သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ကုန်သွယ်ရေးဝန်ကြီး အဖွဲ့ မြန်မာအပါအဝင် အာရှ ၃ နိုင်ငံခရီးစ


အမေရိကန် ကုန်သွယ်ရေးဝန်ကြီး Penny Pritzker Penny
အမေရိကန် ကုန်သွယ်ရေးဝန်ကြီး Penny Pritzker Penny
အမေရိကန် ကုန်သွယ်ရေးဝန်ကြီး Penny Pritzker ဦးဆောင်တဲ့ အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့ဟာ အခု သီတင်းပတ်ထဲ မြန်မာအပါအဝင် အာရှခရီးစဉ် စတင်နေပြီဖြစ်ပါတယ်။

ဒီကနေ့ ဗီယက်နမ်နိုင်ငံကို ရောက်နေပြီး ဒီနောက် ဖိလစ်ပိုင်နိုင်ငံ နောက်ဆုံး မြန်မာနိုင်ငံကို ရောက်ရှိမှာဖြစ်ပါတယ်။

ကုန်သွယ်ရေးဝန်ကြီးနဲ့အတူ အမေရိကန်စီးပွားရေးလုပ်ငန်း အမှုဆောင်အရာရှိများ ကိုယ်စားလှယ်တွေနဲ့ အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီအဖွဲ့ဝင်တွေပါ ပါဝင်ပြီး ဗီယက်နမ် မြန်မာနဲ့ ဖိလစ်ပိုင်နိုင်ငံ သုံးနိုင်ငံခရီးစဉ်သွားရောက်မှာဖြစ်ပါတယ်။

အာဆီယံနဲ့ အမေရိကန်ပြည်ထောင်စုအကြား ကုန်သွယ်ရေးဆက်ဆံမှုတွေ တိုးမြင့်လာဖို့ရည်ရွယ်တာဖြစ်ပြီး နှစ်ဖက်အကြား စီးပွားရေးဆက်ဆံမှုတွေ ပိုပြီး နက်နက်ရှိုင်းရှိုင်းဆောင်ရွက်နိုင်အောင် ကုန်သွယ်ရေးဝန်ကြီးဌာနအနေနဲ့ အာရုံထား ဆောင်ရွက်နေတာဖြစ်တယ်လို့ အမေရိကန် ကုန်သွယ်ရေးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။


အာရှသုံးနိုင်ငံခရီးစဉ်မှာ မြန်မာနိုင်ငံကို နောက်ဆုံးမှာရောက်ရှိဖို့ရှိပြီး မြန်မာနိုင်ငံရဲ့ နိုင်ငံရေး စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေကို အမေရိကန် ပြည်ထောင်စုအနေနဲ့ အားပေးကူညီမယ့်အကြောင်း ဝန်ကြီး Pritzker က အလေးပေး ပြောဆိုမှာဖြစ်တယ်လို့ဆိုပါတယ်။

ဝန်ကြီး Pritzker ဦးဆောင်တဲ့ အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာစီးပွားရေးအသိုင်းအဝိုင်းတွေအပြင် အရပ်ဖက်လူမှု အဖွဲ့အစည်းပိုင်းက ခေါင်းဆာင်တွေ အစိုးရ တာဝန်ရှိသူတွေကိုပါ တွေ့ဆုံဖို့ရှိနေပါတယ်။ မကြာခင်တုန်းကပဲ FCS ခေါ်တဲ့ အမေရိကန် နိုင်ငံရပ်ခြားကုန်သွယ်ရေးဝန်ဆောင်ဌာနရုံးတွေကိုလည်း မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ ဖွင့်လှစ်လိုက်ပြီဆိုတာ ကုန်သွယ်ရေးဝန်ကြီး Pritzker က ကြေညာခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ သုံးနှစ်ကျော်က စလို့ နိုင်ငံရေး စီးပွားရေးအပြောင်းအလဲတွေ လုပ်ခဲ့ပြီးတဲ့နောက် အမေရိကန်ပြည်ထောင်စု မြန်မာအပေါ် ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှုတွေကို ယာယီဆိုင်းငံ့ထားလိုက်ပါတယ်။ ဒါ့အပြင် အမေရိကန်ကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံထဲ ရင်းနှီးမြှုပ်နှံမှုတွေလုပ်နိုင်ဖို့ အားပေးဆောင်ရွက်လာသလို တဖက်မှာ အမေရိကန်စီးပွားရေးလုပ်ငန်းတွေအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ ပါဝင်ပတ်သက်မှုမရှိဖို့၊ မြန်မာစစ်တပ်နဲ့ ဆက်စပ်ဆောင်ရွက်မှုမလုပ်ဖို့ တင်းတင်းကြပ်ကြပ် တားမြစ်ချက်တွေတော့ ချမှတ်ထားပါတယ်။
အမေရိကန်ကုန်သွယ်ရေးဝန်ကြီးဌာနဝဘ်ဆိုဒ်မှာ Penny Pritzker အကြောင်း ဖတ်ရှုနိုင်ပါသည်။
XS
SM
MD
LG