သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ခရစ္စမတ် အားလပ်ရက် ခရီးသွားသူ စံချိန်တင်နိုင်


လေယာဉ်စီး ခရီးသွားလာကြမည့် အမေရိကန် ခရီးသည်များ (AP Photo/David Zalubowski)
လေယာဉ်စီး ခရီးသွားလာကြမည့် အမေရိကန် ခရီးသည်များ (AP Photo/David Zalubowski)

အမေရိကန်ပြည်ထောင်စုမှာ ခရစ်စမတ်နဲ့ နှစ်သစ်ကူး အားလပ်ရက်ကာလအတွင်း ခရီးသွားသူ စံချိန်တင်မြင့်တက်မယ်လို့ ခရီးသွားလုပ်ငန်းတာဝန်ရှိသူတွေ ခန့်မှန်းနေပါတယ်။

ဒီကနေ့ စနေနေ့ကနေ နှစ်သစ်ကူးနေ့ကျော်တဲ့အထိ ကိုယ့်နေရပ်ကနေ အနည်းဆုံး မိုင် ၅၀ နဲ့အထက် ခရီးသွာမယ့်သူ အရေအတွက်ဟာ ၁၁၉ သန်း ကျော်မယ်လို့ ကုန်းလမ်းပို့ဆောင်ရေးနဲ့ အရေးပေါ်ဝန်ဆောင်မှုလုပ်ငန်းဖြစ်တဲ့ AAA က ခန့်မှန်းပါတယ်။ အခုနှစ် ခရစ္စမတ်နဲ့ နှစ်သစ်ကူးနေ့တွေဟာ ကြားရက်တွေမှာ ဖြစ်တာမို့ စနေ တနင်္ဂနွေ ရုံးပိတ်ရက်နဲ့ဆက်ပြီး ခရီးသွားကြသူတွေ ပိုများမယ်လို့ တွက်ဆထားကြပါတယ်။

ကိုဗစ်ကပ်ရောဂါ မဖြစ်ခင်ကထက် ခရစ္စမတ်အားလပ်ရက် ကုန်းကြောင်းကနေ ခရီးသွားသူအရေအတွက်ထက် ပိုများမယ်လို့ မျှော်လင့်ထားပါတယ်။ ခရစ္စမတ်နဲ့ နှစ်သစ်ကူး အားလပ်ရက် အိမ်နဲ့ အဝေးကို ခရီးထွက်ကြသူတွေထဲက ၉၀% က မော်တော်ကားနဲ့ သွားကြလိမ့်မယ်လို့ AAA ကုမ္ပဏီက တွက်ချက်ထားပါတယ်။

ဒီဇင်ဘာ ၂၀ ရက်ကနေ ဇန်နဝါရီ ၆ ရက်နေ့အထိ ၁၉ ရက်အတွင်း လေယာဉ်စီး ခရီးသည် ၅၄ သန်း ရှိမယ်လို့ အမေရိကန် လေကြောင်းလုပ်ငန်းများအသင်း Airlines for America ကလည်း ခန့်မှန်းထားပါတယ်။ ဒီဇင်ဘာ ၂၆ ကနေ ၂၉ ရက် အတွင်း လေယာဉ်နဲ့ ခရီးသွားသူ အများဆုံးဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်။

အားလပ်ရပ်လွန် ဇန်နဝါရီ ၂ ရက်နေ့အထိ အမေရိကန်လေဆိပ်တွေမှာ လုံခြုံရေးဂိတ်ဖြတ်တဲ့ ခရီးသည် သန်း ၄၀ လောက် ရှိမယ်လို့ လေကြောင်းခရီးသွား လုံခြုံရေးဌာန TSA ကလည်း ခန့်မှန်းထားပါတယ်။ နိုဝင်ဘာလက ကျရောက်တဲ့ ကျေးဇူးတော်နေ့ ရုံးပိတ်ရက်ကာလမှာလည်း ခရီးထွက်ကြသူ ဒီနှစ် စံချိန်တင် အများဆုံးဖြစ်တယ်လို့ TSA က ပြောကြားထားပါတယ်။

Forum

XS
SM
MD
LG