အာရှပစိဖိတ်ဒေသရဲ့ အကြီးဆုံး လေ့ကျင့်စစ်ဆင်ရေးဖြစ်တဲ့ အမေရိကန်နဲ့ထိုင်း ပူးတွဲလေ့ကျင့်မယ့် Cobra Gold စစ်ရေးလေ့ကျင့်မှု အစီအစဉ်တစ်စိတ်တပိုင်းအဖြစ် ထိုင်းနိုင်ငံအရှေ့ပိုင်း Sattahip ရေတပ်စစ်အခြေစိုက်စခန်းမှာ အမေရိကန်က ဦးဆောင်တဲ့ လေ့ကျင့်စစ်ဆင်မှုတွေကို စပြီး ဆောင်ရွက်နေပြီဖြစ်ပါတယ်။
အမေရိကန်ရဲ့ မိတ်ဆွေနိုင်ငံတွေမှာ သဘာဝဘေးအန္တရာယ်နဲ့ ကြုံရတဲ့အခါ လူသားချင်းစာနာမှု အထောက်အကူတွေပေးဖို့ ဒီပူးတွဲစစ်ရေးလေ့ကျင့်မှုကို လုပ်တဲ့အကြောင်း အမေရိကန်လေ့ကျင့်ရေးတပ်ဖွဲ့တွေကို ဦးဆောင်သူတစ်ယောက်ဖြစ်တဲ့ ဗိုလ်ကြီး Hector Contreras က ပြောဆိုပါတယ်။ ဒီစစ်ဆင်ရေးမှာ အမေရိကန် တပ်ဖွဲ့တွေဘက်က အဖွဲ့ဝင် ၃၂၀ ပါဝင်ပြီး ထိုင်းနဲ့ဂျပန်နိုင်ငံဘက်ကလည်း ကယ်ဆယ်ရေးဆိုင်ရာတပ်ဖွဲ့တွေ ပါဝင်ကြပါတယ်။ ဒီစစ်ဆင်ရေးကို သဘာဝဘေးအန္တရာယ် ဖြစ်ပွားတဲ့အခါ ဒုက္ခသည်တွေနဲ့ ထိခိုက်ဒဏ်ရာရသူတွေကို ကယ်ဆယ်ဖို့ လေ့ကျင့်ဆောင်ရွက်နေကြတာဖြစ်ပါတယ်။
Cobra Gold ပူးတွဲစစ်ရေးလေ့ကျင့်မှုကို နှစ်တိူင်းပူးတွဲဆောင်ရွက်ခဲ့တာ ဆယ်စုနှစ် ၃ ခုကျော်ရှိပြီဖြစ်ပါတယ်။ ဒါပေမဲ့ မနှစ်က ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့လို့ အမေရိကန်ရဲ့ ဒဏ်ခတ်အရေးယူမှုအပြီး အမေရိကန်က မနှစ်ကလွှတ်တဲ့ တပ်ဖွဲ့ဝင်အင်အား ၄၃၀၀ ထက် လျှော့ချခဲ့ပြီး အင်အား ၃၆၀၀ ကိုပဲ စေလွတ်ပြီး ပူးတွဲ စစ်ဆင်ရေး လေ့ကျင့်ခဲ့တာဖြစ်ပါတယ်။
ဒေသတွင်းအင်အားကြီး တရုတ်နိုင်ငံနဲ့ ထိုင်း နှစ်နိုင်ငံ က်ဆံရေးနီးကပ်လာပြီး တရုတ်နိုင်ငံက ထိုင်း စစ်အစိုးရကိုထောက်ခံပြောဆိုခဲ့ပြီးတဲ့နောက် အမေရိကန်နဲ့ ခုလို ပြန်ပြီး ပူးတွဲစစ်ရေးလေ့ကျင့်မှုဖြစ်ပေါ်လာခဲ့တာပါ။ ပြီးခဲ့တဲ့နှစ်မေလက နိုင်ငံရေးမငြိမ်မသက်မှုတွေကြောင့် လူ ၃၀ကျော်သေဆုံးခဲ့ပြီးနောက်ပိုင်း နိုင်ငံတည်ငြိမ်ရေးအတွက် လို့ ဆိုပြီး ထိုင်းစစ်တပ်က အာဏာသိမ်းယူခဲ့ပါတယ်။ အဲဒီစစ်အာဏာသိမ်းမှုကြောင့် အမေရိကန်နိုင်ငံက လုံခြုံရေးဆိုင်ရာ နှစ်နိုင်ငံဆက်ဆံမှုတွေကို ဖျက်သိမ်းပြီး လုံခြုံရေးနဲ့ပတ်သက်တဲ့ ထောက်ပံ့မှု အမေရိကန်ဒေါ်လာ ၄.၇ သန်းကို ရပ်ဆိုင်းထားလိုက်ပါတယ်။