အတွက် ပြောင်းလဲမှုကို ဖော်ဆောင်ပေးနိုင်မှာဖြစ်ပြီး မစ္စတာ အိုဘားမားက ဖော်ဆောင်ပေးနိုင်မှာမဟုတ်ဘူးလို့ ပြောပါတယ်။

“စီးပွားရေးလုပ်ငန်း ကျနော် တည်ဆောက်ခဲ့သလို နောက်ထပ် ဆင့်ပွား စီးပွားလုပ်ငန်းတခုလည်း တည်ထောင်ခဲ့ပါတယ်။ အိုလံပစ်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်အောင် ကျနော် ကူညီ လုပ်ဆောင်ပေးခဲ့ပါတယ်။ နောက်ပြီးတော့ ဒီမိုကရက်တစ်ပါတီရဲ့ လွှတ်တော်နဲ့အတူ ကျနော့်ပြည်နယ်မှာ အကြွေးတင် နေတဲ့ အခြေအနေကနေ အမြတ်အစွန်းရတဲ့ အခြေအနေရောက်အောင်၊ လူတွေ အလုပ်လက်မဲ့ ဖြစ်နေတဲ့ အခြေအနေကနေ အလုပ်အကိုင်တွေ ရရှိအောင်၊ အခွန်တွေ များများစားစား ကောက်ခံနေရာကနေ လူတွေ သူတို့ဝင်ငွေတွေ အများအစား အိမ်အပါ သယ်နိုင်အောင် ကျနော် လုပ်ဆောင်ပေး ခဲ့ပါတယ်။ တိုင်းပြည်ရဲ့ အခြေအနေ ဘယ်ကို ဦးတည်နေတယ်ဆိုတာ ကျနော်သိသလို အဲဒါကို မှန်ကန်တဲ့ဘက်ကို ဦးတည်သွားနိုင်အောင် ကျနော် လုပ်ဆောင်ပေးနိုင်တဲ့အတွက် သမ္မတအဖြစ် ကျနော် ဝင်အရွေးခံနေတာပါ။”

သန်းပေါင်းများစွာသော အမေရိကန် မဲဆန္ဒရှင်တွေကတော့ ကြိုတင် မဲပေးစံနစ်နဲ့ အစောကြီးကတည်းက မဲပေးပြီးနေကြပါပြီ။ ဒါပေမယ့် မဲဆန္ဒရှင် အများစုကတော့ ဒီကနေ့ အင်္ဂါနေ့မှာ စာသင်ကျောင်းတွေ၊ မီးသတ်ဌာနတွေ၊ ဘုရားကျောင်းတွေမှာ ဖွင့်ထားတဲ့ မဲရုံတွေမှာ မဲပေးကြမှာ ဖြစ်ပါတယ်။

New Hampshire ပြည်နယ်က Dixville Notch နဲ့ Hart Location မြို့တွေမှာတော့ ရှေးကတည်းက ရှိနေပြီးသားဖြစ်တဲ့ တနိုင်ငံလုံးမှာ မဲအစောဆုံး ပေးတဲ့နေရာဖြစ်တာနဲ့အညီ ဒီကနေ့မှာလည်း မဲရုံတွေကို မနက် (၅) နာရီကတည်းက စတင် ဖွင့်လှစ်မှာ ဖြစ်ပါတယ်။ Dixville Notch မှာတော့ ကိုယ်စားလှယ်လောင်း နှစ်ဦးစလုံးကို ထောက်ခံသူအရေအတွက် တူညီနေပြီး Hart Location မှာတော့ သမ္မတက အသာစီးရနေတာပါ။

မနေ့ညကအထိ ကောက်ခံထားတဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ လူထုစစ်တမ်း အမျိုးမျိုးမှာတော့ သမ္မတ အိုဘားမားနဲ့ Mr. Romney တို့ နှစ်ဦးစလုံးကို ထောက်ခံသူ အရေအတွက်ဟာ တူညီနေတယ်လို့ ဖော်ပြနေကြတာပါ။

သမ္မတ အိုဘားမားက ရွေးကောက်ပွဲနေ့မှာ သူ့ရဲ့ မြို့ဖြစ်တဲ့ Illinois ပြည်နယ်က Chicago မြို့မှာ ရွေးကောက်ပွဲရလဒ်တွေကို သွားစောင့်မှာ ဖြစ်ပြီး ပြိုင်ဘက် သမ္မတလောင်း Mitt Romney ကလည်း သူ့ရဲ့ ပြည်နယ်ဖြစ်တဲ့ မက်ဆာချူးဆက်ပြည်နယ်မှာပဲ ပြန်နေမယ်လို့ သိရပါတယ်ခင်ဗျား။
XS
SM
MD
LG