သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ရုရှား လက်နက် လျှော့ပေါ့ရေး နောက်တဆင့် ရှိလာနိုင်


ရုရှားနဲ့ နောက်ထပ် လက်နက် ထိန်းချုပ်ရေး သဘောတူမှု ရယူနိုင်မယ့် အနေအထား ရှိတယ်လို့ အမေရိကန် သမ္မတ အိုဘားမားက ပြောပါတယ်။ ဆိုးလ်မြို့က နျူကလီးယား လုံခြုံရေး ထိပ်သီး စည်းဝေးပွဲမှာ တနင်္လာနေ့က ရုရှားသမ္မတ Dmitry Medvedev နဲ့ တွေ့ဆုံ စကားပြောဆိုပြီးတဲ့နောက် သမ္မတ အိုဘားမားက နျူကလီးယား လက်နက် ပိုင်ဆိုင်မှုတွေ လျှော့ချရေးနဲ့ပတ်သက်လို့ နှစ်နိုင်ငံအနေနဲ့ ရှေ့ဆက် ဆောင်ရွက်သွားနိုင်လိမ့်မယ်လို့ ဆိုပါတယ်။

၂၀၁၀ ခုနှစ်က ရုရှားနိုင်ငံနဲ့ ချုပ်ဆိုခဲ့တဲ့ START သဘောတူစာချုပ်ဟာ အနှစ် ၂၀ အတွင်း ပြည့်ဝခိုင်မာမှု အရှိဆုံး လက်နက်ဆိုင်ရာ သဘောတူ စာချုပ်တစ်ခု ဖြစ်တယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။ ရုရှားသမ္မတ အဖြစ် အရွေးခံထားရတဲ့ Vladimir Putin နဲ့ နောက်ထပ် တစ်ကြိမ် နျူကလီးယား လက်နက်လျှော့ချရေး သဘောတူ ညီချက်ရအောင် လုပ်ဖို့ စီစဉ်ထားတယ်လို့လည်း မစ္စတာ အိုဘားမားက ပြောပါတယ်။

လာမယ့် သမ္မတ ရွေးကောက်ပွဲပြီးရင် မစ်ဇိုင်းဒုံးကျည် ကာကွယ်ရေး ကိစ္စနဲ့ ပတ်သက်ပြီး ပိုပြီးတော့ ကိုင်တွယ်ရ လွယ်ကူတဲ့ အခြေအနေ ရှိလိမ့်မယ်လို့လည်း မစ္စတာ အိုဘားမားက မစ္စတာ Medvedev ကို ပြောခဲ့သလို မစ္စတာ Medvedev ကလည်း သူ့အနေနဲ့ နားလည်ကြောင်းနဲ့ ဒါကို မစ္စတာ ပူတင်ကို ပြန်ပြောပြ သွားမယ့်အကြောင်း အပြန်အလှန် ပြောဆိုခဲ့ကြပါတယ်။ ဒီကိစ္စကို အများရှေ့ ထုတ်ပြောဖို့ မရည်ရွယ်ပေမဲ့ ခေါင်းဆောင်နှစ်ယောက် သူတို့ရှေ့က မိုက်တွေ ပွင့်နေတာကို သတိမထားမိခဲ့ဘဲ အားလုံးက ကြားခဲ့ကြရတာဖြစ်ပါတယ်။

၂၀၁၂ ခုနှစ်ဟာ အမေရိကန်နဲ့ ရုရှား နှစ်နိုင်ငံစလုံးမှာ ရွေးကောက်ပွဲ ကျင်းပကြတဲ့ နှစ်ဖြစ်တာမို့ ဒီလို အရေးကြီးတဲ့ ကိစ္စမျိုးတွေကို ဒီနှစ် အတွင်း ဆွေးနွေးမှာ မဟုတ်တဲ့အကြောင်း သမ္မတ အိမ်ဖြူတော်က ကြေညာချက် တစ်စောင် ထုတ်ပြန်ပါတယ်။ ဆီးရီးယားအရေးနဲ့ ပတ်သက်လို့ အမေရိကန်နဲ့ ရုရှား အကြား သဘောထား ကွဲလွဲမှုတွေ ရှိနေ ပေမဲ့လည်း ရုရှားနိုင်ငံဟာ အမေရိကန်နဲ့ ၁၀ နှစ်အတွင်း အကောင်းဆုံး ဆက်ဆံရေး တရပ် ထားရှိတဲ့ အကြောင်း ရုရှား သမ္မတ Medvedev က ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG