သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၅ ရွေးကောက်ပွဲရလဒ် လူထုဆန္ဒ ထင်ဟပ်ဖို့ အမေရိကန်တိုက်တွန်း


မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell (ဓာတ်ပုံ-ဗွီအိုအေ)
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell (ဓာတ်ပုံ-ဗွီအိုအေ)

မြန်မာနိုင်ငံမှာ နိုဝင်ဘာလ (၈) ရက်နေ့ ကျင်းပမယ့်ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုရှိရုံသာမက၊ ပွင့်လင်းမြင်သာပြီး အုပ်စု အားလုံး ပါဝင်နိုင်ဖို့၊ ယုံကြည်စိတ်ချရဖို့လိုတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell ကပြောလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမှာ နှစ်ရက်ကြာ ကျင်းပနေတဲ့ “ဒေသတွင်း နိုင်ငံတွေရဲ့ မြန်မာနိုင်ငံအပေါ် သုံးသပ်ချက်အမြင်” ခေါင်းစဉ်ပေးထားတဲ့ မြန်မာ့အရေး ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ အမေရိကန်သံအမတ်ကြီးက အခုလို ဗွီအိုအေကိုပြောဆိုခဲ့တာဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲကို တက်ရောက် သတင်းယူခဲ့တဲ့ မအင်ကြင်းနိုင်က အသေးစိတ်ကို တင်ပြပေးထားပါတယ်။

အခုကျင်းပနေတဲ့ မြန်မာ့အရေးဆွေးနွေးပွဲမှာ နိုင်ငံအတွင်းဖြစ်ပေါ်နေတဲ့တိုးတက်ပြောင်းလဲမှုတွေ၊ နောက် ဆုတ်ယုတ်မှုတွေကို တက်ရောက်လာတဲ့ အမေရိကန်လွှတ်တော်က တာဝန်ရှိသူတွေ၊ နောက်ဒေသတွင်းက မြန်မာ့အရေးကျွမ်းကျင်တဲ့ ပညာရှင်တွေကနေ ဆွေးနွေးတင်ပြနေကြတာဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာ မကြာခင်ကျင်းပတော့မယ့် နိုဝင်ဘာလရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ မြန်မာနိုင်ငံဟာ ဘယ်လမ်းကြောင်းကို သွားမလဲဆိုတာကို မေးခွန်းထုတ် ဆွေးနွေးခဲ့ကြတာကို တွေ့ရပါတယ်။

မြန်မာ့အရေးဆွေးနွေးပွဲကိုတက်ရောက်လာတဲ့ မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီး Derek Mitchell က နိုဝင်ဘာရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရားမျှတမှုရှိရုံသာမဟုတ်ဘဲ ပွင့်လင်းမြင်သာပြီး အားလုံးပါဝင်နိုင်ဖို့နဲ့ ယုံကြည်စိတ်ချရဖို့ လိုတယ်ဆိုတာ မြန်မာအစိုးရကို အမေရိကန်ဘက်က ရှင်းရှင်းလင်းလင်းပြောဆိုထားတယ်လို့ ဗွီအိုအေနဲ့သီးသန့်မေးမြန်းခန်းမှာ အခုလို ပြောသွားပါတယ်။

“ရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတော့ တရားမျှတရုံသာမက ထင်သာမြင်သာရှိပြီး အုပ်စုအားလုံးတို့ ပါဝင်ခွင့်ရကြတဲ့အပြင် ယုံကြည်ကိုးစားမှု ရှိဖို့လိုအပ်တယ်ဆိုတာကို ကျနော်တို့ ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။ ထင်သာမြင်သာရှိဖို့ ဆိုတဲ့နေရာမှာ ဆုံးဖြတ်ချက်တွေကို ချမှတ်တဲ့နေရာမှာ အကျိုးနဲ့အကြောင်းနဲ့ ရှင်းပြနိုင်ဖို့ပါပဲ၊ ကျနော်တို့အစိုးရိမ်ဆုံးအချက်က အခုလို ကိုယ်စားလှယ်လောင်း လျှောက်ထားသူတချို့ကို ဘာကြောင့်ပယ်ချတယ်ဆိုတာ လူသိရှင်ကြား ရှင်းပြပေးဖို့ပါပဲ။ အခုလို ပယ်ချခံရတဲ့ ပုဂ္ဂိုလ်တချို့က ကျနော်တို့ဆီကိုလာပြီးတော့ သူတို့ ကိုယ်စားလှယ်လောင်းအရည်အချင်း သတ်မှတ်ချက်တွေနဲ့ကိုက်ညီတယ်ဆိုတာကို သက်သေ အထောက်အထားတွေနဲ့ ပြောပြကြတာတွေ ရှိပါတယ်။ ကျနော်တို့ တိုက်တွန်းချင်တာကလည်း ရှင်းလင်းဖို့၊ မျှမျှတတဖြစ်ဖို့၊ ထင်သာမြင်သာရှိဖို့ပါပဲ။ ဘယ်လို အခြေခံအကြောင်းတွေပေါ် မူတည်ပြီးတော့ တချို့ကိုပြန်ပြီးတော့ လက်ခံခဲ့တယ်၊ တချို့ကို ပြန်ပြီးတော့ လက်မခံခဲ့ဘူးဆိုတာ ကိုပေါ့။”

မေး။ ။ တကယ်လို့များ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကအပြတ်အသတ်အနိုင်ရခဲ့လို့ အာဏာလွဲှပြောင်းမပေးခဲ့ဘူးဆိုရင် အမေရိကန် ပြည်ထောင်စုအနေနဲ့ မြန်မာ့အရေးကို ဘယ်လိုဆက်ပြီးပါဝင်ကူညီမလဲဆိုတဲ့ အစီအစဉ်မျိုးရှိပါသလားရှင့်။

“မြန်မာအစိုးရကရော၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကရော၊ သမ္မတကရော ရွေးကောက်ပွဲရလဒ်တွေကို လေးစားလိုက်နာမယ်လို့ ပြောခဲ့ပါတယ်။ သူတို့ကတိတည်လိမ့်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ ဒါ့အပြင် အစိုးရက ရွေးကောက်ပွဲ စောင့်ကြည့်ရေးပုဂ္ဂိုလ်တွေနဲ့ နိုင်ငံတကာ NGO အဖွဲ့အစည်းတွေကို ရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ ပြီးတော့ အောက်ခြေ လူ့အဖွဲ့အစည်းတွေကို ပညာပေးလုပ်ငန်းတွေ လုပ်ဆောင်ခွင့် ပေးခဲ့ပြီးတော့ လူထုဆန္ဒကိုထင်ဟပ်စေမယ့်၊ လူထုကလက်ခံနိုင်မယ့်ရွေးကောက်ပွဲဖြစ်ပေါ်လာရေးအတွက် တခါးဖွင့်ပေးခဲ့တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ကျနော်တို့ဘက်ကတော့ ဖြစ်ပေါ်လာတဲ့စိုးရိမ်မကင်းဖြစ်မှုတွေကို ပွင့်ပွင့်လင်းလင်း တင်ပြသွားမှာဖြစ်ပါတယ်။ ကျနော်တို့ဘက်က အလေးအထားဆုံးကတော့ ရွေးကောက်ပွဲအပေါ် ပြည်သူလူထုရဲ့သဘောထားအမြင်ဖြစ်ပြီး ပိုမိုတည်ငြိမ်တဲ့နိုင်ငံကို ဦးတည်စေမယ့် ရွေးကောက်ပွဲမျိုး ဖြစ်သင့်ပါတယ်။”

ဆွေးနွေးပွဲကိုတက်ရောက်လာတဲ့ အမေရိကန်လွှတ်တော်က တာဝန်ရှိသူတွေကလည်း ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် လွှတ်တော် ကိုယ်စားလှယ်လောင်းတွေကို စိစစ်ရာမှာ လူမျိုးရေး၊ ဘာသာရေးအပေါ်ခွဲခြားမှုတွေရှိနေပြီး၊ လူနည်းစုတွေအနေနဲ့ မဲပေးခွင့်မရတဲ့အခြေအနေကို အထူးပဲစိုးရိမ်မကင်းဖြစ်မိကြောင်း ထုတ်ဖေါ်ပြောဆိုခဲ့ကြပါတယ်။ ဒါအပြင် ကျန်နေသေးတဲ့ မြန်မာအပေါ်ပိတ်ဆိုဒဏ်ခတ်မှုတွေကို အမေရိကန် လွှတ်တော်က ဆက်လက်ထားရှိမှာဖြစ်ပြီး ရွေးကောက်ပွဲကနေ ပြောင်းလဲတိုးတက်မှုတွေဖြစ်မလာခဲ့ဘူးဆိုရင် ပိတ်ဆို့ဒဏ်ခတ်အရေးယူမှုတွေ ပြန်ပြီးချမှတ်မှာဖြစ်တယ်လို့ အောက်လွှတ်တော်ရဲ့ အဆင့်မြင့်တာဝန်ရှိသူတဦးက ပြောသွားပါတယ်။ဒီပြောဆိုချက်တွေနဲ့ပတ်သက်ပြီး ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ ရန်ကုန်တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးဘာသာဌာနမှူး ဒေါက်တာချောချောစိန်က ဗွီအိုအေကို အခုလို တုံ့ပြန်ပြောဆိုပါတယ်။

“ဆရာမအနေနဲ့ကတော့ ကိုယ့်နိုင်ငံသူ၊ နိုင်ငံသားဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ သူတို့စိုးရိမ်သလောက်တော့ ဆရာမတို့ စိုးရိမ်စရာလို့ မမြင်ပါဘူး။ ဘာကြောင့် မမြင်လဲဆိုလို့ရှိရင်ကတော့ ဒီ Election က လုပ်တောင် မလုပ်ရသေးဘူးပေါ့နော်၊ unfair ဖြစ်မယ်လို့ ပြောနေကြတာတွေလည်းရှိတယ်။ Free and fair ဖြစ်ဖို့ အဓိက တာဝန်အကျဆုံးကတော့ UEC လို့ ပြောကြတာပေါ့နော်။ Union Election Commission ကလည်း ဘယ်သူတွေနဲ့တွဲလုပ်နေလဲဆိုတော့ အခု ဒီ အမေရိကန်အခြေစိုက် Carter Canter နဲ့ဆိုလို့ရှိရင်လည်း International Observers တွေ စေလွှတ်ပြီးတော့ လုပ်ဆောင်မယ့်အနေအထားမျိုးတွေ ရှိနေတယ်ဆိုတော့ ဆရာမအနေနဲ့ကတော့ အများလက်ခံနိုင်မယ့် အနေအထားမျိုးဖြစ်တဲ့ ရွေးကောက်ပွဲရလဒ်တော့ ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ”

သူကိုယ်တိုင်လည်း အာရှပစိတ်ဖိတ်ဒေသတွင်း မြန်မာနိုင်ငံရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်ပြီးဆွေးနွေးတင်ပြခဲ့ပါတယ်။ ဒေါက်တာချောချောစိန်နဲ့အတူ မြန်မာ့စီးပွားရေးပညာရှင် ဒေါက်တာဇော်ဦးနဲ့ ဗဟုတိုးတက်ရေးအဖွဲ့က အဆင့်မြင့်သုတေသနမှူး ကိုဝင်းမင်းတို့ကလည်း လက်ရှိမြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ အခြေအနေတွေကို သုံးသပ်တင်ပြခဲ့ကြပါတယ်။

အင်္ဂါနေ့ဆွေးနွေးပွဲမှာတော့ တရုတ်၊ အန္ဒိယ၊ ဂျပန်အပါအဝင် အာရှပစိဖိတ်ဒေသတွင်းနိုင်ငံတွေက မြန်မာ့အရေးကျွမ်းကျင်တဲ့ပညာရှင်တွေကနေ မြန်မာနိုင်ငံအပေါ် သုံးသပ်ချက်အမြင်တွေကို ဆက်လက်ဆွေးနွေးတင်ပြကြမှာဖြစ်ပါတယ်။ဒီ မြန်မာ့အရေး ဆွေးနွေးပွဲကို Johns Hopkins တက္ကသိုလ်နဲ့အတူ ဝါရှင်တန်အခြေစိုက် East- West center, US- Korea Institute တို့ကပူးတွဲပြီးစီစဉ်ခဲ့ကြတာဖြစ်ပါတယ်။

XS
SM
MD
LG