သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နိုင်ငံရေးရာလက်ထောက်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံ သွားမည်


အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး David Hale
အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး David Hale

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာ လက်ထောက်ဝန်ကြီး David Hale ဟာ ရှေ့လဆန်းမှာ မြန်မာနိုင်ငံကို သွားရောက်ပြီး နိုင်ငံရေး၊ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှု အခြေအနေတွေကို လေ့လာ အကဲခတ်ဖို့ စီစဉ်ထားပါတယ်။

မေလ ၁ ရက်နေ့ကနေ ၃ ရက်နေ့အထိ သွားရောက်မယ့် ခရီးစဉ်အတွင်း မြန်မာအစိုးရ တာဝန်ရှိသူတွေ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှာ ဖြစ်ကြောင်းလည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ထားတာပါ။ တွေ့ဆုံရာမှာ မြန်မာနိုင်ငံက ဒီမိုကရေစီ အသွင်ကူးပြောင်း ရေး၊ ပဋိပက္ခတွေ အဆုံးသတ်ရေး၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ကြိုးပမ်းမှုတွေ အောင်မြင်ရေး၊ ရခိုင်ပြည်နယ်က လူသားချင်းစာနာမှုနဲ့ လူ့အခွင့်အရေးဆိုင်ရာ အကျပ်အတည်းတွေကို ဖြေရှင်းရေး ကိစ္စတွေကို အာရုံစိုက် ဆွေးနွေးသွားမယ်လို့လည်း ဖော်ပြထားပါတယ်။

ဝန်ကြီး Hale ရဲ့ အာရှခရီးစဉ်အဖြစ် မြန်မာနိုင်ငံအပြင် ထိုင်း၊ အင်ဒိုနီးရှား၊ ဂျပန်နိုင်ငံတွေကိုလည်း သွားရောက် မှာပါ။ ခရီးစဉ်အစအဖြစ် ရှေ့သီတင်းပတ်မှာ အင်ဒိုနီးရှားနိုင်ငံကို သွားတဲ့ အခါမှာတော့ အစိုးရတာဝန်ရှိသူတွေ အရပ်ဖက် အဖွဲ့အစည်းတွေ၊ လူငယ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံအပြီး ထိုင်းနိုင်ငံခရီးစဉ်မှာတော့ ၂ နိုင်ငံ ဆက်ဆံရေး၊ ဒေသတွင်းနဲ့ အာဆီယံအသင်းနဲ့ ဆက်ဆံရေး ကိစ္စတွေကို ဆွေးနွေးဖို့ ရှိသလို၊ ခရီးစဉ်နောက်ဆုံးအဖြစ် ဂျပန်နိုင်ငံကို သွားတဲ့ အခါမှာတော့ ဂျပန်အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး၊ အမေရိကန်-ဂျပန် မဟာမိတ်ဆက်ဆံရေး၊ အပြန်အလှန် အကျိုးစီးပွားဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးသွားမယ်လို့လည်း နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG