သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်မှာ ပျောက်နေတဲ့ အမေရိကန် CIA အတွက် ထောက်လှမ်းဟုဆို


အီရန်မှာပျောက်နေတဲ့ Robert Levinson
အီရန်မှာပျောက်နေတဲ့ Robert Levinson
လွန်ခဲ့တဲ့ ၇ နှစ်နီးပါးက အီရန်နိုင်ငံမှာ ထူးထူးခြားခြား ပျောက်သွားခဲ့တဲ့ အမေရိကန်အမျိုးသားဟာ အမေရိကန်ဗဟိုထောက်လှမ်းရေး အေဂျင်စီ CIA အတွက် လျှို့ဝှက်ထောက်လှမ်းရေး လုပ်ငန်းတွေကို လုပ်ဆောင်ခဲ့တယ်လို့ အမေရိကန် သတင်းဌာန နှစ်ခုက သတင်းထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံရပ်ခြားလုပ်ငန်းခွင်တွေမှာ ပါဝင်လုပ်ကိုင်ခွင့်မရှိတဲ့ စီအိုင်အေက သုံးသပ်သူ ပညာရှင်တွေ အတွက် အငြိမ်းစား FBI ဝန်ထမ်းတဦးဖြစ်တဲ့ Robert Levinson က ထောက်လှမ်းရေး အချက်အလက်တွေကို ရှာဖွေစုဆောင်းပေးခဲ့တယ်လို့ အေပီ နဲ့ ဝါရှင်တန်ပို့စ် သတင်းစာတွေက ဖော်ပြခဲ့တာပါ။

၂၀၀၇ ခုနှစ် မတ်လတုန်းက အီရန်နိုင်ငံက Kish ကျွန်းကို အလည်သွားတုန်း Levinson ပျောက်သွားခဲ့တာပါ။ အဲဒီခရီးဟာ သူ့မိသားစုနဲ့ အမေရိကန်အစိုးရ အရာရှိတွေက သူ့ကိုယ်ပိုင် လုပ်ငန်းခရီးစဉ်တခုနဲ့ သွားခဲ့တဲ့ ခရီးလို့ပြောခဲ့တာပါ။ မစ္စတာ Levinson ဘယ်မှာ ရှိနေလဲ ဆိုတာနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက အမေရိကန် သမ္မတ ဘရက်အိုဘားမားနဲ့ အီရန်သမ္မတ Hassan Rouhani တို့ ၁၅ မိနစ်ကြာ ဖုန်းနဲ့ စကားပြောစဉ်အတွင်း သမ္မတ အိုဘားမားက မေးမြန်းခဲ့တဲ့အကြောင်း အိမ်ဖြူတော်က သောကြာနေ့က ထုတ်ဖော်ပြောဆိုပါတယ်။

ဒါပေမဲ့ အိမ်ဖြူတော် ပြောခွင့်ရသူ Jay Carney ကတော့ အမေရိကန်ဘက်က နောက်ဆုံးရခဲ့တဲ့ သတင်းဟာ မစ္စတာ Levinson အနောက်တောင်အာရှက တနေရာမှာ ရှိနေတယ်လို့ ဆိုတဲ့ ၂၀၁၁ ခုနှစ်က အစီရင်ခံစာ ဖြစ်တယ်လို့ ပြောပါတယ်။ သူ ပျောက်သွားတဲ့အချိန်မှာ မစ္စတာ Levinson ဟာ အမေရိကန်အစိုးရ ဝန်ထမ်းတဦး မဟုတ်ဘူးလို့ ဆိုပြီး၊ မစ္စတာ Levinson စီအိုင်အေ အတွက် အလုပ်လုပ်နေတာ ဟုတ်မဟုတ် ဆိုတာ အပါအဝင်၊ အသေးစိတ် သတင်းအချက်အလက်တွေနဲ့ ပတ်သက်လို့ မှတ်ချက်ပေးဖို့ကိုတော့ ပြောခွင့်ရသူက ငြင်းဆန်ခဲ့ပါတယ်။

အေပီနဲ့ ဝါရှင်တန်ပို့စ် သတင်းဌာနတွေကတော့ - မစ္စတာ Levinson ဟာ ၁၉၈၀ ခုနှစ်က အမေရိကန်ပြည်ထောင်စုမှာ အီရန်သံတမန်တဦး အသတ်ခံခဲ့ရတဲ့ကိစ္စနဲ့ပတ်သက်ပြီး အလိုရှိနေတဲ့၊ အီရန်ခေါင်းဆောင်တွေနဲ့လည်း နီးစပ်တဲ့ Dawud Salahuddin ထံကနေ ထောက်လှမ်းရေး အချက်အလက်တွေ ရယူဖို့ အီရန်ကို သွားခဲ့တာလို့ ဖော်ပြထားတာဖြစ်ပါတယ်။
XS
SM
MD
LG