သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည်အရေး ရေရှည်အဖြေရှာဖို့ ကန်တိုက်တွန်း


ကပ္ပလီပင်လယ်နဲ့ ဘင်္ဂလားပင်လယ်အော်မှာမျောနေတဲ့ စက်လှေတွေနဲ့လိုက်ပါလာတဲ့ လှေစီးပြေးဒုက္ခသည်တွေအတွက် ဘေးအန္တရာယ်လုံခြုံရေးဟာ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ဦးစားပေးလုပ်ဆောင်ရမယ့် တာဝန်ဖြစ်ကြောင်းနဲ့ အမေရိကန်ပြည်ထောင်စုက လိုအပ်တဲ့အကူအညီတွေပေးဖို့ အဆင်သင့် ရှိကြောင်းကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီကနေ့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အကြောင်းစုံကို ဒေါ်လှလှသန်းက တင်ပြပေးထားပါတယ်။

ကပ္ပလီနဲ့ ဘင်္ဂလားပင်လယ်အော်မှာ လူမှောင်ခိုကူးသူတွေ စွန့်ပစ်ခဲ့ကြတဲ့စက်လှေတွေမှာ လိုက်ပါခဲ့ကြတဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံက ဘင်္ဂါလီလှေစီးပြေး ဒုက္ခသည်တွေကို ကယ်တင်နိုင်ရေးအတွက် နိုင်ငံတကာရဲ့တိုက်တွန်းမှုတွေ တိုးလာချိန်မှာ မြန်မာရေတပ်က ဟိုင်းကြီးကျွန်း အနီး သမီးလှကျွန်းကမ်းလွန်ပိုင်းမှာ ကယ်တင်နိုင်ခဲ့တဲ့စက်လှေပေါ်မှာ လိုက်ပါလာတဲ့လူ ၇၀၀ တို့ကို လူသားချင်းစာနာမှု အထောက်အကူပေးဖို့ အမေရိကန်နိုင်ငံခြားရေးဌာနက တိုက်တွန်းလိုက်ပါတယ်။

ပြောခွင့်ရပုဂ္ဂိုလ် Marie Harf က တနင်္လာနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ

“အခြေချပြောင်းရွှေ့ကြသူ ၇၂၇ ဦးတို့ကို မေလ ၂၉ ရက်နေ့က ကယ်ဆယ်နိုင်ခဲ့ပြီး သူတို့ကို လောလောဆယ် မြန်မာကမ်းလွန်ပိုင်းမှာ ထိန်းသိမ်း ထားပါတယ်။ ဒီလူ ၇၂၇ ဦးကို အကာအကွယ်ပေးနိုင်ဖို့ ချက်ခြင်းကမ်းဆင်းခွင့်ပြုပြီး လူသားချင်းစာနာမှု အထောက်အကူပေးဖို့ အတွက် မြန်မာအစိုးရ အနေနဲ့ ကုလသမဂ္ဂအပြင် IOM နဲ့ပူးပေါင်းဆောင်ရွက်ဖို့ အမေရိကန်ပြည်ထောင်စုက တိုက်တွန်းပါတယ်။ ဒီ အခြေချပြောင်းရွှေ့သူတွေရဲ့ ဘေး အန္တရာယ် လုံခြုံရေးဟာ နိုင်ငံတကာ လူ့အဖွဲ့အစည်းရဲ့ထိပ်တန်းဦးစားပေးရမယ့်အချက် ဖြစ်ပြီး အမေရိကန်ပြည်ထောင်စုအနေနဲ့လည်း အထောက်အကူပေးဖို့ အဆင်သင့်ရှိပါတယ်”- လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရအမျိုးသမီး Marie Harfက ပြောသွားတာ ဖြစ်ပါတယ်။

ဒါ့အပြင် မောင်းတောအနီးမှာ စောစောပိုင်းက လှေစီးပြေးဒုက္ခသည်တွေကိုကယ်ဆယ်နိုင်ခဲ့တာနဲ့ ပတ်သက်ပြီးတော့လည်း -

“မေလ ၂၂ ရက်မှာ ရခိုင်ကမ်းလွန်ပိုင်းမှာမျောနေတဲ့ ၂၀၈ ဦးတို့ကို မြန်မာရေတပ်က ကယ်တင်နိုင်ခဲ့တာကိုလည်း အမေရိကန်က ကြိုဆိုပါတယ်။ ဒါ့အပြင် လူသားချင်းစာနာမှု ရှုဒေါင့်ကနေ ကြည့်ရင် အခြေအနေသိပ်ဆိုးနေတဲ့ ဒီလူတွေကို အကာအကွယ်ပေးနိုင်ဖို့ ဒေသတွင်းရှိ နိုင်ငံတိုင်းက အရေးယူ ဆောင်ရွက်ကြဖို့ကိုလည်း အမေရိကန်ပြည်ထောင်စုက တိုက်တွန်းပါတယ်” - လို့ Marie Harf က ပြောသွားတာဖြစ်ပါတယ်။

တချိန်တည်းမှာပဲ ဇွန်လ ၁ ရက်နေ့က အိမ်ဖြူတော်မှာကျင်းပခဲ့တဲ့ YSEALI ခေါ် အရှေ့တောင် အာရှလူငယ်များ ခေါင်းဆောင်မှု ရှေ့ရှုဆောင်ရွက်ရေး အစီအစဉ်နဲ့ ရောက်လာတဲ့အာဆီယံ ဆယ်နိုင်ငံက လူငယ်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံရာမှာလည်း ဒေသတွင်း လူကုန်ကူးမှုပြဿနာနဲ့ ပတ်သက်လို့ သမ္မတအိုဘားမားက ပြောကြားရာမှာ - မြန်မာနိုင်ငံမှာရိုဟင်ဂျာတွေအပေါ် ခွဲခြားဆက်ဆံမှုကို ဝေဖန်ပြောဆိုခဲ့ပြီး အခုလို လှေစီးပြေးဒုက္ခသည်တွေ အရေးကို ဒေသတွင်း အစိုးရတွေနဲ့ အကူအညီပေးကြဖို့နဲ့ အမေရိကန်ပြည်ထောင်စုအနေနဲ့လည်း တချို့ လှေစီးပြေး ဒုက္ခသည်တွေကို ပြန်လည်အခြေချဖို့ ကူညီဆောင်ရွက်မှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

“ထောင်နဲ့ချီပြီးှရှိတဲ့ အိုးအိမ်မဲ့ဖြစ်နေကြသူတွေကို ကယ်တင်ပေးထားတဲ့ အင်ဒိုနီးရှားနဲ့မလေးရှားနိုင်ငံတို့ကို ကျနော် ချီးကျူးပါတယ်။ အမေရိကန် ပြည်ထောင်စုအနေနဲ့ ဒုက္ခသည်တွေကို ပြန်လည်အခြေချခွင့် ပေးရေးအတွက် ကျနော်တို့ဘက်က လက်ခံဖို့ရှိပါတယ်။ လွန်ခဲ့တဲ့နှစ်တွေအတွင်းကလည်း အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေအပါအဝင် တိုင်းရင်းသားလူနည်းစုတွေကို အကာအကွယ်ပေးရေး အတွက် ဒေါ်လာ သိန်းနဲ့ချီပြီးတော့ အထောက်အကူပေးခဲ့ပြီးလည်း ဖြစ်ပါတယ်။”

ဒါ့အပြင် လှေစီးပြေး ဒုက္ခသည်တွေအရေး ကူညီဆောင်ရွက်ဖို့ မလေးရှားနိုင်ငံမှာ သုံးရက်ကြာရောက်ရှိနေတဲ့ လူဦးရေပြောင်းရွှေ့နေထိုင်မှုနဲ့ ဒုက္ခသည်များ ဆိုင်ရာ အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး အဲန်း၊ ရစ်ချတ်က မလေးရှားနဲ့ အင်ဒိုနီးရှားတို့မှာ လောလောဆယ် လှေစီးပြေးဒုက္ခသည်တွေကို တနှစ် ယာယီလက်ခံထားတဲ့ အစီအစဉ်နဲ့ပတ်သက်လို့ ဒီဒုက္ခသည်တွေကို ပြန်လည်အခြေချရေးအတွက် ၁၈ လကနေ ၂၄ လအထိ ကြာနိုင်တယ်လို့ ခန့်မှန်းပြောဆိုပြီး ဒုက္ခသည်လူနည်းစုကိုတော့ အမေရိကန်ပြည်ထောင်စုမှာ ပြန်လည်အခြေချခွင့်ပြုဖို့ရှိတယ်လို့ ပြောပါတယ်။ ဒါပေမယ့်လို့လည်း အခုလို လက်ခံရာမှာ အဓိက နှိပ်စက်ညှင်းပမ်းခံရသူတွေ၊ မုဆိုးမတွေ၊ မိဘမဲ့တွေနဲ့ ကျန်းမာရေးပြုစုစောင့်ရှောက်မှု လိုအပ်သူတွေကို ဦးစားပေးတဲ့မူအားဖြင့် လက်ခံမှာဖြစ်တဲ့အကြောင်းနဲ့ ဒီနည်းဟာ ပြဿနာကို ဖြေရှင်းပေးနိုင်မယ့် အကောင်းဆုံးအဖြေမဟုတ်တဲ့အကြောင်း အခုလို ပြန်လည်အခြေချခွင့်ကိုသာ ခွင့်ပြုမယ်ဆိုရင် နောက်ထပ်ထွက်လာကြမယ့်သူတွေကို အားပေးရာရောက်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဒုက္ခသည်တွေအရေး ဖြေရှင်းရာမှာ နိုင်ငံသားခံယူခွင့်ပေးခြင်းနဲ့ ခွဲခြားဆက်ဆံမှု ပပျောက်ရေးကို ဆောင်ရွက်ပေးဖို့ အရေးကြီးတဲ့အကြောင်း အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး အဲန်း ရစ်ချတ်က တိုက်တွန်းခဲ့ပါတယ်ရှင်။

XS
SM
MD
LG